Saturday, December 3, 2016

လွှတ်တော်အမတ်(၃)ဦးကို ပါတီစည်းကမ်းဖြင့် NLD အရေးယူ၊ အရေးယူခံရမည့် အမတ်များစွာ ရှိနေဟုဆို

မင်းမင်း

ပြည်သူ့လွှတ်တော်မှ NLD အမတ်(၃)ဦးအား ပါတီက ပေးအပ်ထားသည့်တာဝန်နှင့် လွှတ်တော်ကော်မတီတွင် ပေးအပ်ထားသည့် တာဝန်များကို ရုတ်သိမ်းကာ ပါတီစည်းကမ်းအရ နိုဝင်ဘာ ၂၆ရက်တွင် အရေးယူလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ နိုဝင်ဘာ ၂၅ရက် အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်သူ့လွှတ်တော်အမတ်များဖြစ်သည့် ရွှေပြည်သာမြို့နယ်အမတ် ဦးဥာဏ်လင်း၊ မြောင်းမြမြို့နယ်အမတ် ဒေါက်တာစိုးမိုးသူနှင့် မအူပင်မြို့နယ်အမတ် ဦးစိန်ဝင်းတို့ (၃)ဦးကို အရေးယူလိုက်ခြင်းဖြစ်ကြောင်း ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က မဇ္ဈိမကို ပြောသည်။

အရေးယူခံရသည့် အဆိုပါ လွှတ်တော်အမတ်(၃)ဦးသည် ပါတီတွင် ပါတီဝင်အဖြစ်သာ ဆက်ရှိနေမည်ဖြစ်ပြီး လွှတ်တော်တွင်းရှိ ကော်မတီများတွင်လည်း တာဝန်ထမ်းဆောင်ခွင့် ရှိတော့မည် မဟုတ်ဘဲ သာမန်လွှတ်တော်အမတ် အဖြစ်သာ ဆက်ရှိနေတော့မည် ဖြစ်သည်။

အဆိုပါ (၃)ဦးအပြင် ပါတီစည်းကမ်းဖောက်ဖျက်သည့် ပါတီဝင်လွှတ်တော်အမတ် များစွာရှိနေပြီး အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဦးဝင်းထိန်က ဆိုသည်။

“နောက်ထပ်ရှိသေးတယ်။ အများကြီး။ မထိခလုတ်၊ ထိခလုတ်လေးတွေ ပါတီစည်းကမ်းဖောက်တဲ့သူတွေ ရှိတယ်။ အဲ့ဒါ နောက်မှဆက်ပြီး အရေးယူမှာ။ အခုကတော့ သူတို့(၃)ယောက်ကတော့ နိုင်ငံကျော်ဖြစ်နေလို့ ချက်ချင်း အရေးယူလိုက်ရတာ” ဟု ၎င်းက ပြောသည်

No comments: