Thursday, September 22, 2016

NLD အစိုးရသစ် ၂၀၀၈ ဖွဲ့စည်းပုံကို လိုရာစွဲ အသုံးပြုနေဟု တပ်မတော် ဝေဖန်

ထက်နိုင်ဇော်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရသစ်သည် လွှတ်တော်တွင် ဥပဒေအသစ်များ ပြဋ္ဌာန်းခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင် ရွက်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုရာစွဲ၍ အသုံးပြုလျက် ရှိကြောင်း ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး မြင့်မောင်က ဝေဖန်လိုက်သည်။

ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေး ရေး ဆိုင်ရာ ဥပဒေကြမ်း”ကို ၀င်ရောက်ဆွေးနွေးစဉ် ဗိုလ်မှူးမြင့်မောင်က အထက်ပါအတိုင်း မှတ်ချက်ပြု ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယအကြိမ် လွှတ်တော် သက်တမ်းကာလတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံဆိုင်ရာ ပုဂ္ဂိုလ် ဥပဒေ၊ နိုင်ငံတော်မှ နှောင့်ယှက်ဖျက်စီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ၊ လွှတ်တော် ၂ ရပ်တွင် ဆွေးနွေးဆဲ ဖြစ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင် သည့် ဥပဒေကြမ်းများကို ပြဌာန်းခြင်း၊ ရုတ်သိမ်းခြင်းများ ပြုလုပ်ရာတွင် ဥပဒေပြုရေး တာဝန်ရှိသူများသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လွဲရာဆွဲ အသုံးပြုခဲ့သည်ဟု တပ်မတော်က ပြောသည်။

အထက်ပါ ဥပဒေကြမ်းများကို လွှတ်တော် အသီးသီးက အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်းများ ပြုရာတွင် တပ်မတော်က ဝေဖန်ဆွေးနွေး ခဲ့သော်လည်း NLD လွှမ်းမိုးထားသည့် လွှတ်တော်က အတည်ပြု ပြင်ဆင်ခဲ့သည်။

ဗိုလ်မှူးမြင့်မောင်က“အရေးပေါ် စီမံမှု အက်ဥပဒေကို ရုတ်သိမ်းသည့် ဥပဒေကြမ်းကို လေ့လာပါက ဥပဒေပြုရေး တာဝန်ယူထားကြတဲ့ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များကို လိုရာဆွဲကာ အသုံးပြုနေ တာကို တွေ့ရှိရပါတယ်”ဟု လွှတ်တော်တွင် ပြောကြားသည်။

ပြဋ္ဌာန်းပြီးသည့် ဥပဒေတခုကို ထိရောက်စွာ အသုံးမချနိုင်မီ မကြာခဏ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများလည်း မပြုသင့်ကြောင်း၊ သေသေချာချာ လေ့လာသုံးသပ်ကာ ဘက်ပေါင်းစုံမှ ရေးဆွဲအတည်ပြုပြီး အကျိုးစီးပွားခိုင်မာသည့် ဥပဒေတရပ် ဖြစ်နေပါလျက် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားနဲ့ လုံခြုံရေးကို ထိခိုက်အားနည်းစေမည့် အချက်များဖြင့် အဆောတလျင် ရုပ်သိမ်းခြင်းနှင့် ပြဋ္ဌာန်းခြင်း များကို မပြုသင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်က ပြောသည်။

ဥပမာအားဖြင့် လွှတ်တော်တွင် အရေးပေါ် စီမံမှု အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ဆွေးနွေးရာတွင် ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ရာဇသတ်ကြီး ဥပဒေနှင့် အခြား တည်ဆဲ ဥပဒေများတွင် ပါရှိပြီးဖြစ်၍ ဥပဒေတရပ်လုံးကို ပယ်ဖျက်သင့်သည်ဟု ဆုံးဖြတ်ပြီးနောက် ဥပဒေတရပ်လုံးကို ဖြုတ်ချခဲ့သော်လည်း ယနေ့ဆွေးနွေးသည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဆိုင်ရာ ဥပဒေကြမ်းတွင်မူ တည်ဆဲ ဥပဒေတရပ်ရပ်တွင် မည်သို့ပင်ဆိုစေကာမူ ယခုဥပဒေပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သမျှ ယခု ဥပဒေအရသာ အရေးယူရမည်ဟု ပြဌာန်းထားကြောင်း ဗိုလ်မှူးမြင့်မောင်က ပြောသည်။

“ဒီဥပဒေ ၂ ခုပါ ပြဋ္ဌာန်းချက်များကို လေ့လာကြည့်မည်ဆိုလျှင် ဥပဒေများကို လိုလျှင် လိုသလို အသုံးပြုနေခြင်းဟာ တရားဥပဒေ၏ ကျိုးကျောင်းဆီလျော်မှု အပေါ်မှာ ကိုယ်စားလှယ်များ သိရှိအောင် နှိုင်းယှဉ် ဆွေးနွေးရခြင်း ဖြစ်ပါတယ်”ဟု သူက ပြောသည်။

ထို့ပြင် လွှတ်တော်က ပြဋ္ဌာန်းရန် ကြိုးပမ်းနေသည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဆိုင်ရာ ဥပဒေကြမ်းသည် ရည်ရွယ်ချက်အရ လူ့အခွင့်အရေး အပြည့်အ၀ ရရှိရန် ကာကွယ်ပေးသည့်အတွက် ကောင်းမွန်သော်လည်း နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပျက်နေသည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ နောက်ခံ သမိုင်းကြောင်း၊ ပထ၀ီ အနေအထား၊ ယနေ့ ပြည်တွင်းရေး အခြေအနေများအရ လူပုဂ္ဂိုလ်လုံခြုံရေးထက် နိုင်ငံတော် လုံခြုံရေးက ပိုအရေးကြီးသည့် အနေအထား ဖြစ်သည်ကို သတိပြုသင့်ကြောင်းလည်း ဗိုလ်မှူးမြင့်မောင်က ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်ကမူ တပ်မတော်၏ ပြောဆိုချက်ကို သဘောမတူဘဲ လုံခြုံရေး တာဝန်ရှိသူများ အနေဖြင့် ပြည်သူများ ပူးပေါင်းပါဝင်မှု လိုအပ်သည်ဟု ဆိုကာ ပြည်သူလူထုကို အားကိုးမည့်အစား ၄င်းတို့၏ စွမ်းရည်ကို မြင့်တင်ရမည့်အချိန်၊ အားထုတ်ရမည့်အချိန် ရောက်ရှိနေပြီဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“လုံခြုံရေးနဲ့ လွတ်လပ်မှုဆိုတာ ခေါင်းနဲ့ ပန်းလိုပဲ။ လုံခြုံရေးဘက်ကို ဦးစားပေးရင် လွတ်လပ်မှု လျော့မယ်။ လွတ်လပ်မှုကို ဦးစားပေးရင် လုံခြုံရေး လျော့နိုင်တယ်။ အခုကျနော်တို့နိုင်ငံက အဲဒီ ၂ ခုကို ချိန်ခွင်လျှာညှိနိုင်ဖို့ ကြိုးပမ်းနေရတာ”ဟု ဦးလွင်ကိုလတ်က ပြောသည်။

ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က မြန်မာနိုင်ငံသားများ၏ လွပ်လပ်ခွင့်၊ လုံခြုံခွင့်ကို နိုင်ငံတော်က တာဝန်ခံရ မည်ဖြစ်ကြောင်း၊ နိုင်ငံတော်က တာဝန်ခံနိုင်ရန်အတွက် ယခု ဥပဒေကို ပြဋ္ဌာန်းရခြင်း ဖြစ်ကြောင်း မီဒီယာများသို့ ပြောသည်။

“အရင်က ညနေရောက်လာပြီဆိုရင် ကျနော်တို့ဘဝတွေက မလုံခြုံတော့ဘူး။ ညဆိုရင် ဘယ်သူကများ လာဖမ်းလိမ့်မလဲ ဘယ်အချိန် တံခါးလာခေါက်မလဲ၊ ဘယ်အချိန်လာဖမ်းမလဲ၊ ဒီလိုစိုးရိမ်ပူပန်ခဲ့ရတာတွေ ရှိတယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံ မဟုတ်လို့။ ဒီမိုကရေစီ နိုင်ငံဆိုရင် ကျနော်တို့ စိတ်အေးလက်အေး ခေါင်းချပြီး အိပ်နိုင်ရမယ်။ အဲလို နိုင်ငံမျိုးကို ကျနော်တို့ မျှော်မှန်းတယ်”ဟု သူက ပြောသည်။

အထက်ပါ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က တပိုဒ်ချင်းစီအလိုက် အဆင့်ဆင့် ဆွေးနွေးပြီး စက်တင်ဘာလ ၂၀ ရက်နေ့က အတည်ပြုခဲ့သည်။

No comments: