Sunday, May 3, 2009

နာဂစ်နှစ်ပတ်လည်နေ့ သေဆုံးသူများအတွက် ဧရာဝတီတိုင်း၊ ပြင်ခရိုင်တွင် အလှူဒါနပြုလုပ်

ဗထူး

ယနေ့ ကျရောက်ခဲ့ သည့် နာဂစ် နှစ်ပတ်လည် နေ့တွင် မုန်တိုင်း ကာလအတွင်း သေဆုံး သွားသူများ အတွက် ရည်စူးကာ ဧရာဝတီတိုင်း၊ ပြင်ခရိုင်ရှိ ကျေးရွာ နှစ်ရွာတွင် အလှူဒါန ပြု ဆုတောင်းပွဲ တရပ် ပြုလုပ်ခဲ့သည်။

ယနေ့ မေလ (၂) ရက်နေ့တွင် ပြင်ခရိုင်၊ မြောက်ကျောင်း ဆရာတော်ဦးစီး ကာ ဟိုင်းကြီးကျွန်း မြို့နယ်ခွဲများဖြစ်သည့် စက်ဆိပ်ကျေး ရွာနှင့် သမက်ဖြူ ကျေးရွာများတွင် အလှူဒါနပြု မေတ္တာပို့ အမျှတမ်းဝေသည့် ဆုတောင်းပွဲများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအလှူဒါနပြုခြင်းအား ရေယာဉ်ပိုင်ရှင်သုံးဦးမှ တဦးလျှင် ကျပ်ငွေငါးသိန်းစီ ကမကထပြု ထည့်ဝင်ကာ သေဆုံးသွားသူများ၏ မိသားစုဝင်များက တတ်နိုင်သမျှ ထည့်ဝင်လှူဒါန်းမှုပြုခဲ့ကြသည်။

“ဦးလှိုင်ဟုတ်၊ တက်နေမင်းထွန်း၊ တက်နေ၀င်းထွန်း ရေယာဉ်ပိုင်ရှင်တွေက ငါးသိန်းစီလှူတယ်၊ အဲဒီနှစ်နေရာလေးကိုပေါ့နော်၊ ရပ်ကွက်ကိုလှူလိုက်တဲ့အခါ ရပ်ကွက်လူကြီးတွေက တာဝန်ယူပြီး ဘုန်းကြီးတွေကိုပင့်ပြီး လှူတဲ့ အစီအစဉ်လေးလုပ်ပါတယ်၊ သေဆုံးသွားတဲ့သူတွေရဲ့ ဆွေမျိုးသားချင်းတွေရော အားလုံးစုပေါင်းပြီး လုပ်ကြတာပါ၊ အလှူရှင်တွေကတော့ မတည်ငွေပေါ့နော်၊ ကျန်တဲ့ ဆွေမျိုးညီကိုမောင်နှမတွေကလည်း စွမ်းနိုင်သလောက် ၀ိုင်းဝန်းပြီးတော့ သံဃာတွေ ကိုလှူဒါန်းပါတယ်” ဟု သမက်ဖြူကျေးရွာဆုတောင်းပွဲသို့ ရောက်ရှိနေသည့် ပြင်ခရိုင်မြောက်ကျောင်းဆရာတော်က မိန့်ဆိုသည်။

ပြီးခဲ့သည့်နှစ် မေလ (၂) ရက်နေ့က တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် စက်ဆိပ်ကျေးရွာတွင် လူဦးရေ ၈၀ ကျော်ခန့်သေဆုံးခဲ့ပြီး သမက်ဖြူကျေးရွာတွင် ၉၀ ကျော်ခန့်သေဆုံးခဲ့သည်ဟု ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

ပြီးခဲ့သည့်နှစ်က တိုက်ခတ်သွားခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ဆွေမျိုးသားချင်း ၁၇ ဦးသေဆုံးခဲ့ရသည့် သမက်ဖြူကျေးရွာသားတဦးက ယနေ့ပြုလုပ်သည့် အလှူဒါနနှင့်ပတ်သက်၍ “စိတ်ခံစားမှုပုံစံကတော့ဗျာ ဘယ်လိုခံစားနေရလဲဆိုတော့ အိမ်မက်လိုလို ခံစားပြီး လုပ်နေရပါတယ်၊ ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရတာဆိုတော့ အဖြစ်အပျက်က ဇဝေဇ၀ါလိုလို အိမ်မက်လိုလိုကို ဖြစ်နေတာပဲ၊ ကျနော်ကိုယ်နှိုက်က ကျနော်အိမ် မီးဖိုချောင်လေး ကျန်ခဲ့လို့ ကျနော်ကျန်ခဲ့ရတာပါ၊ ကျနော့်မိသားစုက မပါသွားခဲ့ဘူး၊ ကျနော့်မိန်းမဆို ကုက္ကိုပင်မှာ ကျန်ခဲ့တာ၊ ကလေးက ပုသိမ်မှာမို့ ကျန်ခဲ့တာ၊ ဒီနေ့ကောင်းမှုကုသိုလ် လုပ်လိုက်ရတဲ့အခါကျတော့ တော်တော်လေး ၀မ်းပမ်းတသာဖြစ်ရတယ်၊ ကြည်လည်းကြည်နူးမိတယ်” ဟု ပြောသည်။

အဆိုပါကျေးရွာများသည် လပွတ္တာခရိုင် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲတွင် ပါဝင်ကာ ဆားလုပ်ငန်းအား အဓိကထားလုပ်ကိုင်သည့် ကျေးရွာများဖြစ်ပြီး စစ်အစိုးရ၏ သထ္ထုတွင်းဝန်ကြီးဌာနအောက်ရှိ ဆားလုပ်ငန်းလုပ်ကွက်နေရာဖြစ်ရာ ယခုအခါ လုပ်ငန်း ၇၀ ရာနှုန်းခန့် ပြန်လည် လည်ပတ်လုပ်ကိုင်နေပြီဖြစ်သည်။

နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသည်များကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိရာ အဆိုပါဒေသနှင့်ပတ်သက်၍ ပြင်ခရိုင် မြောက်ကျောင်းဆရာတော်က “ဆောက်လုပ်ရေးကတော့ ရွှေသံလွင်ကုမ္ပဏီက တာဝန်ယူထားပါတယ်၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးကိစ္စတွေကတော့ (Safe the Children) အဖွဲ့က ပြင်ခရိုင်မှာ တာဝန်ယူပံ့ပိုးနေတဲ့အတွက်ကြောင့် အနည်းငယ်တော့ အဆင်ပြေနေပါတယ်၊ သမက်ဖြူဆိုတဲ့နေရာကတော့ သထ္ထုတွင်းဝန်ကြီးဌာနလက်အောက်က ဆားလုပ်ငန်းကပိုင်ဆိုင်တဲ့ နေရာဖြစ်နေတော့ ၀န်ကြီးဌာနပံ့ပိုးမှု ရတယ်၊ ဆားလုပ်ငန်းရှင်တွေကိုလည်း ပံ့ပိုးမှုပေးတဲ့အခါကျတော့ လုပ်ငန်းလေးတွေတော့ အပြည်အ၀မဟုတ်ပေမဲ့ (၇၀) ရာနှုန်းလောက် ပြန်လုပ်နိုင်နေပါတယ်” ဟု မိန့်သည်။

နိုင်ငံတကာအဖွဲ့အစည်းများမှ လှူဒါန်ထားသည့် တာပေါ်လင်ရွက်ဖျင်တဲအမိုးများ လွတ်သည့်နေရာ မရှိသလောက်ဖြစ်နေသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ အတိုင်းအတာတခုအထိ ပြီးဆုံးနေပြီဟု ယူဆ၍မရကြောင်း၊ ကျောင်းသားဦးရေ ၆,၀၀၀ ခန့်ရှိသည့် ပြင်ခရိုင်အထက်တန်းကျောင်းမှာလည်း ရှိသည့်ကျောင်းသားဦးရေနှင့် အဆောက်အဦးအရေအတွက် မျှတမှုမရှိဖြစ်နေသေးပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဘာကိုမျှမလုပ်ရသေးသဖြင့် ပြင်ခရိုင်အတွက် အတိုင်းအတာတခုအထိ လိုအပ်ချက်ရှိနေကြောင်း ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

ပြီးခဲ့သည့်နှစ် မေလ (၂) ရက်နေ့က မြန်မာနိုင်ငံတွင်း ၀င်ရောက်တိုက်ခတ်ခဲ့သော အင်အားပြင်းထန်သည့် နာဂစ်ဆိုက်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် လူအသေအပျောက် ၁၄၀,၀၀၀ ကျော်ရှိခဲ့ပြီး တနှစ်ပြည့်သည့်အချိန်အထိ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။

နာဂစ်တနှစ်ပြည့် ဆုတောင်းမေတ္တာပို့သမည့် အစီအစဉ်နှင့်ပတ်သက်၍ ပြင်ခရိုင်မြောက်ကျောင်းဆရာတော်က “ ပြင်ခရိုင်မြောက်ကျောင်းမှာရှိတဲ့ ဥာဏ်တော် ၅၄ ပေရှိတဲ့ ဘုရားမှာ မနေ့ကရော ဒီနေ့မနက်ရော အားလုံးစုပေါင်းပြီးတော့ ဆုတောင်းပွဲလုပ်တယ်၊ ဘုရားမှာ ဆီမီးပူဇော်တယ်၊ အမျှတမ်းဝေတယ်၊ မေတ္တာပို့တယ်၊ ဒီနေ့ညနေ ဘုန်းကြီးပြန်ရောက်တာနဲ့ ဆက်လုပ်ဖို့လည်း အစီအစဉ်ရှိတယ်၊ ပြီးခဲ့တဲ့ တန်ခူးလဆုတ် (၁၂) ရက်နေ့ကလည်း တခါ ဆုတောင်းပွဲလုပ်ခဲ့ပါတယ်” ဟု မိန့်ဆိုသွားခဲ့သည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ May,3rd,2009

( 26 )Myanmar red cross expands TB prevention program to southwest division

( 25 )Myanmar major source of arms for Assam ultras

( 24 )World's 10 worst countries for blogging

( 23 )Burma survivors mark cyclone anniversary

( 22 )သင်္ကြန် မဏ္ဍပ်များကြောင့် ပျက်စီးခဲ့သော သစ်ပင်များအတွက် စည်ပင်မှ လျော်ကြေးငွေ ကောက်ခံ

( 21 )Myanmar govt ignores cyclone anniversary

( 20 )Survivors remember Cyclone Nargis

( 19 )ASEAN appeals for more int'l assistance for Myanmar cyclone survivors

( 18 )AFC ခြေစစ်ပွဲ မြန်မာဘော်လုံအသင်း အုပ်စုဗိုလ်စွဲ

( 17 )Nargis victims lack shelters

( 16 )Cyclone Nargis survivors still need support

( 15 )မုန်တိုင်းဒေသ သတင်းမှန် စစ်အစိုးရ ဖုံးထားဆဲ

( 14 )The lessons of Cyclone Nargis

( 13 )Burma worst for blogger bans

( 12 )Myanmar marks anniversary of deadly cyclone

( 11 )အာဆီယံထိပ်သီး ဆွေးနွေးပွဲ ပြန်ဆက်ဦးမည်

( 10 )Myanmar still endures cyclone Nargis ravages

( 9 )Cyclone survivors still need support

( 8 )လုပ်ငန်းခွင်အတွင်း စက်ရုံလုပ်သား သေဆုံးမှု လျော်ကြေး မရ

( 7 )Revisiting the Irrawaddy delta

( 6 )တားမြစ် ငပိများ ဈေးကွက်အတွင်းမှ ပြန်သိမ်းရန် ခက်ခဲ

( 5 )Myanmar to host East Asia Business Council meeting in June

( 4 )Ancient wrecked vessel found in Myanmar Bago River

( 3 )မုန်တိုင်းဒဏ်ခံ အဆောက်အဦးများ မပြီးစီးနိုင်သေး

( 2 )One year on, Myanmar still endures cyclone's ravages

( 1 )Myanmar bans 101 kinds of fish paste

Saturday, May 2, 2009

နာဂစ်အလွန် ၁ နှစ်ကျော်အကြာ ဗီဒီယိုများ

မဇ္ဈိမသတင်းဌာန စနေနေ့၊ မေလ 02 2009 16:29















နာဂစ်နှစ်လည် မေးခွန်း


မင်းနိုင်သူ

မြစ်ဝကျွန်းပေါ်နေ ပြည်သူလူထု၏ အသက်အိုး အိမ်စည်း စိမ် တို့ကို နာဂစ်မုန်တိုင်း ဆွဲငင်ချေမွ သွားခဲ့သည်မှာ တနှစ်ပြည့် တော့မည်။

၂၀၀၈ ခုနှစ် မေ (၂) တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူပေါင်းတသိန်းခွဲနီးပါး သေဆုံးခဲ့ကြရပြီး လူဦးရေ (၂) သန်းကျော် အိုးအိမ်မဲ့ခဲ့ကြရသည်။

ဒေသခံ လူထု၏ ပရိယေသန ၀မ်းစာအတွက် အတူတွဲဖက် ရုန်းကန် ခဲ့ကြရသည့် ကျွဲနွား တိရိစ္ဆာန်များ သိန်းနှင့်ချီ ပျက်စီး ခဲ့ကြရကာ လယ် ယာမြေဧကများစွာလည်း ဆားငန်ရေ လွှမ်းမိုး ခြင်းခံခဲ့ ရသည်။

မြန်မာနိုင်ငံကို နာဂစ်ဝင်ရောက်မွှေနှောက်သွားပြီဆိုသော သတင်းပေါ်ထွက်လာပြီး သိပ်မကြာ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ ရောက်ရှိလာကြသည်။

သို့သော် ၎င်းတို့အနေဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံတွင်သာ သောင်တင်နေခဲ့ကြရသည်။ ကူညီကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်လာသော အမေရိကန်စစ်သင်္ဘောများသည်လည်း နိုင်ငံတကာရေပိုင်နက်အတွင်းတွင်သာ စောင့်မျှော်နေခဲ့ကြရသည်။

နိုင်ငံတကာကို သံသယမျက်လုံးဖြင့်ကြည့်ကာ မိမိတို့ အာဏာတည်မြဲရေးကိုသာ အဓိကထားသည့် နအဖစစ်အစိုးရက ၎င်းတို့ကို ပြည်ဝင်ခွင့်မပေးခဲ့။

နအဖစစ်အစိုးရထုတ် သတင်းစာများကလည်း နာဂစ်ဒဏ်ခံလူထုအား ချောင်းကြားမြောင်းကြားမှ ငါးဖားနှင့် ကန်စွန်းရွက်၊ ကနဖော့တို့ကို စားခြင်းဖြင့် အသက်ရှင်နိုင်သည့် လူမျိုးများဖြစ်ကြောင်း၊ နိုင်ငံတကာအကူအညီရမှ အသက်ရှင်နိုင်မည့်လူများ မဟုတ်ကြောင်းဖြင့် ဒေသခံလူထုကို အနုနည်းဖြင့်သတ်မည့် ဆောင်းပါးများ ရေးသားဖော်ပြခဲ့ကြသည်။

နောက်ဆုံး မေလ (၂၂) ရက်တွင် ဥရောပပါလီမန်က နအဖအနေဖြင့် နိုင်ငံတကာအကူအညီပေးရေးများကို ဆက်လက် ဟန့်တားနေပါက မြန်မာစစ်ခေါင်းဆောင်များကို သည်ဟိတ်ဒ်မြို့ရှိ နိုင်ငံတကာရာဇ၀တ်ခုံရုံးတင်ရန် တောင်းဆိုရသည်အထိ ဖြစ်ခဲ့သည်။

နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များအနေဖြင့် ၂၀၀၈ ခုနှစ် ဇွန်လအတွင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်ပြီးမှသာလျှင် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည်။

နအဖစစ်အစိုးရကား နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များကိုသာ အနှောင့်အယှက်ပေးသည်မဟုတ်။ ပြည်တွင်း လေဘေးကူညီရေးအဖွဲ့များထဲမှ လူ (၂၀) ကျော်ကိုလည်း ၂၀၀၈ ခုနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထိုအထဲမှ ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့အပါအ၀င် (၆) ဦးကို နိုဝင်ဘာလအတွင်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

နာဂစ်ကြောင့် ပြည်သူလူထု ဒုက္ခရောက်နေစဉ်မှာပင် နအဖစစ်အစိုးရက ၎င်းတို့ အာဏာတည်မြဲရေးကို အထောက်အကူဖြစ်စေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို မေ (၁၂) ရက်တွင် မပျက်မကွက် လုပ်ဆောင်ခဲ့ပြန်သည်။

တုံးအောက်က ဖားများ ဖြစ်နေရုံသာမက နာဂစ်သတင်းကြောင့် စိတ်ဓာတ်များ ချောက်ချားနေကြသော နိုင်ငံအ၀ှမ်းမှ လူထုကား ထိုဆန္ဒခံယူပွဲကို စိတ်မ၀င်စား။ သို့ဖြင့် နအဖစစ်အစိုးရက ၎င်းတို့အလိုကျရေးဆွဲထားသော ဖွဲ့စည်းပုံကို (၉၂.၄၈) ရာခိုင်နှုန်းထောက်ခံသည် ဆိုသော ရလဒ် ပေါ်ထွက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

နာဂစ်ဒဏ်ခံလူထုမှာမူ ယခုတိုင် သောက်သုံးရေပင် မဖူလုံသေးသည့် အခြေအနေကို ရင်ဆိုင်နေကြရဆဲဖြစ်သည်။ အိုးအိမ်မဲ့နှင့် အလုပ်အကိုင်မဲ့သူ များစွာရှိနေဆဲ။

ပြည်တွင်းဂျာနယ်တခုက ကုလသမဂ္ဂလူသားချင်းဆိုင်ရာ (ရန်ကုန်) ယာယီတာဝန်ခံ ဒေးဗစ်အီဗန်ကို ကိုးကား ရေးသားထားသော သတင်းတပုဒ်တွင် ယခုအချိန်အထိ လုံခြုံစိတ်ချရသော နေအိမ်လိုအပ်နေသည့် အိမ်ထောင်စုပေါင်း (၁) သိန်း (၃) သောင်းကျော် ရှိနေဆဲဟုဆိုသည်။ လူဦးရေဖြင့်ဆိုလျှင် လူပေါင်း (၅) သိန်းခန့် ခိုလှုံရာ အိုးအိမ်မဲ့နေသည့် အခြေအနေဖြစ်သည်။

ထိုအခြေအနေများမှ လွန်မြောက်ရန် ပြန်လည်ထူထောင်ရေးကာလ (၃) နှစ်အထိ လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုလုပ်ငန်းများကို လုပ်ဆောင်ရန် ကန်ဒေါ်လာသန်း (၇၀၀) နီးပါး အကူအညီလိုအပ်နေကြောင်း သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) က ဖေဖော်ဝါရီ (၉) ရက် ဘန်ကောက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြော ကြားခဲ့ပြီး ဖြစ်သည်။

အကယ်စင်စစ်လည်း ထိုမျှလောက် အကူအညီပေးနိုင်ပါမှ ထိုဒေသ နာလန်ထမည်ဖြစ်သည်။

နာဂစ်ဒဏ်ထိ မြစ်ဝကျွန်းပေါ်ဒေသသည် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး များစွာနိမ့်ပါးနေသည်ကို နာဂစ်ဖြစ်ပြီးစ လေဘေးကူညီရေးအဖွဲ့များနှင့်အတူ သွားရောက်စဉ်က ကိုယ်တွေ့မျက်မြင်ကြားသိခဲ့ရသည်။

သတင်းအချက်အလက် ရယူရန် ရေဒီယိုတလုံးပင် မရှိသော အိမ်ထောင်စုများ အများသား။ ရှိသောသူများကလည်း ထမင်းနပ်မှန်ဖို့အရေး ကိုယ့်အလုပ်ကိုယ်လုပ်နေရတာနှင့် နားမထောင်အားဟု ပြန်ပြောင်းပြောဆိုကြသည်။

သို့နှင့် ဒေသခံ အတော်များများသည် နာဂစ်မုန်တိုင်းရှိနေကြောင်းကိုပင် မသိခဲ့ကြ။ သိခဲ့ကြသူအချို့ကြပြန် တော့လည်း လွတ်မြောက်ရာ ရပ်ဝန်းဆီသို့ လွယ်လင့်တကူသွားရောက် ခိုလှုံနိုင်မည့် လမ်းပန်းဆက်သွယ်ရေးနှင့် ယာဉ်ရထားတို့ မရှိ။ ထို့ကြောင့်ပင် နာဂစ်အတွင်း အသေအပျောက် အပျက်အစီး များခဲ့ရသည်။

လူထု ထိုကဲ့သို့ဖြစ်ရသည်မှာ စစ်အစိုးရကြောင့်ဟု ဆိုလျှင် မလွန်။ စစ်အစိုးရ၏ နှစ် (၄၀) ကျော် သက်တမ်း တလျှောက် ပညာရေး၊ ကျန်းမာရေးတို့အတွက် အသုံးစရိတ်က နည်းနေသည်။ ထိုကဲ့သို့ နည်းခဲ့သည့် အတွက်လည်း လူထုမှာ သတင်းအချက်အလက်ရယူရန် အသိပညာ၊ အတတ်ပညာ မဖူလုံခဲ့။ စီးပွားရေးလည်း ချွတ်ခြုံကျခဲ့ကြရသည်။

အမေရိကန်အောက်လွှတ်တော်တွင် ဧပြီ (၂၃) ရက်က ပြုလုပ်ခဲ့သော လူ့အခွင့်အရေးကော်မရှင် လူထုကြားနာပွဲ၌ လည်း စီးပွားရေးကျွမ်းကျင်သူများက ထိုအချက်ကို ထောက်ပြပြောဆိုခဲ့ကြသည်။

ထိုကြားနာပွဲတွင် မြန်မာ့စီးပွားရေးကို အနီးကပ်စောင့်ကြည့်လေ့လာနေသော သြစတြေးလျနိုင်ငံ မစ်ကွာရီ တက္ကသိုလ် (Macquarie University) မှ စီးပွားရေးပါမောက္ခ ဒေါက်တာ ရှောင် တာနယ်လ် (Dr. Sean Turnell) က မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ပြဿနာများသည် အင်မတန် စိုးရိမ်ဖွယ် ကောင်းနေကြောင်း၊ ပြဿနာများနှင့် ပတ်သက်ပြီး အုပ်ချုပ်သော အစိုးရအပေါ်မှာ အများကြီး တာဝန်ရှိနေကြောင်း ပြောဆိုခဲ့သည်။

ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုး၏ (၁.၄) ရာခိုင်နှုန်းကိုသာ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများမှာ စစ်အစိုးရက သုံးစွဲခဲ့ကြောင်းကိုလည်း ထောက်ပြသည်။ အာရှဒေသအတွင်းတွင်လည်း ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်ထက် စစ်အသုံးစရိတ်ပိုနေတဲ့ တခုတည်းသော နိုင်ငံဖြစ်သည်ဟုလည်း ဆိုသည်။

ထိုကြောင့်လည်း နိုင်ငံအတွင်း လူထုပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး ကျဆင်းနေခဲ့ရကာ နာဂစ်ဘေးဒဏ် ကိုလည်း လည်စင်းခံခဲ့ကြရခြင်းဖြစ်သည်။

နာဂစ်မှာ သဘာဝဘေးအန္တရာယ်ဖြစ်သဖြင့် ရှောင်လွှဲ၍ မရနိုင်။ သို့သော် ဒေသခံလူထုကိုသာ အသိပညာ၊ အတတ်ပညာများ ပိုမိုဖြန့်ဝေပေးထားနိုင်ခဲ့လျှင်၊ လူထုစီးပွားပိုမိုဖွံ့ဖြိုးပြီး သတင်းအချက်အလက်ရယူရန် ပစ္စည်း (တီဗီ၊ ရေဒီယို၊ သတင်းစာ) များကိုသာ ပိုမိုသုံးစွဲနိုင်ခဲ့လျှင်၊ တနေရာမှ တနေရာသို့ ရွှေ့ပြောင်းသွားလာနိုင်ရန် ယာဉ်ရထားနှင့် လမ်းပန်းဆက်သွယ်ရေးတို့ ကောင်းမွန်အောင် ဖန်တီးပေးခဲ့ပါလျှင် ယခုလောက် ပျက်စီးဆုံးရှုံးမှု များနိုင်ပါမည်လား ဆိုသည်ကို နှစ်ပေါင်းလေးဆယ်ကျော် အုပ်ချုပ်လာခဲ့သော စစ်အစိုးရကို နာဂစ်ကြောင့် ပျက်စီးခဲ့ရသူများကိုယ်စား မေးခွန်းထုတ်ရပါလိမ့်မည်။


စည်းရုံးရေးဆင်းသည့်ဝန်ချုပ်ကို ဖုန်းတိုင်ဖြုတ်ကြိုဆိုခိုင်း

သျှမ်းသံတော်ဆင့်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ နားကောင်းမူး ကျေးရွာ အုပ်စု၌ ၀န်ကြီးချုပ် ဗိုလ်သိန်းစိန် လာရောက် လည် ပတ်ကြည့်ရှု မည်ဟုဆိုကာ ထိုင်းလက်ကိုင်ဖုန်း တိုင်များ ဖြုတ်ပစ်ရန် ဒေသခံ အာဏာပိုင်တို့ အမိန့်ထုတ် သည်ဟု နယ်စပ်သတင်း ရပ်ကွက်က ဆိုပါသည်။

၂၀၁၀ ရွေးကောက်ပွဲအတွက် သံလွင်အရှေ့ခြမ်းသို့ စည်းရုံးရေးဆင်းသည့် ကျိုင်းတုံတာချီလိတ်ရောက် နအဖ ၀န်ကြီးချုပ် ဗိုလ်သိန်းစိန် နားကောင်းမူးဘက် လှည့်လာမည်ဖြစ်သဖြင့် ထိုင်းလက်ကိုင်ဖုန်းအသုံးပြု သည့်အိမ်များအား ဖုန်းတိုင်ဖြုတ်ပစ်ရန် အာဏာပိုင်များ ဆင့်ဆိုအမိန့်ထုတ်ခြင်းဖြစ်သည်။

၎င်းနှင့် ပတ်သက်၍ နားကောင်းမူးဒေသခံ လူလတ်ပိုင်း အမျိုးသမီးတစ်ဦးက “အိမ်ခေါင်မိုးမှာထောင် ထားတဲ့ လက်ကိုင် ဖုန်းတိုင်တွေကိုဖြုတ်ခိုင်းတာ။ ၀န်ကြီးချုပ်ပြန်သွားမှ ပြန်သုံးခွင့်ရဖို့မြို့နယ် ဆက်သွယ်ရေးရုံးကို စာတင်ရမယ်တဲ့။ ခွင့်မတောင်းဘဲသုံးတဲ့သူတွေ့ရင် အရေးယူခံရမယ်လို့ပြောတယ်” ဟုဆို၏။

ဖုန်းတိုင်များဖြုတ်သိမ်းခြင်းကြောင့် ကူးသန်းရောင်းဝယ်ရေးရော ဆက်သွယ်ရေးပါ အခက်အခဲဖြစ်ရသည်ဟု ၎င်းက ဆက်ပြော ပြ၏။

“ဖုန်းမသုံးရတော့ အရောင်းအ၀ယ်ကိစ္စမှာ တော်တော်လေးအခက်အခဲဖြစ်ရတယ်။ နောက်တစ်ခု တာချီလိတ်ဘက် ထိုင်းံဘက်ရောက်နေတဲ့သားသမီး၊ ညီအစ်ကိုမောင်နှမတွေ ဆွေမျိုးတွေဆီ ဆက်သွယ်လို့မရတော့ဘူး။ အဘက်ဘက်ကထိ ခိုက်တယ်” ဟုဆို၏။

နားကောင်းမူးသို့ဝန်ကြီးချုပ်လာမည့်ကိစ္စ အတိအကျမသိရသော်လည်း မိုင်းယန်းဘက်ကဲ့သို့ ၂၀၁၀ ရွေးကောက်ပွဲ အတွက် စည်းရုံးရေးဆင်းရန်သာဖြစ်နိုင်ကြောင်း၊ တဖက်တလှမ်းကလည်း မိုင်းတုံ၊ နားကောင်းမူး၊ ပုံပါကျင်၌ ရွေးကောက်ပွဲရုံ ကြီးကြပ် ရေးကော်မတီအဖြစ် ရုံးဝန်ထမ်းများ၊ ကျောင်းဆရာ/ဆရာမများ ရွေးချယ်ဖို့ ယာထားပြီး ဖြစ်ကြောင်း ပုံပါကျင်မှ အမည်မဖေါ်လိုသည့် ၀န်ထမ်းတစ်ဦး ကလည်းပြောပြသည်။

ထိုင်းလက်ကိုင်ဖုန်းကို ထိုင်းနယ်စပ် တချို့မြို့နယ်များတွင် တိုင်ထောင်စရာမလိုဘဲလိုင်းကြည်လင်စွာ သုံးနိုင်သော်လည်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ နားကောင်းမူးကျေးရွာအုပ်စုတို့၌ တိုင်ထောင်၍ အသုံးပြုရကြောင်း သိရပါသည်။

NLD ၂၀၁၀ ရွေးကောက်ပွဲ ဝင်ပါက အနိုင်ရရှိရန် မလွယ်ကူပါဟု တိုင်းရင်းသားကဆို

နှောင်းလှိုင်

မကြာခင် ရောက်လာမည့် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ တွင် မြန်မာ တပြည်လုံး ကြုံတွေ့နေရသော အခက်အခဲ များ ကြောင့် NLD (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) က လက်ခံ လိုက်ကြောင်း သိရပါသည်။

ယခင်က NLD တောင်းဆိုထားသည့် အချက် ဖြစ်သည့် နိုင်ငံရေး အကျဉ်းသားလွှတ်ပေးရန်၊ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်ရန်၊ ရွေးကောက်ပွဲတွင် အလွှာအသီးသီးပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်ခွင့်ပြုရန် စသည့် အချက် ၃ ချက်ကို ခြွင်းချက်ဖြင့် လက်ခံလိုက်သည်ဟု ၂၉ ရက် နေ့တွင် အဖွဲ့ချုပ်က ကြေညာလိုက်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပြီး အဆိုပါရလဒ်ကို အစိုးရက အကောင်အထည်မဖော်ဘဲ ရွေးကောက်ပွဲပြုလုပ်ပါက အဖွဲ့ချုပ်အနေဖြင့် လက်မခံနိုင်ကြောင်း ယခင်က ကြေညာထားခဲ့သည်။

၂၀၁၀ ရွေးကောက်ကို NLD က ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက အနိုင်ပြန်ရရန်မလွယ်ကြောင်း တိုင်းရင်းသား ပါတီ တခုဖြစ်သော ကရင်နီ အမျိုးသား တိုးတက်ရေး (ကေအဲန်ပီပီ) ပါတီ ဥက္ကဌ ခူထဲဘူးဖဲက ဆိုသည်။

“ အဲဒီ ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရဖို့တော့ အခက်အခဲရှိပါတယ်၊ မလွယ်ပါဘူး၊ အန်အယ်လ်ဒီ တွေက ရွေးကောက်ပွဲ ဝင် ဖို့ဆွေးနွေးကြတယ်၊ ဆွေးနွေးကြတော့ ဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မလွတ်ပေးလို့ရှိရင် မဝင်ဘူးလို့ပြောကြ တာပဲ၊ နောက် ၉၀ ခုနှစ်က ဒီရွေးကောက်ပွဲရဲ့ ရလဒ်ကိုလည်း အသိအမှတ် မပြုဘူးဆို လို့ရှိရင်လည်း မဝင်ဘူး။ အဲတော့ အကယ်၍ ဝင်လို့ရှိရင်လည်း သူတို့အနိုင်ရဖို့ အလားအလာ သိပ်မရှိဘူးလေ ” ဟု ဥက္ကဌ က ဆိုသည်။

NLD နှင့် စစ်အစိုးရ ကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ SSA တောင်ပိုင်းပြောရေးဆိုခွင့်ရှိသူ တဦးက “ ကျ နော်တို့ ၂၀၁၀ ရွေးကောက်ပွဲ အပေါ်မှာ ကျနော်တို့ အမြင်သဘောထားအနေနဲ့က ဒီရွေးကောက်ပွဲကိုတော့ ကျနော်တို့ ဆန့်ကျင်ကန့်ကွက် ခြင်းမရှိပါဘူး၊ ဒါပေမဲ့ ရွေးကောက်ပွဲ လုပ်နည်းလုပ်ဟန်ကိုတော့ ကျနော်တို့ ကန့်ကွက်တာပေါ့နော်၊ ဒါ တရားလည်း မကျသေးဘူး၊ ပြီးတော့ ဒီမိုကရေစီနဲ့ လည်းမကိုက်ညီဘူးလို့ ကျနော်တို့က မြင်တာပေါ့ ” ဟု SSA တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိဏ်းက ဆိုသည်။

ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစည်းအဝေးတွင် ညီလာခံကို ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များ၊ ပြည်နယ်နဲ့တိုင်းစည်းရုံးရေးအဖွဲ့ဝင်များ၊ ဗဟို အလုပ်အမှုဆောင်အဖွဲ့၊ အမျိုးသမီးအဖွဲ့၊ လူငယ်လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့ဝင်များ စုစုပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့သည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အီတလီ၊ ပြင်သစ်အစ ရှိတဲ့ နိုင်များမှ သံတမန်များလည်း တက်ရောက်ခဲ့သည်ဟု သိရပါသည်။

နာဂစ်လေဘေးမှာ လူတွေအမြောက်အမြား သေဆုံးဖို့ သင့်ပါသလား


မျိုးရန်နောင်စိုး

လာမည့် မေလ (၂) ရက် ဆိုရင် မြန်မာနိုင်ငံ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း အတွင်း နာဂစ်လေမုန်တိုင်း ဘေး ကြုံခဲ့ ရတာ တနှစ်တင်းတင်း ပြည့်တော့မှာ ဖြစ်ပါတယ်။ လူပေါင်း (၁) သိန်း (၃) သောင်းကျော် သေဆုံး ခဲ့ပြီး အိုးအိမ် အဆောက်အဦ ပစ္စည်းပေါင်း များစွာ ဆုံးရှုံး ခဲ့ရတဲ့ ဒီကပ် ဘေးကြီး ဘာကြောင့်ဖြစ် ရတယ်။ ဘေးဒဏ်ခံ ပြည်သူတွေ ကို ကယ်ဆယ်မှုဟာ လုံလောက်မှု ရှိရဲ့လား။ ပြည်သူတွေ စားသောက် နေထိုင်မှုဘဝ အဆင်ပြေနေ ပြီလား၊ နောင် ဒီလို ကပ်ဘေးကြီး မျိုးကြုံလာရင် ဘယ်လို ရင်ဆိုင် ကြမလဲ စတာ တွေဟာ သုံးသပ်ဖို့ ကောင်းတဲ့ ပြဿနာ တွေ ဖြစ်ပါတယ်။

နာဂစ် မုန်တိုင်း တနှစ်ပြည့် ဖို့ နီးလာတာနဲ့ အမျှ ပြည်တွင်း ပြည်ပ မီဒီယာ အားလုံး လိုလိုလောက်ဟာ ဒီအကြောင်းကို ပြန်ပြောင်း ရေး သား နေတာ တွေ့ရပါ တယ်။ အချို့က လေဘေးဒဏ်ခံ ပြည်သူတွေရဲ့ လက်ရှိ အခြေအနေ တွေကို ရေးသား ဖော်ပြနေကြ သလို အချို့ ကတော့ သင်ခန်းစာ ယူစရာ ပြန်ပြောင်း သုံးသပ်တာတွေ လုပ်ကြ ပါတယ်။ ဒီအထဲမှာ နာဂစ် မုန်တိုင်း ကာလတုန်း ကရော၊ လက်ရှိ အချိန်ထိပါ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ တာဝန် အရှိဆုံး ညွှန်ကြားရေး မှူးချုပ် ဒေါက်တာထွန်း လွင်လည်း ပါဝင်ပါ တယ်။

သူကတော့ ပြီးခဲ့တဲ့ နာဂစ်မုန်တိုင်းဘေးကာလက ပြည်သူတွေ ဘာကြောင့် ဒီလောက်များများ အသက်သေဆုံး ခဲ့ရသလဲဆိုတာကို ဂျာနယ်အင်တာဗျူးတွေကနေ တဆင့် ပြောလာပါတယ်။ သူက အချက် (၁ဝ) ချက်လောက် ထောက်ပြပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ ရခိုင်ကမ်းရိုးတန်းနဲ့ စာရင် မြေနိမ့်တယ်။ လူဦးရေ ထူထပ်ပြီး လူနေစိပ်တယ်။ ဘေးအန္တရာယ်ကျရောက်နိုင်တဲ့ အညွှန်းမြေပုံမရှိဘူး။ မြစ်လက်တက် မြစ်ဝတွေ များတယ်။ ခိုဖို့ သက်ကယ်ကုန်းတွေ မရှိဘူး။ ဒေသခံတွေမှာ အတိတ်က ဘေးအန္တရာယ် အတွေ့အကြုံ မရှိဘူး။ သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတ မရှိဘူး။ တနေရာနဲ့ တနေရာ ကူးပြောင်းသွားလာနိုင်တဲ့ သယ်ယူ ပို့ဆောင်ရေးစနစ် အလွန်ညံ့တယ်။ မြစ်ဝကျွန်းပေါ်ဒေသရဲ့ အောက်ခံကြမ်းပြင်ရေတိမ်ပြီး မြစ်ဝတွေ များမှု၊ လမုတောတွေ ပြုန်းတီးမှု စတဲ့ အချက်တွေကို ထောက်ပြထားပါတယ်။

ဒေါက်တာထွန်းလွင် ထောက်ပြတဲ့ အချက်တွေအားလုံး မှန်ပါတယ်။ သူထောက်ပြတဲ့ဆီမှာ ဧရာဝတီတိုင်းရဲ့ သဘာဝအနေအထား၊ စီးပွားရေးအနေအထား၊ ပြည်သူတွေရဲ့ အတွေ့အကြုံ မရှိမှုနဲ့ ဗဟုသုတ နည်းပါးမှုကြောင့် ဆိုတာတွေ ပါပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံး အချက်ဖြစ်တဲ့ ဒေသတခုအတွက်၊ ပြည်သူတွေအတွက် အစိုးရရဲ့ တာဝန်ရှိမှု အပိုင်းကတော့ လုံးဝပါဝင်တာ မတွေ့ရပါဘူး။

တကယ့် တကယ်မှာတော့ တိုင်းပြည်တပြည်မှာ ပြည်သူတွေဆိုတာက အုပ်ချုပ်ခံသူတွေ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို စစ်အာဏာရှင်တွေ အုပ်ချုပ်တဲ့ တိုင်းပြည်မှာ ပြည်သူတွေဟာ စစ်အစိုးရက စီမံခန့်ခွဲသမျှ ခံကြရပါ တယ်။ ဘာမှ ရွေးချယ်ပိုင်ခွင့်မ ရှိပါဘူး။ မုန်တိုင်းနဲ့ ပတ်သက်လို့ ပြည်သူတွေ ဗဟုသုတ မရှိဘူးဆိုတာကလည်း ရှင်းရှင်းပြောရရင် အစိုးရက ပညာပေးတာ မရှိလို့ပါဘဲ။ နောက်တခုကတော့ စစ်အစိုးရ အာဏာပိုင်အဆင့်ဆင့် ကိုယ်တိုင်ကရော ဗဟုသုတ ရှိပါရဲ့လားလို့ မေးစရာ ရှိလာပါတယ်။ ဒီနေရာမှာ အုပ်ချုပ်သူတွေရဲ့ အရည်အချင်းရှိမှု၊ အရည်အချင်းမဲ့မှုတွေနဲ့ သက်ဆိုင်နေပါတယ်။ ဒီအတွက် မုန်တိုင်း မတိုင်မီနဲ့ မုန်တိုင်း ကာလတုန်း က စစ်အစိုးရ အာဏာပိုင်အဆင့်ဆင့်ဟာ ပြည်သူတွေကို ဘယ်လို ဦးဆောင်မှုပေးခဲ့သလဲဆိုတာ မေးရမယ့် မေးခွန်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နာဂစ်မုန်တိုင်း မတိုင်မီနဲ့ ဖြစ်ပွားနေတဲ့ကာလမှာ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနဟာ သူ့တာဝန်ဖြစ်တဲ့ မိုးလေဝသ သတင်းတွေကို ပုံမှန် ထုတ်ပြန်ပေးခဲ့ပါတယ်။ တကယ်ဆိုရင်တော့ ဒီသတင်းတွေရဲ့ အရေးပါမှု အခြေအနေကို လိုက်ပြီး ထိပ်ပိုင်း စစ်အာဏာပိုင်တွေကနေ အောက်ခြေအဆင့်ဆင့် ကို ညွှန်ကြား လမ်းညွှန်ချက်ပေးပြီး ပြည်သူတွေ အခြေအနေ မဆိုးအောင် အသေအပျောက်နည်းအောင် ဦးဆောင်မှုပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လမ်းဘေးတနေရာမှာ လူတယောက် နိုင်ငံရေးဝါဒဖြန့် စာရွက်ဝေနေတာနဲ့ မိနစ်ပိုင်းအတွင်း ဖမ်းဆီးနိုင်ဖို့ အမြဲအဆင်သင့်ရှိနေတဲ့ စစ်အာဏာပိုင်တွေဟာ ဒီလို တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ အခြေအနေအတွက်ကို တော့ ဘာအသိဉာဏ် ဗဟုသုတမှ မရှိသလို ဘယ်လို အစီအစဉ်တွေနဲ့မှ အကာအကွယ် ပေးနိုင်ခဲ့တာ မတွေ့ရပါဘူး။

တကယ် အရည်အချင်းရှိတဲ့ အစိုးရအဖွဲ့ တရပ်သာဆိုရင် မိုးလေဝသ သတင်းတွေ ထွက်လာပြီဆိုကတည်းက ထိပ်ဆုံးအာဏာပိုင်တွေဟာ ပညာရှင်တွေရဲ့ သဘောထားကို တောင်းခံပြီး အတိုင်းအဆကို ခန့်မှန်းတွက်ချက်မယ်၊ အောက်ခြေ တိုင်း၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာ အာဏာပိုင်အဆင့်ဆင့်ကို ဘာတွေလုပ်ရမလဲဆိုတာ အချိန်နဲ့ တပြေးညီ ညွှန်ကြားမယ်၊ အောက်ခြေအာဏာပိုင်တွေကလည်း ညွှန်ကြားချက်အတိုင်း ပြည်သူတွေ ဘေးလွတ်ရာ ရောက်ဖို့ လှုံ့ဆော်မယ်၊ ဦးဆောင်မယ် စသဖြင့် အကောင်အထည်ဖော်ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ မြန်မာနိုင်ငံမှာတော့ စစ်အစိုးရ အာဏာပိုင်အဆင့်ဆင့်ဟာ ပြည်သူတွေ အသက်အိုးအိမ် စည်းစိမ်တွေနဲ့ ပတ်သက်ပြီး ညွှန်ကြား လမ်းညွှန်ဖို့ ဘာဗဟုသုတ၊ ဘာအရည်အချင်းမှ မရှိခဲ့တဲ့အတွက် ဘယ်လို အစီအမံမျိုးမှ ချမှတ်တာ မလုပ်နိုင်ခဲ့ပါဘူး။

အဲဒီအချိန်တုန်းက ဦးထွန်းလွင်ဟာ တဖက်မှာ မိုးလေဝသ သတင်းထုတ်ပြန်မှု လုပ်သလို အခြားတဖက်မှာတော့ ဟိုင်းကြီးကျွန်းရေတပ်စခန်းဌာနချုပ်က ဌာနချုပ်မှူးနဲ့ နာရီဝက်တခါ ဆက်သွယ် သတင်းပေးတာမျိုး လုပ်ခဲ့ကြောင်း နောက်ပိုင်း သူကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူ့အနေနဲ့ များပြားလှတဲ့ ပြည်သူလူထုကြီးရဲ့ အသက်အိုးအိမ် ကိစ္စထက် စစ်တပ်တခုရဲ့ အရေးကို ပိုပြီး ဦးစားပေးဆောင်ရွက်ခဲ့တယ်ဆိုတာ သူ့ပြောစကားတွေ အရကိုပဲ သိနိုင်ပါတယ်။ ဒီအတွက်လည်း ပြည်သူတွေ သိန်းနဲ့ချီ သေဆုံး၊ မိသားစုပေါင်း မြောက်မြားစွာ အိုးအိမ်ပစ္စည်း ဥစ္စာတွေ ဆုံးရှုံးသွားပြီး နောက်ပိုင်းမှာ စစ်အစိုးရဟာ ဦးထွန်းလွင်ကို ရာထူးတိုးပေးခဲ့တဲ့အပြင် ဒေါက်တာထွန်းလွင်ပါ ဖြစ်လာခဲ့ပါတယ်။ စစ်တပ်အပေါ် တာဝန်ကျေခဲ့တဲ့ ဝန်ထမ်းကောင်းကို ချီးမြှောက်ခဲ့တဲ့ သဘော ဖြစ်ပါတယ်။

တကယ်ဆိုရင် မုန်တိုင်းဟာ ဟိုင်းကြီးကျွန်းဘက်ကို အစောဆုံး ဝင်တာ ဖြစ်ပါတယ်။ အဲဒီက အခြေအနေ တခုလုံးကိုလည်း မိုးလေဝသဌာနကရော စစ်အစိုးရ ထိပ်ပိုင်းအာဏာပိုင်တွေကပါ ကောင်းကောင်းကြီး သိနေကြပါတယ်။ ဒီအခြေအနေ ရောက်တဲ့တိုင် ကျန် နောက်နာရီတချို့ ကြာပြီးမှ မုန်တိုင်းဖြတ်မဲ့ ဒေသက ပြည်သူတွေ သက်သာရာရအောင် ဘာတခုမှ လုပ်ပေးနိုင်တာ မတွေ့ရပါဘူး။ ဒါက ဘာကို ပြသလဲဆိုရင် မြန်မာစစ်အစိုးရဟာ ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်ဖို့ စွမ်းအား ထက်မြက်သလောက် ပြည်သူတွေကို ကယ်ဆယ်ဖို့ ကျတော့ ဗဟုသုတရော၊ အရည်အချင်းရော စေတနာပါ လုံးဝ မရှိတာ တွေ့ကြရမယ် ဖြစ်ပါတယ်။

ဦးထွန်းလွင် ပြောတဲ့အထဲပါတဲ့ နောက်အချက်တခုကတော့ ဧရာဝတီတိုင်းရဲ့ လမ်းပန်းဆက်သွယ်ရေး အလွန်ဆိုးရွားနေတဲ့ ကိစ္စပါ။ တကယ်လည်း ဟုတ်ပါတယ်။ ဧရာဝတီတိုင်းအတွင်းက ကျေးရွာတချို့ဆိုရင် ကုန်းလမ်းနဲ့လည်း ဘယ်လိုမှ သွားလို့မရ၊ ရေလမ်းနဲ့ သွားဖို့တောင် ရေတက်ချိန်စောင့်ပြီးမှ သွားလို့ရတဲ့ နေရာတွေ ဒီနေ့အထိ အများကြီး ရှိနေပါသေးတယ်။ တကယ်တော့ ဒါဟာ အစိုးရနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်။

ခုနောက်ပိုင်းနှစ်တွေမှာ သဘာဝဓာတ်ငွေ့ ရောင်းလို့ရတဲ့ဝင်ငွေနဲ့ နေပြည်တော်မှာ အဆောက်အဦကြီးတွေ ဟည်းနေအောင်ဆောက်၊ ရေပန်းဥယျာဉ်တွေတည်၊ ကွန်ကရစ်လမ်းတွေ ငွေကုန်ကြေးကျများစွာခံပြီး ခင်းနေပေမယ့် ဧရာဝတီတိုင်းလို လူဦးရေ ထူထပ်များပြားတဲ့ ဒေသအတွက် အရေးကြီးတဲ့ လမ်းပန်းဆက်သွယ်ရေး ကိစ္စကိုတော့ ဘာတခုမှ ထည့်သွင်းအကောင်အထည်ဖော်တာ မရှိခဲ့ပါဘူး။ ခု နာဂစ်ဘေးဒဏ်ခံရပြီး လူတွေ သိန်းချီ သေဆုံးရပြီးမှ လမ်းတွေ ပြီးစလွယ် ဖောက်နေတာ တွေ့ကြရပါတော့တယ်။

ဦးထွန်းလွင်ပြောတဲ့ နောက်ဆုံးအချက်တခုကတော့ ဧရာဝတီတိုင်းအတွင်းမှာ ဒီရေတောတွေ ပြုန်းတီးနေတဲ့ ကိစ္စပါ။ ဒီပြဿနာကရော ဘယ်သူတွေမှာ အဓိက တာဝန်ရှိပါသလဲ။ စစ်အစိုးရ အလိုတော်ရိတွေကတော့ ဒေသခံပြည်သူတွေ အသိဉာဏ်နည်းပြီး ထင်းအဖြစ် ခုတ်ယူသုံးစွဲကြတာကြောင့် ဒီအခြေအနေ ရောက်ရတာပါလို့ ပြောကြမယ် ဖြစ်ပါတယ်။ တကယ်ကတော့ အစိုးရတရပ်အနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိဉာဏ် ဗဟုသုတ ကင်းမဲ့တာ၊ ဒီရေတောကို ပြည်သူတွေ မခုတ်ဘဲ အခြားနည်းနဲ့ လောင်စာ သုံးစွဲနိုင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်း မရှိတာ စတဲ့ ပြဿနာတွေကြောင့်သာ ဖြစ်ပါတယ်။

တကယ်လို့သာ မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ် ကို ကာကွယ်စောင့်ရှောက်မယ်လို့ သံန္နိဋ္ဌာန် ချထားတဲ့ အရည် အချင်း ရှိအစိုးရ တရပ်သာ ရှိခဲ့မယ် ဆိုရင် ပြည်သူတွေ ခုလို သိန်းနဲ့ချီ အသေအပျောက် ရှိနိုင်မှာ မဟုတ်ပါဘူး။


နာဂစ်၏ မပြီးဆုံးသေးသော ပုံရိပ်များ










ယနေ့ မြန်မာ့ရေးရာ သတင်းများ May,2nd,2009

( 30 )Nightmares of cyclone that refuse to disappear

( 29 )Burma a priority, says foreign office

( 28 )Hope among the ruins of Burma

( 27 )Myanmar cyclone survivors struggle

( 26 )Ban on construction of Christian orphanage in northern Burma

( 25 )Myanmar citizens' rage boils in film about 2007 protests

( 24 )Rulers silent on Nargis anniversary

( 23 )Rights groups urge Myanmar to free aid workers

( 22 )UN still waiting on Burma cyclone aid

( 21 )Burma is the Worst Country to be a Blogger

( 20 )One Year After Myanmar Cyclone

( 19 )Nightmares haunt Myanmar cyclone survivors

( 18 )မတရားအသင်း ကြေညာခြင်းမှာ တရားမဝင်ဟု BLC တုန့်ပြန်

( 17 )Cyclone Nargis survivors face new battles under General Than Shwe

( 16 )နာဂစ်ဒုက္ခသည်ကူညီသူတွေ ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို

( 15 )Bloggers in Burma write at great risk

( 14 )Junta faces crushing defeat - but only if...

( 13 )သတင်းလွတ်လပ်ခွင့်ချိုးဖောက်မှု မြန်မာစာရင်း ၀င်

( 12 )UN warning over Burma cyclone aid

( 11 )Myanmar And Bangladesh Qualify For 2010 AFC Challenge Cup

( 10 )Denial of aid is as effective a way of killing my people as a bullet

( 9 )နာဂစ်ဒုက္ခသည်တွေ ပြည်ပအထောက်အပံ့ပေါ် မှီခိုရဆဲ

( 8 )Myanmar cyclone anniversary not a happy one

( 7 )One Year After Myanmar Cyclone, 21 People Remain Imprisoned for Helping Disaster Victims, Says Amnesty International

( 6 )Remembering cyclone Nargis

( 5 )၀က်တုပ်ကွေး ကူးစက်ပြန့် နှံ့မည့် စိုးရိမ်ရ

( 4 )Myanmar should release aid workers

( 3 )ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့စာရင်းထဲ မြန်မာနိုင်ငံပါဝင်ဆဲ

( 2 )Britain calls for more political openness in Burma

( 1 )Chit Oo saved my life and that of my children

Friday, May 1, 2009

နာဂစ် ထောက်ပံ့ရေးအလှူပစ္စည်းများ ညောင်ငူကျေးရွာ ဥက္ကဋ္ဌ အလွဲသုံးစားလုပ်

အောင်ထက် / ၁ မေ ၂၀၀၉

ရန်ကုန် တောင်ပိုင်း ခရိုင် ဒလမြို့မှ ကွမ်းခြံကုန်းမြို့ ရွာစဉ်တကြော ရှိ နာဂစ် မုန်တိုင်းသင့် ညောင်ငူ ကျေးရွာတွင် ဆောက်လုပ် လျက် ရှိသော မေတ္တာ အိမ်ရာ စီမံကိန်း သို့ ပေးပို့သည့် နာဂစ် ထောက်ပံ့ရေး ပစ္စည်းများကို အလွဲသုံးစား လုပ်သည့် ကျေးရွာ ဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်လိုက် ရကြောင်း ဒေသခံ ရွာသား တဦးက ပြောသည်။

“နာဂစ်တောက်လျှောက် သူက ပစ္စည်းမျိုးစုံကို အိမ်သယ်နေတာ။ ရွာက သိနေပေမယ့် မပြောကြပါဘူး။ ခုလည်း သီရိလင်္ကာဘုန်းကြီးတွေ လှူတဲ့ အလှူပစ္စည်းတွေကို မေတ္တာရွာမှာ လက်ခံတယ်။ ပြန်ဝေမယ်ပေါ့။ အဲဒီမှာ ညောင်ငူကျေးရွာ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပထမအသုတ် လှည်းနဲ့တိုက်ပြီး အိမ်ကို သယ်တယ်။ ဘယ်သူမှ မသိလိုက်ကြဘူး။ ဒုတိယအသုတ် လှည်းနဲ့ သယ်တော့ ရွာသားတွေ မိသွားပြီး ပစ္စည်းတွေ အလွဲသုံးစားလုပ်တာ ပေါ်သွားတယ်” ဟု အဆိုပါရွာသားက ပြောသည်။

၎င်းက “သူက မြို့နယ်မ၀တ၊ ပြည်ခိုင်ဖြိုး အားလုံးနဲ့ ပလဲပနံသင့်တော့ သူတို့ လူကြီးတွေကပဲ သူ့ကို ဒီရွာမှာ ချပေးထားတာ။ ရယက အဖွဲ့ဝင်တွေ မသိဘဲ သူတဦးတည်း ထင်ရာစိုင်းနေတာတွေ အများကြီး။ နာမည်ပျက်နေ တာလည်း ကြာပြီ။ သူက မြို့နယ်ကို ဖားဖားရားရား နေတတ်တော့ ဘယ်သူမှ သူ့ကို ဖြုတ်မရဘူး ဖြစ်နေတယ်” ဟု ဆက်လက်ပြောပြသည်။

ယခု အလွဲသုံးစားလုပ်သည့် အလှူပစ္စည်းပုံးတပုံးလျှင် (မီးဖိုချောင်သုံးပစ္စည်းများ၊ ငွေ (၅,၀၀၀) ကျပ်ပါ စာတအိတ်နှင့် ကလေးကစားစရာအရုပ်များ) ပါဝင်ကြောင်း၊ အဆိုပါ ပုံး (၂၄) ပုံးကို ဥက္ကဋ္ဌက လှည်းနှင့် တိုက်ထုတ်စဉ် ကျေးရွာလူထုမှ ၀ိုင်းဝန်းဖမ်းဆီးလိုက်ကြခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီ ပုံး (၂၄) ပုံးကို ဥက္ကဋ္ဌက လှည်းနဲ့ တိုက်ထုတ်တော့ တရွာလုံး အုတ်အော်သောင်းတင်း ၀ိုင်းဖမ်း၊ ၀ိုင်းအော်ကြ တာပေါ့။ အဲလို ဖမ်းပြီး မြို့နယ်လူကြီးတွေကို ဖုန်းဆက်ခေါ်တော့ အားလုံး လိုက်လာကြတယ်။ ဥက္ကဋ္ဌကို ဖြုတ်ချပေး ပါ၊ ဥက္ကဋ္ဌကို ဖြုတ်ချပေးပါနဲ့ ရွာသားတွေက ၀ိုင်းအော်တယ်။ ရွာထဲမှာ ရုန်းရင်းဆန်ခတ်ကို ဖြစ်နေတာ” ဟု ကျေးရွာ ရယက ရာအိမ်မှူးတဦးက ပြောသည်။

ထို့နောက် ပြည်ခိုင်ဖြိုးအဖွဲ့မှာ တာဝန်ရှိသူက ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်ကို ရာထူးမှဖယ်ပေးမည်ဟု ပြောမှ ရွာသားများက ကျေနပ်သွားပြီး အတွင်းရေးမှူး ဦးညီညီမောင်အား ပူးတွဲ ဥက္ကဋ္ဌအဖြစ် ယာယီခန့်ထားကြောင်း သိရသည်။

နာဂစ်လေဘေးသင့် ပြည်သူများအတွက် သီရိလင်္ကာနိုင်ငံ အဖွဲ့အစည်းတို့မှ ဆောက်လုပ်လှူဒါန်းသော မေတ္တာအိမ်ရာ စီမံကိန်းတွင် အိမ်အလုံးပေါင်း (၁,၂၀၀) ပါဝင်ပြီး (၅၀၀) ကျော် တည်ဆောက်ပြီးစီးနေပြီ ဖြစ်သည်။

(၁၀’ x ၁၅’) ပျဉ်ထောင်သွပ်မိုး၊ အသင့်နေနိုင်သော အိမ်များဖြစ်ပြီး တော်ဝင်ကုမ္ပဏီမှ အကျိုးတူဆောက်လုပ်ပေး ကာ ရေနက်ကွင်းများ၊ တောထဲနေသူများ၊ မြို့ပြင်၌ တဲထိုးနေသူများကို ဦးစားပေး နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်း အိမ်ရာအတွက် ကျေးရွာတရွာလျှင် အခြေအနေမဲ့ အိမ်ထောင်စု (၂၀) ကို ကျေးရွာ ရယကများမှ စာရင်းတင်ပြရကြောင်း သိရသည်။

အခွန်တော်အရ အောင်ဘာလေထီ အက္ခရာ အတိုးအလျှော့လုပ်


NEJ /၁ မေ ၂၀၀၉

အောင်ဘာလေ ထီ အက္ခရာ နံပါတ်များ ထပ်မံ တိုးမြင့်ကြောင်း အောင်ဘာလေ ထီလုပ်ငန်း ဌာနမှ ညွှန်ကြားရေးမှူးဦးတင်လှိုင် ရွှေ က ယနေ့ ပြုလုပ်သော (၂၄၄) ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲတွင် ပြောသည်။

(၂၄၄) ကြိမ်မြောက်တွင် အက္ခရာ (၂၂) လုံး ပါဝင်ရာမှ ယနေ့ မေလ (၁) ရက်နေ့ စတင်ရောင်းချသည့် (၂၄၅) ကြိမ်မြောက်တွင် အက္ခရာ (၂၄) လုံး ရောင်းချမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ပြီးခဲ့သည့် (၂၄၂) ကြိမ်မြောက်တွင် အက္ခရာ (၂၆) လုံးထုတ်ခဲ့ရာမှ အစိုးရက လျှော့ချခဲ့ကာ ယခုတဖန် ပြန်လည် တိုးမြှင့်ထုတ်ဝေခြင်းဖြစ်သည်။

“တိုးလိုက်၊ လျှော့လိုက် လုပ်ချင်တာ လုပ်နေတာပဲ။ အက္ခရာက (၂၂) လုံးလောက်နဲ့ ရောင်းရတာ အဆင်ပြေနေ တာကို၊ တိုးလိုက်ပြန်ပြီ။ သူတို့ကတော့ အက္ခရာတိုးရင် ၀င်ငွေတိုးတယ်လေ” ဟု ထီလုပ်ငန်းရှင်တဦးက ပြောသည်။

ထီကိုယ်စားလှယ်တဦးက “ကျနော်တို့က အက္ခရာကို လျှော့ချတာကြိုက်တယ်။ ဒါပေမယ့် အစိုးရကတော့ သူတို့ အခွန်လျော့ကျမှာ စိုးရိမ်နေတယ်။ ကျနော်တို့ ကိုယ်စားလှယ်တွေကို ရောင်းပြီးတာနဲ့ သူ့အတွက် အခွန်ဘယ်လောက်ရမယ်ဆိုတာ သိပြီးသား။ ထီရောင်းမကုန်ရင်၊ လက်ကျန်များရင် အရှုံးပေါ်တာ” ဟု ပြောသည်။

အောင်ဘာလေ သိန်းဆုဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးကမူ အစိုးရအနေဖြင့် လောလောဆယ် ထီအက္ခရာတခု လျှော့ထုတ်တိုင်း ကျပ် (၆၅) သန်းကျော် အခွန်ငွေ လျော့ကျသည်ဟု ပြောသည်။

“အဲဒီလို ငွေတွေလျော့လို့  အခုလို ပြန်ပြီးတော့ အက္ခရာ တိုးတာပေါ့ဗျာ” ဟု ထီလုပ်ငန်းရှင်ကြီးတဦးက ပြောသည်။

ကျပ် (၂ဝဝ) တန် ထီလက်မှတ် စတင်ထုတ်ဝေသည့် (၂၄ဝ) ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှစ၍ အကြိမ်တိုင်း ထီအက္ခရာများကို လျှော့ချခဲ့ရာမှ ယခုမေလ (၁) ရက်တွင် ပြန်လည်တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

“အက္ခရာတွေကို ထပ်ပြီးတော့ တိုးဖို့ရှိတယ်လို့ ပြောတယ်ဗျ။ အခွန်တော် လျော့ကျလာတာကိုး” ဟု ထီလုပ်ငန်းရှင်တဦးက ပြောသည်။

ထီလက်မှတ်များကို တစောင်လျှင် (၂ဝဝ) ကျပ်ဖြင့် ရောင်းချပြီး (၂၄) စောင်ပါ ထီတအုပ်ကို (၄,၀၀၀) ကျပ်ဖြင့် ထီဈေးကွက်အတွင်း ရောင်းချနေကြသည်။

အောင်ဘာလေထီကို လစဉ် လဆန်း (၁) ရက်နေ့တွင် ဖွင့်လှစ်ပေးလျက်ရှိသည်။

တနှစ်ပြည့်မှ အမျှဝေရတယ်

ကြည်ဝေ

တရွေ့ရွေ့သာ သွားလာ လှုပ်ရှား နိုင်သော အသက် ၆ဝ ကျော် ခပ်ပိန်ပိန် အဘိုးအိုသည် တောင်ဝှေး တချောင်းကို ထောက်ရင်း ကွမ်းခြံကုန်း မြှို့နယ်အတွင်း မိတ်ဆွေများ ထံ သွားရောက်၍ ငွေကြေး အကူ အညီ တောင်းခံ နေသည်။

၂ဝဝ၈ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် သေဆုံးသွားသည့် သားနှစ်ယောက် အတွက် တနှစ်ပြည့် ဆွမ်းသွတ် အမျှပေးနိုင်ရန် အကူအညီ တောင်းနေရခြင်း ဖြစ်ကြောင်း အဘိုးညိုက ပြောပြသည်။

“သားတယောက်က အသက် ၃ဝ လောက်ရှိပြီ၊ နောက် သားတယောက်ကတော့ အသက် ၁၄ နှစ်ပဲ ရှိသေး တယ်၊ နာဂစ်ထဲ ပါသွားတာ သက်ပျောက်ဆွမ်းတောင် မကျွေးနိုင်ခဲ့လို့၊ ခု တနှစ် ပြည့်တော့မယ် ဆိုတော့ သူတို့ အတွက် ဆွမ်းသွတ် အမျှဝေပေးချင်လို့” ဟု မေးရိုး များ တုန်ခါမှုကို ထိန်းရင်း တလုံးချင်း ဖြည်းဖြည်း ပြောပြခဲ့သည်။

ငါးဖမ်း ဆင်းခဲ့သော သားနှစ်ယောက်မှာ စက်လှေနှင့်အတူ ပျောက်ဆုံး စာရင်း ဝင်ခဲ့ပြီး အိမ်တွင် ကျန်ရစ်ခဲ့ကြသော သူနှင့်အတူ သမီးနှင့် ဇနီးသည်သာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

နာဂစ် မုန်တိုင်းကြောင့် သေဆုံးသွားခဲ့ရသော သားနှစ်ယောက်အတွက် သက်ပျောက်ဆွမ်း မကျွေးနိုင်ခဲ့သည်ကို စဉ်းစားမိတိုင်း ရင်နာခဲ့ရကြောင်း၊ သားအငယ်လေးမှာ ညဘက်တွင် အမေဖြစ်သူ ဘေးမှာပင် ခေါင်းထိုးပြီး ဝင်အိပ် နေသည်ဟု ခံစားခဲ့ရသည်မှာ ယနေ့ထိပင် ဖြစ်သည်၊ မကျွတ် မလွတ်ဘဝမျိုးမှ ကူးပြောင်းစေရန် ခုလို ဆွမ်း သွတ်နိုင်ဖို့ အားထုတ်ကြခြင်းဖြစ်ကြောင်း အဘိုး၏ ဇနီးသည်က ပြောပြသည်။

“တသက်နဲ့ တကိုယ် တခါမှလည်း တောင်းမစားခဲ့ပါဘူး၊ မရှိရင်လည်း အငတ်ပဲ ခံခဲ့တာပါ၊ သူတို့ ဘဝကူး ကောင်းအောင် လုပ်ပေးမှ ဖြစ်မယ် ဆိုပြီး ကျုပ်တို့ လင်မယား အရဲစွန့်ပြီး တောင်းကြတာပါ။ သမီးတောင် မသိပါဘူး၊ သိရင်လည်း တားမှာ ဆိုတော့ မသိအောင်ဘဲ ထားတယ်” ဟု အဘိုးအို၏ ဇနီးဖြစ်သူ အသက် ၅ဝ ဝန်းကျင် အမျိုးသမီးကြီးက ပါးပြင်ပေါ်သို့ စီးကျလာသော မျက်ရည်များကို အင်္ကျီ လက်မောင်းနှင့် တို့ပြီး ပြောသည်။

သား နှစ်ယောက် နှင့် အတူ စက်လှေနှင့် ပိုက်များ ဆုံရှုံးခဲ့ရသလို၊ နေအိမ်လည်း ပြိုလဲခဲ့သောကြောင့် သူတို့ မိသားစုမှာ အခြေအနေ ပျက်ကာ ယခုအခါ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ အတွင်း တဲအိမ်နှင့်သာ ဖြစ်သလို နေထိုင်လျက်ရှိသည်။

သမီးဖြစ်သူက ရန်ကုန်မြို့ပေါ်မှ ထီဆိုင်တခုတွင် အရောင်းစာရေး ဝင်လုပ်နေသည်။ သမီး၏ ဝင်ငွေမှာ နည်းပါးလှသောကြောင့် သူတို့ မိသားစု စားဝတ်နေရေး အတွက်ပင် အခက်အခဲ ဖြစ်လှကြောင်း အဘိုးညို၏ ဇနီးသည်က ပြောပြသည်။

“ဒီတဲလေး ဆောက်တုန်းကလည်း ငွေချေးပြီး ဆောက်ရတော့ အကြွေးတွေလည်း ရှိတယ်၊ အဲဒါကြောင့် အရင်တုန်းက ခင်ခဲ့တဲ့ မိတ်ဆွေတွေ ဆီကနေ လိုက်ပြီး အကူအညီ တောင်းကြည့်တာပါ” ဟု သူက ပြောဆိုသည်။

ဗုဒ္ဓဘာသာဝင်တို့၏ ထုံးစံအရ သေဆုံးသူအတွက် ကျန်ရစ်သူ မိသားစုက ရဟန်းသံဃာများအား ပင့်ဖိတ်၍ ဆွမ်းကပ်ပြီး အမျှအတန်း ပေးဝေကြသည်။ သေဆုံးပြီး ၇ ရက်အတွင်း ဆွမ်းသွတ်ကြခြင်းဖြစ်သည်။ နာဂစ် ဒုက္ခသည် အတော်များများသည် သေဆုံးသွားသော ၎င်းတို့၏ မိသားစုဝင်များအတွက် ဆွမ်းသွတ်နိုင်ခြင်း မရှိသေးပေ။

ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်၊ သရက်သုံးပင် ကျေးရွာမှ ဒေါ်မြမြကလည်း သေဆုံးသူများ အတွက် ဆွမ်းသွတ်လိုကြောင်း၊ သို့သော်လည်း ဝင်ငွေ တပြားမှ မရှိသည့်အတွက် မည်သို့လုပ်ရမည်ကို မသိသေးကြောင်း ပြောဆိုသည်။

ဒေါ်မြမြ နေထိုင်သော သရက်သုံးပင် ကျေးရွာမှာ ဗိုလ်ချုပ်လွန်းသီ နေထိုင် ကြီးပြင်းခဲ့သောရွာ ဖြစ်သောကြောင့် အထောက်အပံ့ အပြည့်အစုံ ရသည်ဟု သိရှိရသည်။

အသစ် ဆောက်ထားသော အိမ် အလုံး ၂ဝ ကျော်၊ စာသင်ကျောင်း၊ စာကြည့်တိုက်၊ အများပိုင် တီဗီ၊ ရေဘုံဘိုင် ၂ ခု၊ ရေသန့်စက်ကြီး ၁ လုံး၊ စက်လှေ ၄ စင်း၊ လယ်ထွန်စက် ၅ စီး ရရှိထားသည်ဟု သိရသည်။ မြန်မာ့ ရုပ်မြင် သံကြား ရိုက်ကူးရေးအဖွဲ့က မကြာခဏ လာရောက်သည်ဟု ဆိုသည်။ ရွာဆိုင်းဘုတ်ကို ဖြုတ်ခြင်း၊ တပ်ခြင်း လွယ်ကူစေရန် စီစဉ်ထားကြောင်း၊ ရုပ်သံအဖွဲ့များ လာသည့်အခါ အဆိုပါ ဆိုင်းဘုတ် ငုတ်တိုင် အတွင်း နာဂစ် ထိခဲ့သော ရွာအမည် ရေးထားသည့် ဆိုင်းဘုတ်များကို တခုပြီး တခုထည့်ကာ ရိုက်ကူးခဲ့ကြောင်း သူက ပြောဆိုသည်။

“ရုပ်မြင်သံကြား အဖွဲ့တွေက အိမ်တွေ ကို ရှေ့ကရိုက်၊ နောက်ကရိုက်နဲ့ ပြီးတော့ စစ်တပ်လည်း ရှိတော့ စစ်တပ်က လူတွေ လယ်ထွန်တာလည်း ရိုက်တယ်၊ ရွာက လူတွေ တီဗီ ထိုင်ကြည့်တာတွေ၊ စာကြည့်တိုက်မှာ စာဖတ်ကြတာတွေလည်း ရိုက်တယ်”ဟု သူမက ဆိုသည်။ ရွာသူ ရွာသားများလည်း ရုပ်သံ ရိုက်ကူးရေးတွင် ပါဝင်နိုင်ရန် အဝတ်အစားသစ်များ ရကြသည်ဟု ဆိုသည်။

နာဂစ်မုန်တိုင်းအတွင်း ရွာရှိလူဦးရေ၏ ထက်ဝက်ခန့် သေဆုံးခဲ့ရသောရွာ ဖြစ်သည်။ ယခုအခါ အာဏာပိုင်တို့က ကျန်ရစ်သူများအား လယ်လုပ်ငန်း ဆက်လက် လုပ်ကိုင် စေ၍ မုန်တိုင်းပြီးချိန်မှ ယနေ့တိုင် စစ်တပ်ချထားပြီး လုံခြုံရေး တင်းကျပ်ထားသော ရွာဖြစ်ကြောင်း သိရသည်။

“ကိုယ့်အိမ်သားတွေအတွက် လုပ်ပေးချင်တယ်၊ ပိုက်ဆံလည်း တပြားမှ မရှိဘူး၊ ခုထိ သူတို့ ပေးတဲ့ ဆန်နဲ့ စားနေရတော့ ဘာလုပ်ရမှန်း မသိသေးဘူး၊ ရွာအနေနဲ့ ပေါင်းပြီး လုပ်ပေးမယ်လို့တော့ ကြားတယ်၊ အဲလို ပေါင်းလုပ်တာထက် ကိုယ့်မိသားစုအတွက် ကိုယ်လုပ်၊ သူ့မိသားစု အတွက် သူလုပ် အဲဒါမျိုးပဲ လုပ်ချင်တယ်” ဟု ဒေါ်မြမြက ပြောသည်။

ယခင်က ခင်ပွန်းသည် သားသမီးများနှင့် နေခဲ့ရသူ ဖြစ်ပြီး၊ ယခုကဲ့သို့ မိသားစုဝင်များမရှိ၊ အလုပ်အကိုင်မရှိ၊ ဝင်ငွေလည်း မရှိသော ဘဝတွင် မည်ကဲ့သို့ အသက်ရှင် နေထိုင်ရမည် ဆိုသည်ကိုပင် မတွေးဆ နိုင်တော့ကြောင်း၊ နောက်ဆုံး ဝင်ငွေ တပြားမှ မရှိသော်လည်း ဆွမ်းသွတ်နိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း ပြောပြသည်။

ခွဲတမ်းရထားသော စောင် ၂ ထည်၊ ခြင်ထောင်၊ မိုးရေခံသည့် ကန်၊ ဒန်အိုးတစုံ အပါအဝင် ထောက်ပံ့ ပစ္စည်းများအား ကွမ်းခြံကုန်း ဈေးသို့ သွားရောက် ရောင်းချမည်ဟု ဆိုသည်။

“ကိုယ့်မိသားစုထဲက လုပ်တော့ အမျှဝေတဲ့အခါ နာမည်တပ်ပြီး ဝေလို့ရတယ်” ဟု ဒေါ်မြမြက ဆိုသည်။

အခြား ဒုက္ခသည်များလည်း ဆွမ်းသွတ်ရေးအတွက် နည်းလမ်းမျိုးစုံနှင့် ကြိုးပမ်းနေကြသည်ကို ကရုဏာသက်ဖွယ် တွေ့မြင်ရသည်။


ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မှ ရေလုပ်သားများ ဖြစ်သော ကိုကျော်ခင်နှင့် မပြုံးပြုံးရီ တို့ကလည်း နာဂစ်အတွင်း သေဆုံးသွားသော မိခင်အိုနှင့် သမီးလေးအတွက် တနှစ်ပြည့်ချိန်တွင် ဆွမ်းသွတ် အမျှဝေရန် စုဆောင်းခဲ့ သော်လည်း စားစရိတ်ထဲ အချို့တဝက် ပါသွားသဖြင့် အခက်အခဲ တွေ့နေသည်။

“ကျမတို့ နေ့တိုင်း စုခဲ့တာပဲ။ ဒီမတိုင်ခင် အငယ်ဆုံးကလေး ဖျားတာနဲ့ ဆေးဖိုးထဲ ပါကုန်တာရော၊ ဒီရက်ထဲမှာ မုန်တိုင်းလာမယ်လို့သတင်းတွေ ကြားတော့ ရေထဲ မဆင်းရတာနဲ့ စားစရိတ်ထဲ ပါကုန်တာရော ဆိုတော့ ငွေက ပဲ့ပါကုန်ရော” ဟု မပြုံးပြုံးရီက စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။

သူတို့သည် မုန်တိုင်းအတွင်း လှေနှင့် ပိုက်များ ဆုံးရှုံးခဲ့ရသူများလည်း ဖြစ်သည်။ အလှူရှင် အဖွဲ့အစည်းများက အထောက်အပံ့ ပစ္စည်းများ ပေးရာတွင် လှေသာ ရပြီး ငါးဖမ်းပိုက် မရသော မိသားစု ဖြစ်သည်။ ထို့ကြောင့် ငါးဖမ်းပိုက် ရရှိထားသော မိသားစုနှင့် အတူ ပေါင်းပြီး ငါးဖမ်းနေရသည်။ ရရှိသည့် ဝင်ငွေကို မိသားစု နှစ်ခု ဝေမျှစားရခြင်းဖြစ်သောကြောင့် ဝမ်းရေး အတွက်ပင် အဆင်မပြေလှဟု သိရသည်။

မုန်တိုင်းထိခဲ့သော ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့မှ ရေလုပ်သား အများစုမှာ အထောက်အပံ့ ပစ္စည်း ပြည့်စုံစွာ မရရှိကြဟု သိရသည်။

လပွတ္တာမြို့နယ်၊ ပိတောက်ကုန်း ကျေးရွာသား ကိုဇော်ဇော်ကလည်း နာဂစ်ကြောင့် မိသားစုဝင် ၅ဦး သေဆုံးခဲ့ရသော အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရသူဖြစ်သည်။ ရန်ကုန်ရှိ လက်ဖက်ရည်ဆိုင်တခုတွင် ဝင်ရောက် လုပ်ကိုင်ခဲ့ရာ၊ တနှစ်ပြည့်ချိန်တွင်မူ သေဆုံးသူများအတွက် ဆွမ်းသွတ် အမျှဝေရန် ရွာပြန်မည် ဖြစ်ကြောင်း ပြောဆိုသည်။

“တနှစ်ပြည့် ဆွမ်းတော့ ဖြစ်အောင် လုပ်ပေးမယ်၊ ရွာမှာ ကျန်ခဲ့တဲ့ ညီကပြောတာ အဖေက မကျွတ်ဘူးထင်တယ် တဲ့ အဖေတို့အတွက် သူ အလှူလုပ်ချင်တယ်လို့ အမြဲပြောတယ်၊ ၃ လပြည့်တုန်းကလည်း မလုပ်နိုင်ဘူး။ ၆ လ ပြည့်လည်း မလုပ်နိုင်ခဲ့တော့ တနှစ်ပြည့်တော့ ဖြစ်အောင်လုပ်မယ်လို့ မှန်းထားတယ်” ဟု သူကဆိုသည်။
လစဉ် အသုံးစရိတ်ချွေတာပြီး စုဆောင်းခဲ့သည်ဟု ပြောသည်။

မုန်တိုင်းကြောင့် နှမတယောက် ဆုံးရှုံးခဲ့ရသည့် လယ်သမားတဦးကလည်း လယ်ကွင်းအတွင်း ဆားငန်ရည် ဝင်ရောက်မှုကြောင့် စပါးစိုက်ချိန် နောက်ကျသည့်ကြားမှ တနှစ်ပြည့် ဆွမ်းသွတ် အလှူအတွက် အားခဲထားကြောင်း ပြောပြသည်။

“ရတဲ့ မျိုးတွေက မကောင်းတဲ့အပြင် ထွန်စက်ကလည်း မရလို့ အငှားစိုက်ရတော့ စပါးထွက်နှုန်းက အရမ်းကျ တယ်၊ အရင်နှစ်ကထက် ၂၅ ရာနှုန်းပဲ ရတယ်၊ ဒါ့အပြင် ဈေးတွေလည်းကျတော့ ကျနော့်မှာ အကြွေးတွေချည်းပါပဲ၊ ဒါပေမယ့် ညီမလေးအတွက် တနှစ်ပြည့် ဆွမ်းတော့ ဖြစ်အောင် ကပ်ရမှာပေါ့” ဟု သူက ပြောဆိုသည်။

နာဂစ်ကြောင့် သူတို့၏ မိသားစု၊ လူနေမှုဘဝများ ပျက်စီးကုန်သည်။ သို့သော်လည်း ယခုအချိန်တွင် သူတို့ အားလုံး၏ အပြင်းပြဆုံးသော မျှော်လင့်ချက်သည် သေဆုံးသွားသူများအတွက် ဆွမ်းသွတ် အမျှဝေနိုင်ရေးသာ ဖြစ်နေသည်ကို တွေ့ရှိရလေသည်။ ။

အဖမ်းအဆီးကြောင့် အလုပ်သမားနေ့ တက်ရောက်သူ နည်း


NEJ /၁ မေ ၂၀၀၉

ဒေသ တွင်း၌ အဖမ်း အဆီး များကြောင့် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ယနေ့ ကျင်းပသည့် (၁၁၉) ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမား နေ့ (မေဒေး) အခမ်းအနား များသို့ တက်ရောက်သည့် မြန်မာ အလုပ်သမား များ နည်းပါး သွားသည်။

မြန်မာနိုင်ငံ အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (BLSO) တာဝန်ခံဦးသံဒုတ်က “မေဒေးနေ့မတိုင်ခင် ရက်ပိုင်းတွေက မဲဆောက်မှာ အဖမ်းအဆီးတွေ ရှိတယ်။ လုံခြုံရေးအခြေအနေကြောင့် ဒီနှစ် အလုပ်သမားနေ့ကို အလုပ်သမားတွေတက်တာ နည်းသွားတယ်။ ကျနော်တို့အနေနဲ့ ဒီလိုရက်မျိုးမှာတော့ အလုပ်သမားတွေကို ဖမ်းတားဆီးတာတွေ မလုပ်စေချင်ဘူး” ဟု ပြောသည်။

အလုပ်သမ မဖြူဖြူဝင်းက “အလုပ်သမားနေ့ အခမ်းအနားကိုတက်ဖို့ စက်ရုံကအလာ မဲဆောက်ဈေး အနောက်ဘက်အရောက်မှာ ကျမသူငယ်ချင်း နှစ်ယောက်ကို ရဲဖမ်းသွားတယ်။ အဲဒီသတင်းကြားတော့ ကျန်တဲ့ လူတွေလည်း ထွက်မလာရဲကြတော့ဘူး” ဟု ပြောသည်။

ယနေ့ကျရောက်သည့် နိုင်ငံတကာအလုပ်သမားနေ့ အခမ်းအနားများကို မြန်မာနိုင်ငံ အလုပ်သမားသွေးစည်း ညီညွတ်ရေးအဖွဲ့၊ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် အခြားမြန်မာအလုပ်သမားအဖွဲ့များ စုပေါင်းကာ မဲဆောက်မြို့တွင် နေရာ သုံးနေရာခွဲ၍ ကျင်းပခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ အလုပ်သမားဝန်ကြီး ဦးခွန်မြင့်ထွန်းက “အလုပ်သမားမှတ်ပုံတင်တာ၊ မတင်တာထား ဒီနေ့ကိုတော့ ထိုင်းအာဏာပိုင်တွေအနေနဲ့ စာနာနားလည်မှု ပေးသင့်တယ်။ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ဒီသုံးခု ဟန်ချက်ညီ ပေါင်းစပ်မှုဟာ တိုင်းပြည်တခုရဲ့တိုးတက်မှု၊ ဆုတ်ယုတ်မှုအပေါ် အကျိုးသက်ရောက်မှုရှိတယ်” ဟု ပြောသည်။

မဲဆောက်ဒေသအတွင်း ဖမ်းဆီးမှုများနှင့်ပတ်သက်၍ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီအဖွဲ့မှ တာဝန်ခံ ဦးမိုးကြိုးက “ဒီမေဒေးနေ့ မတိုင်ခင် တပတ်လောက်ကတည်းက နေ့စဉ်လူ (၃၀၀) လောက် အဖမ်းခံရတယ်။ ဒီနေ့လည်း အဖမ်းအဆီးတွေရှိတော့ တနှစ် တကြိမ်ကျင်းပတဲ့ မေဒေးနေ့အခမ်းအနားကို မြန်မာအလုပ်သမားတွေ အရင်နှစ်လောက် မလာနိုင်ကြတာဖြစ်တယ်” ဟု ပြောသည်။

ယနေ့ကျင်းပကြသည့် နိုင်ငံတကာအလုပ်သမားများနေ့အခမ်းများတွင် အလုပ်သမားရေးရာ ဟောပြောပွဲများ၊ ပျော်ပွဲရွင်ပွဲများ၊ ကျပန်းစကားပြောပွဲများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ သီဆိုကပြဖျော်ဖြေမှုများ ကျင်းပခဲ့ရာ ရာနဲ့ချီသည့် မြန်မာအလုပ်သမားများ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။

နိုင်ငံတကာအလုပ်သမားနေ့အထိမ်းအမှတ်အဖြစ် အခမ်းအနားတက်ရောက်လာကြသည့် မြန်မာအလုပ်သမား (၂၀၀) ခန့်က မယ်တော်ဆေးခန်းနှင့် မဲဆောက်ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

ထိုင်းနိုင်ငံတာ့ခ်ခရိုင်အတွင်း တရားဝင်စက်ရုံအလုပ်ရုံ (၄၀၀) ခန့်ရှိပြီး မြန်မာအလုပ်သမား (၃) သိန်းခန့် အလုပ်လုပ်ကိုင်လျက်ရှိကာ မဲဆောက်ဒေသအတွင်း တရားဝင်စက်ရုံအလုပ်ရုံပေါင်း (၂၀၀) ကျော်ခန့်တွင် မြန်မာအလုပ်သမား (၁) သိန်းခန့် အလုပ်လုပ်ကိုင်လျက်ရှိသည်ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့် မြန်မာပြည်သားများအရေး ပူးပွဲလှုပ်ရှားမှုကော်မတီအဖွဲ့၏ စစ်တမ်းတွင် ဖော်ပြထားသည်။

ထိုင်းတနိုင်ငံလုံးတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများမှာ (၂) သန်းခွဲခန့်ရှိသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သည့် အဖွဲ့များ၏ မှတ်တမ်းများတွင်လည်း ဖော်ပြထားသည်။

ကမ္ဘာ့အလုပ်သမား လှုပ်ရှားမှုသမိုင်းတွင် အလုပ်ချိန် (၈) နာရီသတ်မှတ်ပေးရေးအတွက် သွေးမြေကျ တိုက်ပွဲဝင်ခဲ့ ကြသည့် အလုပ်သမားတို့၏ အထင်ရှားဆုံးနှင့် သမိုင်းဝင်နေ့ထူးနေ့မြတ်တခုဖြစ်သည့် မေဒေးနေ့သည် ယနေ့ဆိုလျှင် (၁၁၉) ကြိမ်မြောက်ဖြစ်သည်။

ဝက်တုပ်ကွေးရောဂါ အဆင့် (၅) သို့ တိုးမြှင့်သတ်မှတ်


NEJ /၁ မေ ၂၀၀၉

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (ဒဗလျူအိပ်ခ်ျအို) က ၀က်တုပ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားမှု အခြေအနေ ကို အဆင့် (၄) မှ အဆင့် (၅) သို့ တိုးမြှင့် သတ်မှတ် လိုက်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးသို့ အလျင်အမြန် ကူးစက်ပျံ့နှံ့နိုင်သည့်အဆင့်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာဂရက်ချမ်းက ဧပြီ (၂၉) ၌ ဂျနီဗာတွင် ကြေညာလိုက်ခြင်းဖြစ်ပြီး ၀က်တုပ်ကွေးကို နိုင်ငံအားလုံး အရေးတကြီးကိစ္စအဖြစ် အလေးထားကြရန်လည်း တိုက်တွန်းလိုက်သည်။

လူလူချင်းကူးစက်နိုင်သည့်အဆင့် (၄) အဖြစ် ဧပြီ (၂၇) တွင် သတ်မှတ်ခဲ့ရာမှ ယခုကဲ့သို့ အဆင့် (၅) သို့ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

တုပ်ကွေးအဖျားရောဂါ ဗိုင်းရပ်ပိုးများသည် မျိုးရိုးဗီဇ အပြောင်းအလဲမြန်ဆန်ပြီး ကြိုတင်ခန့်မှန်းနိုင်သည့် အခြေအနေ မရှိကြောင်း၊ ၀က်တုပ်ကွေး ဖြစ်ပွားရာ နိုင်ငံများမှ ကျန်းမာရေးဆိုင်ရာ အာဏာပိုင်များအား ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေဖြင့် ၀က်တုပ်ကွေးရောဂါ၏ ဇစ်မြစ်နှင့်ပတ်သက်၍ လောလောဆယ် ထုတ်ပြန်ပြောဆို နိုင်ခြင်း မရှိသေးကြောင်းလည်း ကြေညာချက်တွင် ပါရှိသည်။

နိုင်ငံအားလုံးအနေဖြင့် ၀က်တုပ်ကွေး ကူးစက်ရောဂါကို ကြိုတင်ကာကွယ်မှုအစီအစဉ်များ လုပ်ဆောင်ထားရန် လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နှိုးဆော်ထားသည်။

ယခုအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ယမန်နေ့ တရားဝင်ထုတ်ပြန်ချက်အရ နိုင်ငံ (၁၁) နိုင်ငံတွင် ၀က်တုပ်ကွေး ရောဂါပိုး A(H1N1) လက္ခဏာဖြစ်ပွားနေသူပေါင်း (၂၅၇) ဦးရှိပြီး အမေရိကန်ပြည်ထောင်စုတွင် သေဆုံးသူ (၁) ဦး အပါအ၀င် (၁၀၉) ဦးရှိကြောင်း၊ မက္ကဆီကိုနိုင်ငံတွင် သေဆုံးသူ (၇) ဦးအပါအ၀င် (၉၇) ဦးရှိသည်ဟု သိရသည်။.

ထို့အပြင် သြစတီးယား၌ (၁) ဦး၊ ကနေဒါ၌ (၁၉) ဦး၊ ဂျာမနီ၌ (၃) ဦး၊ အစ္စရေး၌ (၂) ဦး၊ နယ်သာလန်၌ (၁) ဦး၊ နယူးဇီလန်၌ (၃) ဦး၊ စပိန်၌ (၁၃) ဦး၊ ဆွစ်ဇာလန်၌ (၁) ဦးနှင့် ဗြိတိန်နိုင်ငံ၌ (၈) ဦးတို့တွင် ရောဂါပိုးလက္ခဏာများ တွေ့ရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၀က်ဘ်ဆိုက်တွင် ဖော်ပြသည်။


ဝက်တုပ်ကွေးသည် ၀က်များတွင်ဖြစ်သည့် Influenza ဗိုင်းရပ်စ်အမျိုးအစား A(H1N1) ကြောင့် ဖြစ်သည့် အသက်ရှူလမ်း ကြောင်းပိုင်း ဆိုင်ရာ ရောဂါဖြစ်သည်။

ယင်းရောဂါသည် လူများတွင် ဖြစ်လေ့ဖြစ်ထမရှိသော်လည်း ၀က်များနှင့်တိုက်ရိုက် နီးနီးကပ်ကပ် နေထိုင်သူတို့ (ဥပမာ ၀က်မွေးမြူရေးခြံ အစရှိသည့်..) တွင် ဖြစ်ပွားသည်ကို တွေ့ရှိရာမှတဆင့် လူလူချင်းကူးစက်သည့်အဆင့်သို့ ရောက်ရှိကြောင်း ကျန်းမာရေးသတင်းထုတ်ပြန်ချက်များတွင် ဖော်ပြသည်။

စစ်တွေတွင် ရေရှားပါး

Narinjara News

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ရေရှားပါး၍ ရပ်ကွက် အတော်တော်များများတွင် သောက်သုံးရေ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

“လေးရက်မှာ တကြိမ်နုန်းနဲ့ ရေပေးဝေနေပါတယ်။ ကန်တော်ကြီးမှာ ရေမရှိဘူးလို့ သိရပါတယ်။ နောက်တခု ပြဿနာက ရေဖြန့်ဖြူး ပေးနေတဲ့ ရေပိုက်တွေဟာ အင်္ဂလိပ်ခေတ်ကတည်းက တည်ဆောက်ထားခဲ့တာ ဖြစ်တဲ့အတွက် ရေညှိတွေ သံချေးတွေကပ်ပြီး ရေတွေ မစီးဆင်းနိုင်တော့ဘူးလို့ သိရပါတယ်။ ဒါကြောင်း စစ်တွေမှာ ရေဟာ ပုံမှန် မလာဘဲ ဖြစ်နေပါတယ်” ဟု အမည် မဖေါ်လိုသူ စစ်တွေ မြို့ခံ တဦးက ပြောသည်။

ယခုကဲ့သို့ သောက်ရေ သုံးရေ အခက်အခဲနှင့် စစ်တွေမြို့သူ မြို့သားများ ရင်ဆိုင်နေ ကြရသည်မှာ နှစ်စဉ် နွေရာသီ ရောက်တိုင်း ဖြစ် သည်။

သူက “အဆိုးဆုံး ရပ်ကွက်တွေက အုန်းတပင်၊ ရွှေပြား၊ ဆင်ကူးလမ်း၊ ဗျိုင်းဖြူရွာ၊ မင်းဂံနဲ့ စံပြရွာတွေ ဖြစ်ကြပါတယ်။ တချို့ ရပ်ကွက်တွေဆိုရင် လေးရက်ကိုထား တပတ်နေလို့တောင် ရေမလာပါဘူး” ဟု ပြောသည်။

ရေမလာသော်လည်း မြူနီစပယ်မှ ရေမီတာကောက်ရန်မှာ ပုံမှန် ရောက်ရှိနေပြီး တမီတာကို ၂၅၀ နုန်းဖြင့် ကောက်ခံနေသည်ဟု သိရသည်။

ယခုကဲ့သို့ ရေပုံမှန် မလာသဖြင့် ဗျိုင်းဖြူရွာ အပါအ၀င် တချို့ ရပ်ကွက်များတွင် ကလေးအများအပြားမှာ ၀မ်းရောဂါထိခိုက်ခံစားနေရသည်ဟု သူက ပြောသည်။

စစ်တွေ မြို့နေလူထု အနေဖြင့် သောက်ရေ သုံးရေကို ကန်တော်ကြီး တခုတည်းကိုသာ မှီခိုအားထားနေရပြီး အဆိုပါ ကန်တော်ကြီးကို အင်္ဂလိပ် အစိုးရက ၁၉၀၆ ခုနှစ်တွင် လူပေါင်း ၂၀၀၀၀ အတွက် ရည်ရွယ်ပြီး တည်ဆောက်ခဲ့သည်ဟု သိရသည်။

ယခုအခါ စစ်တွေမြို့ လူဦးရေမှာ သုံးသိန်းကျော် ရှိနေပြီဖြစ်သည်ဟု သိရသည်။

စစ်တွေရှိ လူဦးရေ အတွက် ပုံမှန်လိုအပ်နေသော ရေကို ကန်တော်ကြီးမှ ရေဖြင့် နှစ်စဉ် နှစ်တိုင်း ဖြည့်စွမ်း မပေးနိုင်သော်လည်း သက်ဆိုင်ရာမှ တစုံတရာ ကန်သစ်များ တည်ဆောက်ပေးခြင်း မရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှာ နှစ်စဉ် နှစ်တိုင်း မိုးရေချိန်လက်မ ၁၂၀ ကျော် ရွာသွန်းသော်လည်း နှစ်စဉ် နွေရာသီ ရောက်တိုင်း ရေရှားပါးမူ ဒဏ်ကို စစ်တွေသာမက တခြား မြို့ ရွာ ဒေသများ အနေဖြင့် ခံစားနေကြရသည်ဟု သိရသည်။

အန်အယ်လ်ဒီမှ မူဝါဒအသစ် ဘယ်အချိန်ပေါ်ထွက်မှာလဲ

မင်းနိုင်သူ

အန်အယ်လ်ဒီ ပါတီက (၂) ရက်ကြာ ကျင်းပ ခဲ့သော တိုင်းနှင့်ပြည်နယ် စုံညီ အစည်း အဝေး အပြီးတွင် အချက် (၅) ချက်ပါ ရွှေဂုံတိုင် ကြေညာ စာတမ်းကို ယမန် နေ့က ထုတ်ပြန်လိုက်သည်။

အဆိုပါအချက်ငါးချက်မှာ (၁) ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး၊ (၂) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) ပြန်လည်ပြင်ဆင်ရေး၊ (၃) ပါတီစည်းရုံးရေး မြှင့်တင်နိုင်ရေး၊ (၄) ၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရေးနှင့် (၅) တွေ့ဆုံဆွေးနွေးရေးတို့ဖြစ်ကြောင်း ပါတီပြောခွင့်ရသူ ဦးအုံးကြိုင်က ပြောသည်။

ယင်းအချက်များမှာ အန်အယ်လ်ဒီပါတီက အခါအားလျော်စွာထုတ်ပြန်ခဲ့သော သဘောထားထုတ်ပြန်ချက်များ အတိုင်းသာ ဖြစ်သည်။ မူဝါဒအသစ်တရပ် ပေါ်ထွက်လာခြင်းမဟုတ်။

ထိုကိစ္စမှာ ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စတရပ်သာဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားပြုပါတီ (စီအာပီပီ) အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က မြင်သည်။

“အရင်မူတွေအတိုင်း ဆက်လက်ကိုင်စွဲသွားမယ်ဆိုတဲ့ သဘောပါပဲ။ ၀ိဝါဒနည်းနည်း ကွဲနိုင်တာလေးတွေတော့ ရှိနိုင်တာပေါ့။ ဒါပေမယ့် နိုင်ငံရေးပါတီတရပ်ဆိုတာ မိမိချမှတ်ထားတဲ့ အခြေခံမူတွေကနေ သွေဖယ်တာမျိုး၊ လမ်းကြောင်းပြောင်းတာမျိုးတွေ မဖြစ်သင့်ဘူး။ ကိုယ့်ရဲ့အခြေခံမူတွေကို ကိုင်စွဲပြီးတော့ နောက်ဆုံးအချိန်ထိ တောင်းဆိုသွားတာမျိုးပဲ ကောင်းပါတယ်။ တကယ့်တကယ် ရင်ဆိုင်ရပြီဆိုရင်လည်း ဒီမူတွေပေါ်ကနေပဲ ပြတ်ပြတ်သားသား ရပ်တည်ပြီး ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်သွားသင့်တယ်လို့ မြင်ပါတယ်” ဟု ဦးအေးသာအောင်က ပြောသည်။

အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်ကမူ ယခုအစည်းအဝေးမှ ထူးခြားချက်တခုမှာ ယခင်က တွေ့ဆုံဆွေးနွေးရေးဟု အကြမ်းဖျင်း ပြောဆိုခဲ့သော်လည်း ယခုအခါ ထိုဆွေးနွေးပွဲတွင် ပါတီဘက်က ဆွေးနွေးသွားမည့် အကြောင်းအရာများကို ရှင်းရှင်းလင်းလင်း ပြောဆိုလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“အရင်ကတော့ တွေ့ဆုံဆွေးနွေးပွဲ လုပ်ပါဆိုပြီး အကြိမ်ပေါင်းများစွာ ကမ်းလှမ်းခဲ့တာပေါ့ဗျာ။ အခုဟာကတော့ တွေ့ဆုံဆွေးနွေးပွဲလုပ်ရင် ကျနော်တို့ဘက်က ဘယ်လိုအချက်အလက်တွေကို ထည့်ပြီးဆွေးနွေးဖို့ ရှိပါတယ်ဆိုပြီး ထုတ်ပြန်လိုက်ပြီဗျာ။ ကျနော်တို့က ရွေးကောက်ပွဲ အနိုင်ရထားတဲ့ပါတီဆိုတော့ လွှတ်တော်ခေါ်ပေးဖို့ပြောမှာပဲ။ နောက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးသွားမယ်။ ကျနော်တို့ပါတီရဲ့ အခြေခံမူဝါဒတွေအရ သွားရမှာပဲလေ” ဟု ဦးအုံးကြိုင်က ပြောသည်။

အကယ်စင်စစ်လည်း ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခြင်းမပြုသေးဘဲ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရန် နအဖက လောဆော်နေခြင်းဖြစ်သည်။ ထိုကိစ္စမှာ မျက်နှာပူတတ်မည်ဆိုလျှင် နိုင်ငံတကာ အသိုင်းအ၀ိုင်းကြားတွင် မျက်နှာပူစရာဖြစ်သည်။

အန်အယ်လ်ဒီပါတီက ယခင်သဘောထားများအတိုင်း တွေ့ဆုံဆွေးနွေးရေးကို ထပ်မံတောင်းဆိုခဲ့သော်လည်း နအဖဘက်မှ တဖက်သတ်အစီအစဉ်ဖြင့် ရွေးကောက်ပွဲ ကျင်းပခဲ့ပါက အချက်သုံးချက်လိုက်လျောလျှင် ရွေးကောက်ပွဲဝင်မည်ဟုလည်း ဆိုသည်။

ထိုအချက်သုံးချက်အနက် “အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင်” ဆိုသည့် အချက်ကလွဲ၍ “အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးလျှင်” နှင့် “၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုန်းများနှင့်မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်” ဆိုသည်တို့မှာ အန်အယ်လ်ဒီက အစဉ်တစိုက် ကိုင်စွဲထားသောမူဝါဒများ ဖြစ်သည်။

နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ၎င်းတို့ချမှတ်ထားသော မူဝါဒလမ်းစဉ် (၇) ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြီးခဲ့သည့် တပ်မတော်နေ့မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။

တွေ့ဆုံဆွေးနွေးရေးနှင့် စပ်လျဉ်း၍လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုဉ်းရေး၊ စီးပွားရေးအဆက်အသွယ် ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံပိတ်ဆို့ရေး လေးချက်ကို စွန့်လွှတ်မှသာ တွေ့ဆုံနိုင်မည်ဖြစ်ကြောင်း နအဖက (၄-၁၀-၂၀၀၈) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီ လာရောက်စဉ်ကလည်း ထိုအချက်ကိုပါ နအဖစစ်အစိုးရက ထပ်မံပြောဆိုသည်။

အန်အယ်လ်ဒီပါတီဘက်ကမူ ထိုကိစ္စရပ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီဘက်မှ လုပ်ဆောင်ထားခြင်းမဟုတ်ကြောင်း ပြန်လည်ထုတ်ပြန်သည်။

ထို့ကြောင့် တွေ့ဆုံဆွေးနွေးရေးဆိုသည်မှာ အလှမ်းကွာနေဦးမည့် သဘောရှိသည်။

သို့သော် အန်အယ်လ်ဒီပါတီက ရွှေဂုံတိုင်ကြေညာစာတမ်းတွင် နအဖစစ်အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို မျက်နှာမမူဘဲ ရွေးကောက်ပွဲကိုသာ တဖက်သတ် လုပ်ဆောင်ပါက အန်အယ်လ်ဒီ၏ ရပ်တည်ချက်ကို လူထုထံချပြ သွားမည်ဟု ဆိုထားသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဦးအုံးကြိုင်က “ပါတီဖွဲ့စည်းခွင့်ဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဥပဒေတို့ ထွက်လာရင် အဲဒါတွေအပေါ်မူတည်ပြီး ကျနော်တို့က ချပြသွားမှာ” ဟု ရှင်းလင်းပြောဆိုသည်။

အန်အယ်လ်ဒီပါတီအနေဖြင့် ထိုကဲ့သို့ နအဖက ဖော်ဆောင်နေသော ရွေးကောက်ပွဲအပေါ် ချဉ်းကပ်ဆွေးနွေးမှုများ ပြုခဲ့သကဲ့သို့ ပါတီဝင်အချို့ကလည်း ပါတီတွင်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာအချို့ကို ထည့်သွင်းဆွေးနွေးသွားကြ သည်။

ပဲခူးလွှတ်တော်ကိုယ်စားလှယ်ဦးမြတ်လှ ဦးဆောင်သော အစည်းအဝေးတက်ရောက်လာသော ပါတီဝင်အချို့က ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဦးအောင်ရွှေနှင့် ဦးလွင်တို့ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ကျနော့်ကို အမတ်တွေ၊ အဖွဲ့ဝင်တွေက တင်ပြပါလို့ တိုက်တွန်းလို့ ကျနော်တင်ပြခဲ့တယ်။ အန်အယ်လ်ဒီက အခုကျဆင်းသလိုဖြစ်နေတယ်။ အဲလိုကျသွားတာ အကြောင်းနှစ်ချက်ရှိတယ်လို့ မြင်တယ်။ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံကြီး တည်ထောင်မယ်လို့ ကြွေးကြော်ထားတဲ့ ပါတီကိုယ်နှိုက်က ဗဟိုဦးစီးစနစ်ကို ကျင့်သုံးနေတဲ့ အတွက် ကျဆင်းရတဲ့အကြောင်းတကြောင်း၊ နောက် ဦးအောင်ရွှေခေါင်းဆောင်တဲ့ စီအီးစီအဖွဲ့ကြောင့် ကျဆင်းလာတယ်လို့ ထင်လို့ တာဝန်အရှိဆုံးဖြစ်တဲ့ ဦးအောင်ရွှေနဲ့ဦးလွင်တို့ နုတ်ထွက်ပေးပါဆိုပြီး တောင်းဆိုခဲ့တာပါ” ဟု ဦးမြတ်လှက ပြောသည်။

ယင်းတောင်းဆိုမှုကို ပါတ်ီဝင် (၃၆) ဦးက လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည်ဟုလည်း ဦးမြတ်လှက ပြောသည်။

အစည်းအဝေး တက်ရောက်လာသူများ အချက်သုံးချက်အပေါ်တွင် မူတည်ဆွေးနွေးရန် စီအီးစီအဖွဲ့က ချပေးသော အစီရင်ခံစာ ဖတ်ရှုခွင့်ရချိန်မှာလည်း နည်းလွန်းသည်ဟု ဆိုသည်။

“(၂၇) ရက်နေ့မှာ ကျနော်တို့ကို အကြိုညှိနှိုင်းထားနိုင်ဖို့ ဆိုပြီး ပေးဖတ်တယ်ဗျာ။ ဒါပေမယ့် အချိန် နှစ်နာရီလောက်ပဲ ဖတ်ခွင့်ရတာ နည်းလွန်းတယ်။ ဒီအချိန်ရောက်မှတော့ စာတမ်းပေါက်ကြားလည်း ဘာဖြစ်လဲဗျာ။ ထုတ်ပေးလိုက်မှပေါ့။ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြဆိုပြီး။ အခုဟာက တိုင်းနဲ့ပြည်နယ်တခုကိုမှ တစောင်စီ ပဲပေးတော့ အားလုံးဝိုင်းဖတ်နေကြရတယ်” ဟု ဦးမြတ်လှက ပြောသည်။

ဦးမြတ်လှ၏ တောင်းဆိုချက်များကို ဦးခင်မောင်ဆွေက ပြန်လည်ဖြေကြားပေးခဲ့သည်ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

“ဒါဟာ တောင်းဆိုသင့် တောင်းဆိုထိုက်တယ် ထင်ရင် တောင်းဆိုပါ။ ဒါပေမယ့် ဒီအစည်းအဝေးမှာ တောင်းဆိုရမှာ မဟုတ်ပါဘူး။ တချိန်ချိန်မှာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် နုတ်ထွက်ပေးသင့်တယ် ထင်ရင် တောင်းဆိုဖို့ အခွင့်အရေး ရှိပါတယ်။ ခုဟာကတော့ အချိန်အခါ မဟုတ်သေးပါဘူးလို့ ဦးခင်မောင်ဆွေက ပြန်လည်ဖြေကြားပေးခဲ့ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

စီအာပီပ်ီအဖွဲ့ဝင်တဦးဖြစ်သူ ပူကျင့်ရှင်းထန်က အန်အယ်လ်ဒီတိုင်းနှင့် ပြည်နယ်စုံညီ အစည်းအဝေးကြီးသည် ယခုထက်ပိုစော ကျင်းပသင့်သည်ဟု ယူဆသည်။

၎င်းက “ဒီလိုအစည်းအဝေးကြီး ကျင်းပသင့်တာက ကြာပါပြီဗျာ။ အခုလို ကျင်းပဖြစ်သွားတာကိုလည်း ၀မ်းသာတယ်။ အမှန်က ဒီထက် ပိုစောစောတောင် ကျင်းပသင့်တယ်။ ဒီလိုနှောင့်နှေးမှုတွေ ရှိခဲ့တယ်ဆိုပြီး ဦးအောင်ရွှေတို့ နုတ်ထွက်ဖို့ တင်ပြတာတွေရှိတယ်လို့ ကြားပါတယ်။ ဒါက သူတို့ပါတီတွင်း ကိစ္စတွေပေါ့လေ။ ဒါပေမယ့် ဒီအချိန်မှာ တနိုင်ငံလုံးမှာ ဦးဆောင်တဲ့ပါတီက အန်အယ်လ်ဒီ တခုတည်းရှိတယ်။ အဲဒီအထဲမှာ ဦးဆောင်တဲ့သူက စီအီးစီဆိုတော့။ ဒီလိုဖြစ်နေတာကိုး။ ဟိုဘက်က အုပ်ချုပ်နေတဲ့ အစိုးရကလည်းပဲ အာဏာကို အလွန့်အလွန် သုံးစွဲမှုရှိတယ်။ နောက်ပြီးတော့ အတိုက်အခံခေါင်းဆောင်ဘက်မှာလည်း ညံ့ဖျင်းမှုရှိတယ်ဆိုပြီး သူတို့က ဒီအဆိုကို တင်တာနဲ့တူပါတယ်။ ဒီမိုကရေစီနည်းလမ်းအရဆိုရင် ကိုယ်မြင်တဲ့အတိုင်း တင်ပြခွင့်ရှိတယ်လို့ ဆိုရမှာပေါ့ဗျာ” ဟု ပြောသည်။

စုံညီအစည်းအဝေးတက်ရောက်ခဲ့သည့် ရန်ကုန်တိုင်း စည်းရုံးရေးတွဲဖက်အတွင်းရေးမှူး ဒေါက်တာမျိုးအောင်က “ဒီအစည်းအဝေးကြီးမှာ စီအီးစီအဖွဲ့အနေနဲ့ကတော့ အဖွဲ့ဝင်တွေ အကုန်လုံးကို ကိုယ်စားပြုမယ့် တိုင်းစည်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေကို ရသွားတာပေါ့ဗျာ။ အစီရင်ခံစာတွေ ဖတ်ခွင့်ရတဲ့ အချိန်ကတော့ နည်းတာပေါ့ဗျာ။ ဒါပေမယ့်လည်း ကျနော်တို့ ပြန်လည်ဆွေးနွေးနိုင်ခဲ့ပါတယ်” ဟု ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သည့် ဦးကျော်မြင့် (ဇလွန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၁) ကလည်း စာတမ်းများ ဖတ်ရှုခွင့်ရချိန် နည်းပါးသည်ဟု ဆိုသည်။ ဦးအောင်ရွှေနှင့် ဦးလွင်တို့အား နုတ်ထွက်ခိုင်းမှုအပေါ်တွင်မူ ၎င်းက ယခုကဲ့သို့ ရှုမြင်သည်။

“ကျနော်တို့ ခေါင်းဆောင်မဖြစ်ခင် ဒီပုဂ္ဂိုလ်ကြီးတွေကနေပြီး ပါတီကို ဆက်လက်ရပ်တည်နိုင်အောင်၊ သူတို့ရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ လိုက်ခဲ့ရတာပေါ့။ ဆိုတော့ ဒီအချိန်မှာ ကွဲလွဲမှုတွေ မရှိစေချင်ဘူးပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကွဲလွဲမှုတွေကို လက်ခံနိုင်တယ်ဆိုပေမယ့် မကျေနပ်ဘူးဆိုတဲ့လူတွေကလည်း အနည်းအကျဉ်းပါ”ဟု ၎င်းက ပြောသည်။

မည်သို့ပင်ဆိုစေကာမူ ပါတီစုံညီအစည်းအဝေးအတွင်း နအဖနှင့် ယှဉ်ပြိုင်လျှောက်လှမ်းရမည့် မူဝါဒသဘောထားများအပြင် ပါတီတွင်း ပြုပြင်ပြောင်းလဲမှုအတွက် ဆွေးနွေးခဲ့ကြရသည်မှာ အမှန်ပင်ဖြစ်သည်။

သို့သော် ပါတီစုံညီအစည်းအဝေးမှ မူဝါဒသစ်များ ချမှတ်နိုင်မှုကို မမြင်ရသေးဘဲ မူဝါဒဟောင်းများကိုသာ တိုင်းနှင့်ပြည်နယ်အဆင့် ဦးဆောင်သူများထံမှ သဘောထားကောက်ယူမှု ပြုခဲ့ခြင်းသာဖြစ်မည်။

မူဝါဒသစ် ပေါ်ထွက်လာနိုင်မည့်အချိန်မှာ ဦးအောင်ရွှေ၏ အဖွင့်မိန့်ခွန်းနှင့် ဦးအုံးကြိုင်တို့ပြောစကားများအရ ပါတီဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေပေါ်ထွက်ပြီးမှသာ ဖြစ်ပါလိမ့်မည်။

NLD ဥက္ကဌ ဦးအောင်ရွှေ နှင့် အတွင်းရေးမှူး ဦးလွင်တို့အား နုတ်ထွက်ရန် တောင်းဆိုခြင်း

ဥက္ကဌ ဦးအောင်ရွှေ နှင့် အတွင်းရေးမှူး ဦးလွင်တို့အား နုတ်ထွက်ရန် တောင်းဆိုခြင်း ဥက္ကဌ ဦးအောင်ရွှေ နှင့် အတွင်းရေးမှူး ဦးလွင်တို့အား နုတ်ထွက်ရန် တောင်းဆိုခြင်း 33koko97

တော်လှန်ရေးသမားနဲ့ ဓားပြ

အညတြတော်လှန်ရေးသမားတဦး

တော်လှန်ရေး သမား တွေနဲ့ ဓားပြ စစ်စစ်တွေ ဘက်ပြိုင် တိုက် ခိုက်ရပုံ အကြောင်း တော့မဟုတ်ပါ။ ဗမာပြည်မှာ ဓား ပြဆိုတာက လူအင်အား များများ စည်းရုံးထား နိုင်တာမှ မဟုတ်တာ။ ကမ္ဘာ စစ်ပြီး စတုန်းက ရှင်မတောင် ဓားပြဂိုဏ်း ကြီးလို ဓားပြဂိုဏ်း မျိုးတွေမှာ လူအင်အား တော်တော်များ တယ်လို့ ကြားဖူး ပါတယ်။ လက် နက် ကိုင် တော်လှန်ရေး အဖွဲ့တွေ ပေါ်လာတဲ့ နောက်ပိုင်းမှာ ဒီလို လူအင်အား များ တဲ့ ဓားပြ စစ်စစ်ဂိုဏ်း တွေ မရှိတော့ ပါဘူး။ ရှိလို့ လည်း ဘယ်ရမလဲ။ တော်လှန်ရေး အဖွဲ့အစည်း တွေလို နိုင်ငံရေး အရ စည်းရုံး နိုင်တာမဟုတ် တော့ လူအင်အား၊ လူထု ထောက်ခံမှု အင်အားရှိတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကို အန်တုနိုင်တာမှ မဟုတ်ဘဲ။

ခုကျနော် ဆွေးနွေး တင်ပြချင် တာက တော်လှန်ရေး သမားတွေ မိမိကိုယ်တိုင်က မသိဘဲဖြစ်စေ၊ သိသလိုလို မသိ သလိုလိုဖြစ်စေ၊ သိ လျက်နဲ့ဖြစ်စေ ဓားပြ အဖြစ်ကို ရောက်သွားကြ တာတွေရယ်။ ဓားပြ စစ်စစ်တွေ သို့မဟုတ် ဓားပြ စိတ်ဓာတ်ရှိ သူတွေက တော် လှန်ရေး အဖွဲ့အစည်း တွေထဲကို တော်လှန်ရေး လုပ်ပါမယ် ဆိုပြီး ရောက်လာ ခဲ့တဲ့ နောက်ပိုင်းမှာ ဓားပြ စိတ်ဓာတ်နဲ့ တော်လှန်ရေး အရေခြုံ ပြီး ဆက်လက် စခန်းသွား နေကြတဲ့ အကြောင်း တွေရယ်ပဲ ဖြစ်ပါတယ်။

ဒုတိယအမျိုးအစားကတော့ နောက်ဆုံး ရန်သူစစ်အစိုးရဆီမှာ လက်နက်ချပြီး ဂိတ်ကြေးကောက်စားနေတဲ့ လက်နက်ကိုင် အုပ်စုတွေအဖြစ်ကို ရောက်သွားတတ်ကြပါတယ်။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ အဲဒီလူစားတွေဟာ နဂိုမူလကတည်းက တော်လှန်ရေးအဖွဲ့အစည်းထဲမှာ ရှိနေကြပေမယ့် တော်လှန်ရေး စိတ်ဓာတ်မရှိဘဲ ဓားပြစိတ်ဓာတ်နဲ့ တော်လှန်ရေးထဲရောက်လာကြလို့သာ စစ်အစိုးရဆီမှာ လက်နက်ချပြီး အခုလို ဂိတ်ကြေး ကောက်စားတဲ့ အလုပ် (ဓားပြတိုက်စားတဲ့သဏ္ဌာန်တမျိုး) ကို လုပ်နေကြတာကြောင့်ပဲ ဖြစ်ပါတယ်။

မူလ တော်လှန်ရေးအဖွဲ့အစည်းက မတရားလို့ ခွဲထွက်ပြီး ခုလိုလုပ်ရခြင်းဖြစ်ပါတယ်လို့ သူတို့ဘက်က အကြောင်းပြနိုင်ပါတယ်။ မူလအဖွဲ့အစည်းက မတရားလို့ ခွဲထွက်ရပါတယ်ဆိုရင် ဘာ့ကြောင့် မတရားတကာ့ မတရားဆုံးထွဋ်ခေါင် စစ်အစိုးရဆီမှာ ဓားပြတိုက်စားခွင့် လိုက်စင်ဝင်ယူထားရတာလဲလို့ ပြန်မေးရပါလိမ့်မယ်။

သူတို့ကိုတော့ လူထုက ဓားပြတွေလို့ပဲ ပြတ်ပြတ်သားသား သတ်မှတ်ပါတယ်။ ဒါပေမယ့် ဓားပြမှုနဲ့ ပုလိပ်ကို သွားတိုင်လို့ရတဲ့ ဓားပြမျိုးမဟုတ်တော့ လူအင်အားများတဲ့အပြင် နိုင်ငံတော်အစိုးရဆီက ဓားပြတိုက်စားခွင့်လိုင်စင် တရားဝင်ရရှိထားတဲ့ ဓားပြစစ်စစ် အဖွဲ့တွေလို့လည်း ဆိုနိုင်ပါတယ်။ (ယူနီဖောင်းတွေဝတ်ပြီး၊ ဗက်တံဆိပ်တွေပါ တပ်ထားလိုက်ပါသေးတယ်။ တော်လှန်ရေးနယ်မြေမှာလည်း ဘယ်သူ့အားကိုးနဲ့လည်း မသိ၊ အဲဒီလို ဗက်တံဆိပ် တပ်ပြီး စစ်ကြောင်းကြီးနဲ့ ချီတက်လှုပ်ရှားခဲ့တဲ့ ဓားပြတပ်ကြီးတွေရှိခဲ့ဖူးကြောင်း နောက်ပိုင်းမှာဖော်ပြပါမယ်။)

ကျနော်တော်လှန်ရေးထဲရောက်လာပြီး နှစ်တချို့ကြာလာတဲ့အခါ လက်နက်ကိုင်ပြီး ဗိုလ်ကျစားသောက်ချင်တဲ့ လူစား တစားရှိကြောင်း သတိပြုမိလာခဲ့ပါတယ်။ ဒါကို လူ့သဘာဝတခုရယ်လို့ မဆိုလိုပါ။ တည်ဆဲလူနေမှုစနစ်ရဲ့ ပတ်ဝန်းကျင်အခြေအနေနဲ့ အချိန်အခါ (social context) မှာ ဖြစ်ပေါ်လာခဲ့တဲ့ စိတ်နေစိတ်ထားတမျိုးလို့ပဲ ဆိုချင်ပါ တယ်။

ကျနော်တွေ့ဖူးတဲ့ လူတချို့အကြောင်းကို ဖော်ပြပါမယ်။ သူတို့က တော်လှန်ရေးအဖွဲ့အစည်းတခုရဲ့ နယ်မြေထဲက ဓားပြတွေပါ။ လစ်ရင်လစ်သလို သူတို့တွေ ဓားပြတိုက်စားနေတာကို တော်လှန်ရေးအဖွဲ့အစည်းက သိတော့ အရေး ယူမယ်လုပ်ပါတယ်။ ဒါနဲ့ပဲ သူတို့အဖွဲ့က နယ်မြေချင်းထပ်လျက် (ဒီနေရာမှာ နယ်မြေချင်း ထပ်တယ်လို့ပြောရတာ ကတော့ တော်လှန်ရေးအဖွဲ့အစည်း အားလုံးနီးပါးဟာ လူမျိုးစုတွေကို အခြေခံထားတာကြောင့် နယ်မြေတွေဟာ နေရာအတော်များများမှာ ထပ်နေတတ်တာကြောင့်ပဲ ဖြစ်ပါတယ်။ ဥပမာ နယ်မြေ သို့မဟုတ် ကျေးရွာတရွာကို သူပိုင်တယ်၊ ငါပိုင်တယ်ဆိုပြီး သူရောငါရော တပြန်တလှည့်စီ ဝင်အုပ်ချုပ်နေတာ၊ အခွန်ကောက်နေတာမျိုးကို ဆို လိုပါတယ်။) အခြားအဖွဲ့တဖွဲ့ဆီမှာ သွားပေါင်းပါတယ်။

အဲဒီအခြားအဖွဲ့က သူတို့ကို (ဓားပြမှန်းသိပေမယ့်) လိုလိုလားလား လက်ခံပါတယ်။ နယ်ခံဖြစ်တဲ့ သူတို့တတွေကို အားကိုးပြီး နယ်မြေ စိုးမိုးဖို့ရယ်၊ ဒါနဲ့တဆက်တည်း အခွန်ကောက်ခံရရှိဖို့ရယ်အတွက်ပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဲဒီဓားပြခေါင်းဆောင်ဟာ နာမည်ရှေ့မှာ ဗိုလ်ဘွဲ့ခံထားတဲ့ တော်လှန်ရေးထဲက ဗိုလ်တယောက်ဖြစ်လာခဲ့ပါ တယ်။ ရန်သူ့ထိုးစစ်အပြီးမှာ အဲဒီဗိုလ်ရာထူးနဲ့ပဲ ဒုက္ခသည်စခန်းထဲ ရောက်သွားခဲ့ပါတယ်။ ဗိုလ်ရာထူးနဲ့ ဒုက္ခသည် စခန်းထဲမှာနေရတာကို မပျော်ပိုက်ဖူးနဲ့ တူပါတယ်။ လက်နက်ကိုင်လှုပ်ရှားဆဲ တခြား တော်လှန်ရေးအဖွဲ့ တဖွဲ့ထဲကို ဝင်ပြန်ပါတယ်။ အဲဒီအဖွဲ့ကလည်း နောက်ပိုင်းမှာ လက်နက်ကိုင်လှုပ်ရှားမှု ဆက်မလုပ်နိုင်တော့၊ တခါ အထက်မှာ ပြောခဲ့တဲ့ ဓားပြတိုက်စားခွင့်လိုင်စင် တရားဝင်ရရှိထားတဲ့ ဓားပြစစ်စစ်အဖွဲ့တဖွဲ့ထဲကို ဝင်သွားပြန်ပါတယ်။ သူ့အတွက် ဒီ့ထက် အံဝင်ခွင်ကျဖြစ်တဲ့နေရာ မရှိတော့ဘူးနဲ့တူပါတယ်။ အဲဒီအဖွဲ့ထဲမှာ မြဲနေပါတယ်။

ကျနော်တော်လှန်ရေးထဲ မရောက်ခင်တုန်းကလည်း မြစ်ဝကျွန်းပေါ်ဒေသအောက်ပိုင်း (ပင်လယ်နဲ့နီးတဲ့အပိုင်း) မှာ တော်လှန်ရေးအဖွဲ့အစည်းတွေ မရှိတော့တဲ့နောက်ပိုင်း လက်နက်ပုန်းကိုင်ပြီး နယ်မြေဗိုလ်လေးတွေ လုပ်နေကြ သူတွေကို တွေ့ဖူးပါတယ်။ မြစ်ဝကျွန်းပေါ်အောက်ပိုင်းဒေသဟာ ဧရာဝတီမြစ်ရဲ့မြစ်ခွဲတွေ ယှက်ဖြာနေလို့ ကျွန်းကလေးတွေလို အစိတ်စိတ်အမြွှာမြွှာကွဲထွက်နေပါတယ်။ ကျနော်တွေ့ရှိရသလောက် တကျွန်းမှာ တဗိုလ် မင်းမူပါတယ်။ မိုက်ဂုဏ်လည်းရှိ၊ ငွေကြေးလည်းရှိ၊ ဆွေမျိုးအုပ်လည်းတောင့်၊ စကားအပြောအဆိုလိမ္မာပါးနပ်ပြီး ပြောရဲဆိုရဲလည်း ရှိတဲ့သူတွေဟာ လက်နက်ပုန်းဆောင်၊ တပည့်လက်သားမွေး၊ အာဏာပိုင်တွေနဲ့ အလွမ်းသင့် အောင် ပေါင်းနိုင်ပြီဆိုရင် သူဟာ နယ်မြေဘုရင်လေးဖြစ်သွားပါပြီ။

တော်လှန်ရေးနယ်မြေမှာ (နယ်မြေဆိုင်ရာတော်လှန်ရေး အဖွဲ့အစည်းမှာ တင်းကျပ်တဲ့ ကျင့်ဝတ်စည်းကမ်း၊ စစ်မှန်တဲ့ တော်လှန်ရေးဦးတည်ချက်၊ တော်လှန်ရေးဦးတည်ချက်နဲ့အညီ နိုင်ငံရေးအရ ပညာပေးမှုတွေမရှိရင်၊ လက်နက်ကိုင်တပ်ဖွဲ့တွေ မတော်မတရားမလုပ်နိုင်အောင် ထိန်းကွပ်ပေးဖို့ အခြေခံဒေသလူထုကြီးကို အာဏာ အပ်နှင်းမထားရင်) အဲဒီလို ဓားပြစိတ်ဓာတ်ရှိသူတွေဟာ တော်လှန်ရေးထဲကို လွယ်လွယ်လေး လျှိုဝင်ပြီး တော်လှန်ရေးအမည်ခံ ဓားပြဗိုလ် လုပ်စားလို့ ရနိုင်ပါတယ်။

အဲဒီလို အဖွဲ့အစည်းမျိုးမှာ ရန်သူ့ဘက် သေနတ်ပြောင်းလှည့်ပြီး ပစ်တာခတ်တာ (ဒီနေရာမှာ စစ်တိုက်တယ်ဆိုတဲ့ အသုံးအနှုန်းကို ကျနော်မသုံးလိုပါ၊ စစ်ရေးစီမံကိန်းမရှိ၊ ရန်သူ့တပ်ကို ချေမှုန်းပြီး တတိုင်းပြည်လုံး လွတ်မြောက်အောင် လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲသွားရေးဆိုတဲ့ စစ်ရေးရည်မှန်းချက် အရမဟုတ်ဘဲ ရန်သူကို လက်ဦးမှုယူ ခြောင်းမြောင်းတိုက်ခိုက်နေရုံလောက်သာလုပ်တာကို တော်လှန်ရေးစစ်တိုက်နေတယ်လို့ ကျန်ာမယူဆပါ) များများလုပ်၊ အခွန် များများကောက်ပေးနိုင်ရင် ဗိုလ်ဖြစ်လွယ်ပါတယ်။

အဲဒီလို ဗိုလ်မျိုးတွေဟာ အခွန် (ဝါ) စစ်အောင်နိုင်ရေးရန်ပုံငွေ ကောက်ပါတယ်။ ဂိတ်မှူးတွေ၊ သစ်တောအခွန် ကောက်သူတွေ၊ နိုင်ငံခြား သစ်လုပ်ငန်းရှင်တွေနဲ့ ဆက်ဆံရတဲ့ သူတွေဆိုရင် ချမ်းသာသွားကြပါတယ်။ ချမ်းသာမှု အတိုင်းအတာကတော့ ဂိတ်အဝင်အထွက် ကုန်စည်ပမာဏနဲ့ သစ်လုပ်ငန်း ဘယ်လောက်ကြီးသလဲဆိုတာပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားပါတယ်။ တခါတုန်းက သစ်လုပ်ငန်းမှာ တာဝန်ကျတဲ့ ဗိုလ်တယောက်ဟာ ခုမြို့ပေါ်မှာ ရွှေဆိုင်ကြီး ဟည်းနေအောင်ဖွင့်ထားတာကို လူတိုင်း မေးငေါ့နေကြတယ်လို့ ကြားပါတယ်။ ဒီလူစားတွေကို ဓားပြစာရင်းထဲမှာ တို့ထားရတာကတော့ တော်လှန်ရေးအတွက် မဟုတ်ဘဲ ကိုယ်ကျိုးအတွက် အဖွဲ့အစည်း၊ လက်နက်နဲ့အာဏာကို အကြောင်းပြုပြီး ငွေရှာလို့ပဲ ဖြစ်ပါတယ်။

တချို့ကတော့ ဓားပြစစ်စစ်ဘဝမှာနေရင်း တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လက်ချက်နဲ့ ခေါင်းပြတ်သွားမယ့်အစား တော်လှန်ရေးရေခြုံဘဝနဲ့ ဓားပြတိုက်စားတာက ပိုဟန်ကျမယ်လို့ တွက်ပုံရပါတယ်။ အစိုးရစစ်တပ်ရဲ့ရန်ရော၊ တော်လှန်ရေးသမားတွေရဲ့ရန်ရော ကြောက်နေရတဲ့ဘဝထက်စာရင် အန္တရာယ်တဘက်ငြိမ်းသွားတာပေါ့။

တချို့အဖွဲ့အစည်းတွေနဲ့ တချို့နယ်မြေခေါင်းဆောင်တွေဟာ နဂိုကတည်းက တော်လှန်ရေးစိတ်ဓာတ်မရှိတာ သို့မဟုတ် တော်လှန်ရေးစိတ်ဓာတ်ချွတ်ခြုံကျတာတွေကြောင့် အဲဒီလို လူစားတွေကို ဓားပြမှန်းသိရက်နဲ့ ငွေရှာဖို့ အတွက် မွေးထားတတ်ကြပါတယ်။

တခါတုန်းက ကျနော် ပင်လယ်ကမ်းခြေနယ်မြေတခုကိုရောက်လို့ မနက်အိပ်ရာအထမှာ ဆိပ်ကမ်းက ပဲ့ချိတ်စက်လှေတစီးပေါ်က လက်နက်ကြီးလက်နယ်ငယ်တွေကိုင်ထားတဲ့ လူ (၅)ယောက်လောက်ကို အမှတ်မထင် မြင်မိပါတယ်။ ယူနီဖောင်းဝတ်ထားတာလည်း မဟုတ်ကြတော့ ကြည့်ရတာ တော်တော်အမြင်မတော်စရာပါ။ ရုပ် တွေကလည်း လူမိုက်ပုံတွေ၊ ဝတ်ထားတာကလည်း ရုပ်ရှင်ထဲက လူကြမ်းတွေနဲ့ တပုံတည်းပါပဲ။ “ခင်ဗျားလူတွေ ကြည့်ရတာ ရုပ်ရှင်ထဲက လူကြမ်းတွေနဲ့ တူလိုက်တာဗျာ” လို့ ကျနော်က၊ နယ်မြေတပ်မှူးကိုပြောတော့ “တူမှာပေါ့ ဗျာ၊ ဓားပြတွေပဲဟာ၊ ပင်လယ်ထဲထွက်ပြီး အခွန်ကောက်ဖို့ သူတို့ကို သုံးနေရတာ” လို့ ပြန်ပြောပါတယ်။ ဘယ်သူက ဘယ်သူ့ကို အသုံးချနေသလဲဆိုတာ အဲဒီတုန်းက ကျနော် မဝေခွဲတတ်ပေမယ့် အဲဒီလိုလူတွေ (ငယ်သားတွေရော၊ တပ်မှူးပါ) ထဲက မသေလို့ကျန်နေသူတွေမှန်သမျှဟာ တော်လှန်ရေးအကျပ်အတည်း တွေ့တဲ့အချိန်မှာ လက်နက်ချသွားကြတာကိုတော့ ကျနော်မှတ်သားမိပါတယ်။

ရန်သူ့ထိုးစစ်ကြောင့် မိမိနယ်မြေအတွင်းပိုင်းမှာ သို့မဟုတ် နယ်စပ်မှာနေလို့မရတော့တဲ့အခါမှာ လက်နက်ချသွားသူ တွေရှိသလို၊ ထိုင်းနိုင်ငံထဲမှာ အမှီအမျိုးမျိုးနဲ့ နေထိုင်ကြသူတွေလည်းရှိပါတယ်။ ငွေရှာပေးဖို့ ငယ်သားမွေးနိုင်သူ တချို့ခေါင်းဆောင်တွေက ငွေရှာတဲ့လုပ်ငန်းကို ဆက်လုပ်ကြပါတယ်။ ဒါကို ဓားပြတိုက်စားတယ်လို့ပဲ ပြောရပါလိမ့် မယ်။ လူထုကို စည်းရုံးတာ၊ အလုပ်အကျွေးပြုတာဆိုလို့ ဘာတခုမှမလုပ်ဘဲ ကိုယ်ကျိုးအတွက် သက်သက် လက်နက်အားကိုးနဲ့ ငွေရှာတာကို ဓားပြတိုက်စားတာလို့ မပြောရင် တခြားပြောစရာ စကားလုံးမရှိတော့တာ အမှန်ပါ။

အဖွဲ့အစည်း နာမည်သုံးပြီး ဒီလိုဓားပြတိုက်စားတဲ့ အလုပ်မျိုးကို လုပ်ပေးမယ့် လက်အောက်ငယ်သားတွေလည်း ရှိတတ်ပါတယ်။ ရတဲ့ငွေထဲက အလုံးလိုက်အရင်းလိုက်ကို ခေါင်းဆောင်ဆီအပ်ရတယ်ဆိုပေမယ့် စာရင်းမရှိ အင်းမ ရှိ သုံးချင်ရာ သုံးခွင့်ရတာကို ကျေနပ်ပြီး ငါတော်လှန်ရေးလုပ်နေတာပဲလို့ မိမိကိုယ်မိမိ ရမ်းသမ်းဂုဏ်ယူ နေတတ်သူတွေဟာ နောက်ဆုံး ရန်သူ့လက်ချက်နဲ့သေသွားတဲ့အထိ သူတို့တတွေ တော်လှန်ရေးအတွက် လုပ်နေ တာလား၊ ဘယ်သူ့အတွက် အသုံးချခံနေရတာလဲဆိုတာကို သိမသွားကြရှာပါဘူး။

တချို့နယ်မြေခေါင်းဆောင်တွေဟာ တော်လှန်ရေးထဲမှာ အနေကြာလာတဲ့အခါ တော်လှန်ရေးသမားတွေမှာ ရှိအပ်တဲ့ အတွေးအခေါ်တွေ ချွတ်ခြုံကျလာပြီး ရန်သူ့ဆီမှာ လက်နက်ချအညံ့ခံလိုစိတ်လည်းမရှိတာကြောင့် တော်လှန်ရေးထဲမှာ တောပုန်းကြီးတွေအဖြစ်နဲ့ပဲ ရပ်တည်သွားကြတာကို တွေ့ရပါတယ်။ နိုင်ငံရေးအရ ခေါင်းဆောင်မှု ပေးနိုင်တော့တာလည်းမဟုတ်တော့ လူဆိုးလူမိုက်တွေမွေးပါတယ်။ ငွေရှာခိုင်းပါတယ်။ မွေးထားတဲ့ တပည့်လက်သား လူမိုက်တွေကလည်း တော်လှန်ရေးဆိုတာ တောထဲမှာ လက်နက်ကိုင်ပြီး အသက်တချောင်း ရှင်သန်ရေးလုပ်တာလောက်ပဲ နားလည်ထားတော့ ဓားပြတိုက်သလိုမျိုး အခွန်ကောက်ပါတယ်။ ခေါင်းဆောင်ကြီး လိုတဲ့ငွေပမာဏကို အခွန်ပဏ္ဏာအဖြစ် ဆက်သပါတယ်။ (ငွေရှာကောင်းလှပါချည်ရဲ့ဆိုတဲ့ တပ်မှူးတယောက်က သူနဲ့ အဆင့် မတိမ်းမယိမ်း တပ်မှူးတယောက်ကို “ကျနော်က ခင်ဗျားလိုစစ်တိုက်မကောင်းပေမယ့်၊ ငွေကောင်းကောင်း ရှာနိုင်တယ်ဗျ” လို့ ရင်ကော့ပြောဖူးကြောင်း ကြားခဲ့ဖူးပါတယ်။)

ခေါင်းဆောင်ကြီးဖြစ်သူက ရတဲ့ငွေကိုလက်ကိုင်ပြုပြီး သူ့ရဲ့ဘုန်းတန်ခိုးအာဏာစက်ကို ဆက်လက်တည်မြဲနေ အောင် ထိန်းထားပါတယ်။ တော်လှန်ရေးထဲက နယ်မြေခေါင်းဆောင်တချို့မှာ ရှိတတ်တဲ့ ဓားပြခေါင်းဆောင်လို လုပ်ရပ်မျိုးဖြစ်ပါတယ်။ တချို့နယ်မြေတပ်မှူးကြီးတွေ၊ နယ်မြေခေါင်းဆောင်တွေဆိုရင် စုမိဆောင်းမိထားတဲ့ တိုက်ရာပါပစ္စည်းတွေကို အရင်းအနှီးပြုပြီး ပြည်ပနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ (သားသမီး၊ ဆွေမျိုးရင်းချာထဲက မျက်နှာလွှဲလို့ရမယ့် လူယုံ လူရင်းတွေထားပြီး) လုပ်နေတာ၊ အစုရှယ်ယာဝင်ထားတာတွေရှိကြောင်း ကြားဖူးပါ တယ်။ ဘယ်သူမှ သူတို့ကို ဝေဖန်ရဲကြတာမဟုတ်တော့ တိုးတိုးတိတ်တိတ်သာ ကြားရတာပါ။

တချို့နယ်မြေတပ်မှူးတွေဆိုရင် ဒီထက်တောင်ဗြောင်ကျပြီး ဓားပြအဖွဲ့တွေ ထောင်ထားတယ်လို့တောင် သံသယရှိရ မယ့် သူတွေဖြစ်ပါတယ်။

ကျနော့်ကိုယ်တွေ့ဖြစ်ရပ်တချို့ကို တင်ပြပါမယ်။ တခါတုန်းက ကျနော်တို့ရဲဘော် (၃၊ ၄) ယောက် ရွာကြီးတရွာကို ရောက်လို့ မကြာခင်မှာဘဲ သက်လတ်ပိုင်းအရွယ် ရွာလူကြီးက ရွာထဲကို ရန်သူ့စစ်ကြောင်းကြီး ရောက်လာတော့ မယ့်အကြောင်း သတင်းပေးပြီး ကျန်ာတို့ကို ရွာပြင်တောထဲက ချောင်တချောင်မှာ နေရာချပေးပါတယ်။ နောက် (၂) ရက်လောက်ကြာမှ ရွာလူကြီးပေါ်လာပါတယ်။ ရန်သူ့စစ်ကြောင်း ရွာထဲက ထွက်သွားပြီးလို့ မကြာခင်မှာ လူအင်အား (၇ဝ) လောက်ရှိတဲ့ ဓားပြအဖွဲ့ရောက်လာကြောင်း၊ မောင်းပြန်သေနတ်တွေကိုင်၊ ယူနီဖောင်းဝတ်ပြီး ဗက်တံဆိပ်တွေ တပ်ထားကြောင်း၊ သူတို့လိုတဲ့ငွေပမာဏကို တောင်းယူပြီးတဲ့အပြင် ရွာထဲကဈေးဆိုင်တွေ မှာလည်း သူတို့လိုချင်တဲ့ ပစ္စည်းမှန်သမျှကို ဆွဲယူသွားကြောင်း ပြောပါတယ်။

ရွာလူကြီးပြောပုံအရ သူ့အဖို့ ဒီလိုဓားပြအဖွဲ့မျိုးဟာ မဆန်းတော့သလိုပါဘဲ။ ရန်သူ့တပ်တွေရော တော်လှန်ရေး လက်နက်ကိုင်တပ်တွေပါ ခြေချင်းလိမ်နေတဲ့ ဒီလိုနေရာမျိုးမှာ ဒီလိုဓားပြတပ်ကြီးမျိုး လှုပ်ရှားနိုင်တာဟာ အံ့သြစရာ ပါ။ ဘယ်လိုဓားပြမျိုးပါလိမ့်။ ရှိန်းဆာရာမို မောက်တဲ့ ကိုယ်ပျောက်တပ်လို့တောင် ထင်စရာပါပဲ။

ဒီထက်အံ့သြစရာကောင်းတာ ရှိပါသေးတယ်။ မကြာခင်မှာ နယ်မြေချင်းထပ်နေတဲ့ အဖွဲ့အစည်းနှစ်ခုရဲ့ နယ်မြကိုယ်စားလှယ်များကျင်းပတဲ့ ဓားပြနှိမ်နင်းရေးဆွေးနွေးပွဲတခုကို လေ့လာသူအနေနဲ့ ကျနော်တက်ခွင့် ရခဲ့ပါတယ်။ နှစ်ဘက် ကိုယ်စားလှယ်များရဲ့အတည်ပြုချက်အရ ဓားပြအဖွဲ့ဟာ တောလမ်းတနေရာမှာ ဂိတ်ဖွင့်ပြီး အခွန်ကောက်နေကြောင်း သိရပါတယ်။ ကျနော်မှတ်မိသလောက် အစည်းအဝေးဆုံးဖြတ်ချက်မှာ ဓားပြနှိမ်နင်းရေး ကို နှစ်ဖွဲ့ပူးပေါင်းဆောင်ရွက်မယ်ဖြစ်ကြောင်း၊ ဓားပြတွေရဲ့ဂိတ်ကို နှစ်ဖွဲ့ပူးပေါင်းတိုက်ခိုက်ဖယ်ရှားပစ်မယ် ဖြစ်ကြောင်း၊ တဖွဲ့ရဲ့နယ်မြေထဲကို အခြားတဖွဲ့က ဝင်ရောက်ဖြတ်သန်းမယ်ဆိုရင် ဓားပြအဖွဲ့နဲ့ခွဲခြားလို့ရအောင် သက်ဆိုင်ရာနယ်မြေတပ်မှူးကို အသိပေးရမယ် ဖြစ်ကြောင်းတို့ ပါရှိပါတယ်။ နှစ်ဖွဲ့စလုံးရဲ့ကိုယ်စားလှယ်တွေ တကယ်ရိုးရိုးသားသား တက်တက်ကြွကြွ ဆွေးနွေးနေကြတာလို့ ကျနော်ယုံကြည်မိပါတယ်။

မကြာပါ။ တနေ့ ကျနော်ရွာတရွာကို ဖြတ်သွားနေတုန်း အထက်မှာဖော်ပြခဲ့တဲ့ အဖွဲ့အစည်းတခုရဲ့ ကိုယ်စားလှယ်က အိမ်တအိမ်ထဲကနေ ထွက်လာပြီး “ဆရာရေ၊ ဆရာနဲ့တွေ့တာ အတော်ပဲဗျ၊ ကျနော်တို့အဖွဲ့အစည်းက ၁/- အမိန့် ထုတ်လိုက်ပြီဗျ၊ ဓားပြတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ အမိန့်လေ။ ဖေဖော်ဝါရီလကုန်အထိ လွတ်ငြိမ်း ချမ်းသာခွင့်ပေးထားတာဆိုတော့ ဆရာရေ။ နှစ်လ အချိန်ရသေးတယ်ဗျ။ ဆရာတို့နဲ့ ကျနော်တို့ပေါင်းပြီး ဟတ်ဘိုင်ဟတ် လုပ်လိုက်ကြရအောင်” လို့ ခပ်ရွှင်ရွှင်လေးပြောပါတယ်။ သူ့အဖွဲ့ အစည်းကို သူပြန်သရော်နေတဲ့ သဘောလို့ ကျနော် နားလည်ခံစားမိပါတယ်။ သူက တက္ကသိုလ်ကျောင်းထွက်ပညာတတ်၊ စည်းရုံး ရေးမှူးတယောက် မို့လို့ မဟုတ်မတရား လုပ်တာကို မနှစ်မြို့သူလို့ ယူဆရပါတယ်။ သူပြောတဲ့အချိန်မှာ သူနဲ့ဆွေးနွေးခဲ့တဲ့ တဘက် အဖွဲ့အစည်းရဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနေပါတယ်။ သူ့အဖွဲ့အစည်းက ဒီလိုဒီလိုရှိနေပေမယ့် သူကတော့ ရိုးသားတဲ့ တော်လှန်ရေး သမား ဖြစ်ကြောင်း ဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ နောက် မကြာပါဘူး။ ဓားပြတွေ လက်နက်ချတဲ့ အခမ်းအနားလုပ်တယ်လို့ ကြားပါတယ်။

တနှစ်လောက်အကြာမှာ ဓားပြတွေ တစခန်းထလာပြန်ပါတယ်။ ထူးခြားတာကတော့ နယ်မြေချင်းထပ်နေတဲ့ နယ်မြေရဲ့ အခြားတဘက်က လူမျိုးတမျိုးရဲ့နယ်မြေမှာပဲ ဓားပြတိုက် တော့ခြင်းပါပဲ။ ဓားပြအဖွဲ့ဟာ ဘယ်လူမျိုးရဲ့ အဖွဲ့လဲဆိုတာကို လူတိုင်းသိနေကြပါတယ်။ ခံရတဲ့ လူတွေဘက်ကပြောပါတယ်။ “မျိုးချစ်ဓားပြ” တွေပါတဲ့။ ဒါပေမယ့် ဓားပြအဖွဲ့ဝင်အားလုံးဟာ လူမျိုးတမျိုးတည်းလားဆိုတော့ မဟုတ်ပြန်ပါဘူး။ တဘက်လူမျိုးရဲ့ နယ်မြေမှာ လှုပ်ရှားမယ်ဆိုတော့ သူခိုးလမ်းပြ နယ်ခံလူ လိုပါတယ်။ ပစ်မှတ်ထားခံရတဲ့ လူမျိုးထဲက လူတချို့ပါပဲ။ အဲဒီနယ်ခံလူက မိမိလူမျိုးများအပေါ်မှာ တဘက် လူမျိုးဓားပြတွေနှိပ်စက်တာ (ဓားပြတိုက်ရုံမကပါဘူး။ မိန်းကလေးတွေကိုပါ ဖမ်းခေါ်သွားပြီး မတော်မတရားပြုပါတယ်။ ရိုက်နှက်သတ်ဖြတ်တာတွေတောင် လုပ်တတ်ပါ တယ်။) ကို မျိုးချစ်စိတ်ကြောင့် မကြည့်ရက်တော့တာ ကြောင့်လား၊ ကြာရင် နှုတ်ပိတ်ခံရတော့မှာကို ကြောက်လာမိ တာကြောင့်လားတော့ မသိပါ။ မိမိလူမျိုးရဲ့ တော်လှန်ရေးတပ်ဖွဲ့ထဲကို ပြေးဝင်ခိုလှုံပါတယ်။ ကျနော်နဲ့ရင်းနှီးတဲ့ အဲဒီလူမျိုးရဲ့ နယ်မြေခေါင်းဆောင်က “ဒီကောင် အသတ်ခံရမှာစိုးလို့ တပ်ထဲမှာ ထည့်ထားရတယ်” လို့ ကျနော့်ကို ပြောပြပါတယ်။

ဒီတော့ ဓားပြအဖွဲ့မှာ ဘယ်သူတွေပါသလဲဆိုတာကအစ အိတ်သွန်ဖာမှောက် အကြောင်းစုံကို တဘက်လူမျိုးရဲ့အဖွဲ့ အစည်းက ကောင်းကောင်းသိသွားပြီပေါ့။ ဓားပြတိုက်မှုတွေ စိပ်လာတာနဲ့အမျှ ခံရတဲ့ဘက်ကလည်း ဓားပြနှိမ်နင်းရေး စိတ်ဓာတ် ပြင်းထန်လာပါတယ်။ သူတို့လူမျိုးထဲက ဓားပြဆိုရင် နှိမ်နင်းရတာ ဘာခက်လိမ့်မလဲ။

ကျနော်အထက်မှာ တင်ပြခဲ့သလို ဓားပြအဖွဲ့က တော်လှန်ရေးအဖွဲ့အစည်းကို အန်တုပြီးမရပ်တည်နိုင်ပါဘူး။ ဓားပြတိုက်မှုတွေကလည်း ခပ်စိပ်စိပ်ဖြစ်လာ၊ ဓားပြနှိမ်နင်းရေးအတွက်လည်း တဘက်အဖွဲ့အစည်းက သဲကြီးမဲကြီး ကြိုးပမ်းလာတော့ တနေ့မှာ ဓားပြဗိုလ်တယောက်ကို ဖမ်းမိပါတယ်။ နှယ်နှယ်ရရ ဓားပြဗိုလ်မဟုတ်ပါဘူး။ M72 ဒုံးပစ်လောင်ချာ (၂) လက်ရယ်၊ Walkie-talkie စကားပြောစက်ရယ်နဲ့တကွ လက်ဝယ်ဖမ်းဆီးရမိတာပါ။

တော်လှန်ရေးနယ်မြေမှာတော့ အများအားဖြင့် ဓားပြမှုအတွက်ဆိုရင် သေဒဏ်ပါပဲ။ ဒီတော့ တဘက်အဖွဲ့အစည်းက အဲဒီပုဂ္ဂိုလ်ဟာ သူတို့တပ်ထဲက ဗိုလ်ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်း၊ ပြန်လွှတ်ပေးပါဆိုတဲ့အကြောင်း ဆက်သွယ် လာပါတယ်။ နောက်ကျသွားပါပြီ။ ဓားပြကို စိတ်နာနေတဲ့သူတွေက ဒီဓားပြဗိုလ်ကို တွေရာသင်္ချိုင်း ဓားမဆိုင်း လုပ်ပြီးပါပြီ။ ဒါနဲ့ပဲ ဓားပြအဖွဲ့ရဲ့ခေါင်းကိုင်ဖခင်ကြီး သို့မဟုတ် ခေါင်းကိုင်ဖခင်ကြီးတွေက နောက်တွန့်သွားသလား မသိပါ။ ဓားပြရန် အေးသွားတယ်လို့ သိရပါတယ်။

နောက်တမျိုးကတော့ နယ်မြေတပ်မှူးကြီးတဦးက သူ့ရဲ့ရှေတန်းတပ်တွေကို မိမိနယ်မြေရဲ့အပ အခြားအဖွဲ့ အစည်းရဲ့ နယ်မြေမှာ အခွန်ကောက်ခွင့်ပေးခြင်းပါပဲ။ မိမိနယ်မြေထဲမှာတော့ မိမိရဲ့အုပ်ချုပ်ရေးဌာန တာဝန်ရှိ သူတွေက ကောက်ရပါတယ်။ ရှေ့တန်းတပ်မှူးတွေက အခြားအဖွဲ့အစည်းရဲ့နယ်မြေမှာ ကောက်လို့ရရှိသမျှ အခွန်ငွေရဲ့တဝက် ကို အဲဒီနယ်မြေတပ်မှူးကြီးဆီအပ်ရပြီး ကျန်တဝက်ကို တပ်အတွက် သုံးခွင့်ရပါတယ်။ တပ်အတွက်ဆိုတာကလည်း တပ်မှူးအတွက်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီလိုမက်လုံးမျိုးနဲ့ဆိုတော့ တပ်မှူးလေးတွေက အခွန်ကို ပျော်ပျော်ကြီး ကောက်ကြတော့တာပေါ့။ နောက်ပိုင်းမှာ ရန်သူက တပ်မတွေ အများအပြားသုံးပြီး စစ်ဆင်ရေးလုပ်လာတော့ အဲဒီရှေ့တန်းတပ်တွေအားလုံး ရန်သူ့ဆီမှာ ဒူးထောက်အညံ့ခံ သွားခဲ့ကြပါတယ်။ မိုက်ပေ့ တိုက်ရဲပေ့ ဆိုတဲ့ ဗိုလ်တွေပေါ့။ တပ်စိပ်မှူးကအစ ဗိုလ်ဘွဲ့ခံထားကြသူတွေဖြစ်ပါတယ်။ ဓားပြစိတ်ဓာတ်လောက်နဲ့ ဓားပြမိုက်ရဲသလိုမျိုး မိုက်ရဲသူတွေဟာ အကျပ်အတည်းတွေ့တဲ့အခါ ဆက်မမိုက်ရဲ တော့ဘူးဆိုတဲ့ မျက်မြင်သင်ခန်းစာတခုပါ။

ဒီနေရာမှာ တရုတ်တော်လှန်ရေးအတွေ့အကြုံနဲ့ပတ်သက်လို့ အနောက်တိုင်းပညာရှင်တဦးရဲ့ ရေးသားချက်တွေကို ကျနော်သွားသတိရမိပါတယ်။

ချန်ကေရှိတ် အစိုးရရဲ့ ရက်ရက်စက်စက်နှိပ်ကွပ်ခံရလို့ တရုတ်ကွန်မြူနစ်ပါတီ တောခိုတဲ့အခါ ချင်ကန်းတောင်တန်း ဒေသကို အခြေစိုက်ပါတယ်။ တပ်နီတော်ကို တည်ဆောက်တဲ့အခါမှာ နယ်ခံဓားပြဂိုဏ်းကြီးတဂိုဏ်းကိုတောင် တော်လှန်ရေးတပ်ဖွဲ့ဝင်ဖြစ်လာအောင် စည်းရုံးပညာပေးနိုင်ခဲ့ပါတယ်။ ဓားပြအနေနဲ့ခိုင်းစားဖို့ ဟုတ်မယ်မထင်ပါ။ တပ်နီတော်ဟာ လူထုဆန့်ကျင်ရေးမလုပ်မိဖို့၊ တင်းကျပ်တဲ့စည်းကမ်းတွေကို လိုက်နာခဲ့တဲ့ တော်လှန်ရေး တပ်မတော်ဖြစ်ခဲ့ပါတယ်။ စစ်ရေးအရ ရန်သူ့ထိုးစစ်ကို မလှန်နိုင်လို့ ဆုတ်ခွာရတဲ့ ကမ္ဘာကျော် ခရီးရှည်ချီတက်ပွဲ ကာလမှာ သူတို့မရောက်ဖူး မပေါက်ဖူးတဲ့ လူမျိုးစုဒေသတွေကိုရောက်တော့လည်း ပြည်သူတွေကို လေးလေးစားစားဆက်ဆံခဲ့ကြလို့ ရောက်လေရာမှာ အများပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကိုရခဲ့ပါတယ်။

သာဓကအနေနဲ့ ဖော်ပြရရင် ချန်ကေရှိတ်ရဲ့ ကူမင်တန်တပ်တွေ၊ စစ်ဘုရင်တွေရဲ့ တပ်တွေဝင်မှာကို လုံးဝလက်မခံတဲ့ တိဘက်နယ် တနယ်ကဆိုရင် တပ်နီတော်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြပါတယ်။ အဲဒီအချိန်မှာဆိုရင် တပ်နီတော်ဟာ ရန်သူရဲ့လိုက်လံတိုက်ခိုက်မှုတွေကြောင့် မူလ (၁ဝဝ,ဝဝဝ) ကျော်လောက် အင်အားကနေပြီး (၂ဝ,ဝဝဝ) လောက်သာ ကျန်တော့တဲ့အခြေအနေကို ရောက်နေတာပါ။ ဒီလောက်အထိ ဆင်းရဲကျပ်တည်းနေတဲ့အချိန်မှာတောင် ပြည်သူလူထုဆီက လုယက်တာမျိုး မလုပ်ခဲ့တာသေချာပါတယ်။

အထက်မှာကျနော်တင်ပြခဲ့တဲ့ ဓားပြတိုက်မှုဖြစ်ရပ်တွေက ကိုယ်ကျိုးအတွက် တော်လှန်ရေးမျက်နှာဖုံးစွပ်ပြီး ဓားပြတိုက်စားတာတွေပါ။ ရန်သူစစ်အစိုးရ ဓားပြတိုက်တာကို အလူးအလဲခံစားနေရတဲ့ ပြည်သူတွေအပေါ် မိမိက နူရာဝဲစွဲ လဲရာသူခိုးထောင်းဆိုသလို တဖက်တလမ်းကနေ ဓားပြတိုက်တာဟာ နည်းနည်းနောနော ပြစ်မှု မဟုတ်ပါဘူး။ တော်လှန်ရေးအတွက်ဆိုတာတောင် အခွန်ကောက်ရာမှာ လူထုဆီက ဓားပြတိုက်သလိုအပြုအမူမျိုး မလုပ်သင့်ပါ။ တော်လှန်ရေးအကျိုးစီးပွားနဲ့ လူထုအကျိုးစီးပွားဟာ တထပ်တည်းဖြစ်ပါတယ်။ လူထုအကျိုးစီးပွားနဲ့ ဆန့်ကျင်တဲ့ တော်လှန်ရေးဆိုတာကို တော်လှန်ရေးလို့ မဆိုနိုင်ပါဘူး။

ယနေ့ မြန်မာ့ရေးရာ သတင်းများ May,1st,2009

( 38 )BURMA FACES FRESH DISASTER AS MONSOON SEASON APPROACHES

( 37 )An orphange in Burma

( 36 )Burma urged to release aid workers

( 35 )ထိုင်းနှင့် အိန္ဒိယရောက် မြန်မာများ မေဒေးနေ့ ကျင်းပ

( 34 )Enormous challenges to recovery remain in Myanmar

( 33 )မုန်တိုင်းသင့်ဒေသ ဘုန်းကြီးကျောင်း အလှူအတန်း ထက်ဝက်ကျော် လျော့ကျ

( 32 )No Land, No Home, No Hope

( 31 )မဟာချိုင်ဒေသ အလုပ်ရုံများတွင် အလုပ်သမားကတ်လုပ်ရန် စာရင်းစတင်ကောက်ခံနေ

( 30 )Learning the Hard Way

( 29 )တင်ပို့ဆန်ဝယ်ယူ မှုများကြောင့် ဆန်ဈေး တရိပ်ရိပ်မြှင့်တက်လာ

( 28 )Burmese migrant workers mark May Day in Thailand

( 27 )ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ရာနှင့်ချီ၍ သွေးလှူ

( 26 )စစ်တွေ-အမ်း အကြား ပြေးဆွဲရန် မီးရထားစက်ခေါင်းများ စစ်တွေသို့ ရောက်ရှိ

( 25 )21 Nargis volunteers still detain in Burma

( 24 )ဘန်ကောက် မေဒေး ချီတက်ပွဲတွင် မြန်မာအလုပ်သမားများ ပါဝင်

( 23 )Chin National Day Crisis in Myanmar

( 22 )ICT exhibition opens in Myanmar former capital city

( 21 )Cyclone trauma haunts Myanmar survivors

( 20 )တနှစ်ပြည့်သော်လည်း မုန်တိုင်း အကူအညီ မလုံလောက်သေး

( 19 )နာဂစ် မုန်တိုင်းဘေး တနှစ်ပြည့်ပြီ အကူအညီကား လိုနေဆဲ

( 18 )Myanmar junta declares lawyers council unlawful

( 17 )Nasaka Official Sexually Abuses Youth

( 16 )CPJ Names 10 Worst Countries To Be A Blogger

( 15 )နာဂစ်မုန်တိုင်း တနှစ်ပြည့် အကူအညီတွေ လိုနေဆဲ

( 14 )Press freedom declining around the world

( 13 )One year on, Myanmar’s cyclone haunts survivors

( 12 )မြန်မာပြည် အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံ စာရင်းဝင်

( 11 )No case of A/H1N1 flu infected to pigs in Myanmar so far

( 10 )မြန်မာနိုင်ငံ တုပ်ကွေးဖြစ်နိုင်ခြေ အိမ်နီးချင်းများပေါ် မူတည်

( 9 )Myanmar survivors 'face debt trap'

( 8 )Myanmar tightens check on pork distributed from slaughter houses

( 7 )နာဂစ်တနှစ်အကြာ လေဘေးသင့်ပြည်သူ နာလန်မထူသေး

( 6 )Enormous Recovery Challenges Remain in Myanmar One Year After Cyclone Nargis

( 5 )Food crisis in rural Burma

( 4 )သစ်ထုတ်ရောင်းချမှုကြောင့် သဘာဝပတ်ဝန်းကျင် ပိုဆိုးလာပြီ

( 3 )ဆုတောင်းပွဲ လုပ်တဲ့ သာသနာ့ အလံနဲ့ အောင်သပြေများကို သိမ်းဆည်း

( 2 )Thousands of children central to Nargis response

( 1 )Burma junta hides cyclone suffering with model village