Friday, March 17, 2017

ဦးကိုနီ လုပ်ကြံမှုတွင် ပါဝင်သည့် တရားခံများကို ရုံးထုတ်စစ်ဆေးမည်

DVB


တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်တဲ့သူတွေဖြစ်တဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို ဒီကနေ့ မတ်လ ၁၇ ရက် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်မှာ ဖြစ်ပါတယ်။

ဒီအမှုတွဲမှာပါဝင်တဲ့ အောင်ဝင်းခိုင်ကတော့ တိမ်းရှောင်လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံဖို့ ငွေကျပ်သိန်း ၁၀၀၀ နဲ့ စေခိုင်းသူမှာ တပ်မတော် ဒု-ဗိုလ်မှူးကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အောင်ဝင်းခိုင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီလလယ်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

“အခုအမှုမှာ ကြည်လင်း၊ အောင်ဝင်းဇော်တို့ကို ၃၀၂/၃၄ အပြင် လက်နက်မှု ၁၉ (ဃ)၊ ၁၉(စ) တို့နဲ့ စွဲချက်တင်ထားပါတယ်။ အောင်ဝင်းထွန်းကို ထွက်ပြေးတရားခံကို အားပေးအားမြှောက် ပြုတဲ့အတွက် ၂၁၂ နဲ့ စွဲချက်တင်ထားပါတယ်။ ဇေယျာဖြိုးနဲ့ အောင်ဝင်းခိုင်တို့ကိုတော့ ၃၀၂/၃၄ နဲ့ စွဲချက်တင်ထားတယ်” လို့ ဦးကိုနီဘက်ကလိုက်မယ့် တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။

ဒီပုဒ်မတွေက အမှုအတွက် သင့်တော်တယ်၊ မသင့်တော်ဘူးဆိုတာထက် အမှုတွဲတွေကို အသေးစိတ် စိစစ်ပြီးမှ မှတ်ချက်ပေးနိုင်မယ်လို့ သူကပြောပါတယ်။ ဒီပုဒ်မတွေက စွဲချက်တင်ထားတဲ့ အချိန်မှာတင် ပြောင်းလဲသွားနိုင်တယ်လို့လည်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ အနီးကပ်လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။

No comments: