Kachinnews
မြစ်ကြီးနား-ဗန်းမော်လမ်း အရှေ့ဘက် Nhkram Bum တောင်မှာ နှစ်ရက်ကြာ ကချင် လွတ်လပ်ရေး တပ်မတော် KIA လှုပ်ရှားတပ်ဖွဲ့ တပ်ရင်း DND ၂၅၂ နှင့်ဖြစ်ပွားသည့် တိုက်ပွဲတွင် မြန်မာ စစ်သား စုစုပေါင်း သေဆုံး ထိခိုက်မှု ၈၀ ခန့် ရှိမည်ဟု KIA က ဆိုပါသည်။
၎င်းတောင်တွင် စက်တင်ဘာ ၁၆၊ ၁၇ နှစ်ရက် ပြင်းပြင်းထန်ထန် ဖြစ်ပွားသော တိုက်ပွဲတွင် အစိုးရ စစ်သား ၃၀ ကျော် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာ ရရှိကြောင်း KIA ရှေ့တန်းမှ ဆိုပါသည်။
KIA ဘက်မှာ စစ်သား နှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိသည်ဟု ဆိုပါသည်။
ယခုလို အစိုးရစစ်သား အများအပြား ထိခိုက် သေဆုံးမှုနှင့် တိုက်ပွဲ သတင်းများကို နိုင်ငံတော် အစိုးရနှင့် တပ်မတော် အာဘော် သတင်းမီဒီယာများတွင် ရေးသား ဖော်ပြခြင်း မရှိပါဘူး။
ဝိုင်းမော်မြို့နယ် Dabak Hka ချောင်းဖျား Nhkram Bum တောင်ပေါ်ရှိ စစ်ရေး မဟာဗျူဟာအရ အရေးပါသော KIA DND ၂၅၂ ၏ Gideon Post စခန်းကို တပ်မတော် စစ်ကြောင်းများ ပြီးခဲ့သည့် သြဂုတ်လမှ ထိုးစစ်ဆင် တိုက်ခိုက် နေခြင်းဖြစ်သည်။
သြဂုတ် ၂၃ ရက်မှာလည်း တပ်မတော် တိုက်ခိုက်ရေး ရဟတ်ယာဉ် ရုရှားလုပ် Mi-35 နှစ်စင်းဖြင့် Nhkram Bum မှ KIA တပ်များကို တိုက်ခိုက်ခဲ့သည်။
သို့သော်လည်း ယခုချိန်ထိ Gideon Post ကို အစိုးရတပ်မှ သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ မြစ်ကြီးနား-ဗန်းမော်လမ်း ဘက်မှ စစ်ကူများ ယင်းနေရာဘက်ကို တက်လာနေကြောင်း ဒေသခံများမှ သိရပါသည်။

No comments:
Post a Comment