Saturday, December 3, 2016

သက်ငယ်မုဒိန်းမှုကျဆင်းရေး ရဲတပ်ဖွဲ့တစ်ခုတည်းက လုပ်၍မရဘဲ ပူးပေါင်းဆောင်ရွက်ကြရန် ဧရာဝတီတိုင်း ရဲမှူးပြော

စည်သူမောင်မောင်

သက်ငယ်မုဒိန်းမှုကျဆင်း ပပျောက်ရန် ရဲတပ်ဖွဲ့တစ်ခုတည်းက လုပ်၍ မရဘဲ ပညာပေးဆောင်ရွက်ရေး နှင့် မိဘများကိုယ်တိုင်က ပူးပေါင်းပါဝင်ရန် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းမင်းက ပြောသည်။

မိသားစုစားဝတ်နေရေးကို လုံးပန်းနေရသည့် မိဘများအနေဖြင့် ကလေးများကို အိမ်တွင် အုပ်ထိန်းသူမပါဘဲ ထားခဲ့ရခြင်း၊ အိမ်နီးနားချင်းများထံ အပ်ထားရခြင်း၊ တစ်ဦးတည်း ကျောင်းသို့ လွှတ်လိုက်ရခြင်းစသည့် အုပ်ထိန်းမှုအားနည်းခြင်းကြောင့် အပြင် ဖခင်၊ အုပ်ထိန်းသူ ကိုယ်တိုင်က အဓမ္မပြုကျင့်သည့် အမှုများပင် ရှိနေကြောင်း ၎င်းက ရှင်းပြသည်။

"ငယ်တဲ့ကလးတွေကျတော့ မိဘတွေအုပ်ထိန်းမှုအားနည်းပါတယ်။ စီးပွားရှာတဲ့အတွက် ကလေးတွေထားခဲ့တယ်။ ကျောင်းကိုလွှတ်တယ်။ တစ်ယောက်ထဲ လမ်းမှာ မတော်တရော်တွေ အခွင့်ကောင်းယူသားမယားပြုကျင့်တဲ့၊ကလေးတွေဆော့နေတဲ့အခါ လူကြီးတွေက မုန့်ပေးစည်းရုံပြီးပြုကျင့်တယ်။ အိမ်နီးနားချင်းတွေအပ်ထားတဲ့ အပေါ်မှာ ပြုကျင့်တယ်။ ဖခင် အရင်းတောင် သားသမီးအရင်းပြုကျင့်နေပြီးဆိုတော့ လူတွေ စိတ်တွေဖောက်ပြန်လို့၊ကလေးသူငယ်တွေကို ဒီလို လျစ်လျူရှုထားလို့မရဘူး" ဟု ဧရာဝတီတိုင်းဒေသကြီးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းမင်းက မဇ္ဈိမသို့ပြောသည်။

ယင်းအပြင် "သက်ငယ်မုဒိန်းမှုကျဆင်းအောင်လုပ်ဖို့ ရဲတပ်ဖွဲ့တစ်ခုထဲတင်မရဘူး ကျောင်းတွေရပ်ကွက်တွေ ပညာပေးရပါမယ်” ဟုလည်း ၎င်းက အကြံပြုသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် မုဒိန်းမှု ၁၅၂ရှိပြီး ၅၀ရာနှုန်းကျော်က သက်ငယ်မုဒိန်းမှုဖြစ်ကြောင်း သိရသည်။ သက်ငယ်မုဒိန်းမှုများတွင် အသက် ၁၄နှစ်နှင့် ၁၆နှစ်ကြား အများဆုံးဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်

No comments: