ကြည်ဝေ
တရွေ့ရွေ့သာ သွားလာ လှုပ်ရှား နိုင်သော အသက် ၆ဝ ကျော် ခပ်ပိန်ပိန် အဘိုးအိုသည် တောင်ဝှေး တချောင်းကို ထောက်ရင်း ကွမ်းခြံကုန်း မြှို့နယ်အတွင်း မိတ်ဆွေများ ထံ သွားရောက်၍ ငွေကြေး အကူ အညီ တောင်းခံ နေသည်။
၂ဝဝ၈ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် သေဆုံးသွားသည့် သားနှစ်ယောက် အတွက် တနှစ်ပြည့် ဆွမ်းသွတ် အမျှပေးနိုင်ရန် အကူအညီ တောင်းနေရခြင်း ဖြစ်ကြောင်း အဘိုးညိုက ပြောပြသည်။
“သားတယောက်က အသက် ၃ဝ လောက်ရှိပြီ၊ နောက် သားတယောက်ကတော့ အသက် ၁၄ နှစ်ပဲ ရှိသေး တယ်၊ နာဂစ်ထဲ ပါသွားတာ သက်ပျောက်ဆွမ်းတောင် မကျွေးနိုင်ခဲ့လို့၊ ခု တနှစ် ပြည့်တော့မယ် ဆိုတော့ သူတို့ အတွက် ဆွမ်းသွတ် အမျှဝေပေးချင်လို့” ဟု မေးရိုး များ တုန်ခါမှုကို ထိန်းရင်း တလုံးချင်း ဖြည်းဖြည်း ပြောပြခဲ့သည်။
ငါးဖမ်း ဆင်းခဲ့သော သားနှစ်ယောက်မှာ စက်လှေနှင့်အတူ ပျောက်ဆုံး စာရင်း ဝင်ခဲ့ပြီး အိမ်တွင် ကျန်ရစ်ခဲ့ကြသော သူနှင့်အတူ သမီးနှင့် ဇနီးသည်သာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။
နာဂစ် မုန်တိုင်းကြောင့် သေဆုံးသွားခဲ့ရသော သားနှစ်ယောက်အတွက် သက်ပျောက်ဆွမ်း မကျွေးနိုင်ခဲ့သည်ကို စဉ်းစားမိတိုင်း ရင်နာခဲ့ရကြောင်း၊ သားအငယ်လေးမှာ ညဘက်တွင် အမေဖြစ်သူ ဘေးမှာပင် ခေါင်းထိုးပြီး ဝင်အိပ် နေသည်ဟု ခံစားခဲ့ရသည်မှာ ယနေ့ထိပင် ဖြစ်သည်၊ မကျွတ် မလွတ်ဘဝမျိုးမှ ကူးပြောင်းစေရန် ခုလို ဆွမ်း သွတ်နိုင်ဖို့ အားထုတ်ကြခြင်းဖြစ်ကြောင်း အဘိုး၏ ဇနီးသည်က ပြောပြသည်။
“တသက်နဲ့ တကိုယ် တခါမှလည်း တောင်းမစားခဲ့ပါဘူး၊ မရှိရင်လည်း အငတ်ပဲ ခံခဲ့တာပါ၊ သူတို့ ဘဝကူး ကောင်းအောင် လုပ်ပေးမှ ဖြစ်မယ် ဆိုပြီး ကျုပ်တို့ လင်မယား အရဲစွန့်ပြီး တောင်းကြတာပါ။ သမီးတောင် မသိပါဘူး၊ သိရင်လည်း တားမှာ ဆိုတော့ မသိအောင်ဘဲ ထားတယ်” ဟု အဘိုးအို၏ ဇနီးဖြစ်သူ အသက် ၅ဝ ဝန်းကျင် အမျိုးသမီးကြီးက ပါးပြင်ပေါ်သို့ စီးကျလာသော မျက်ရည်များကို အင်္ကျီ လက်မောင်းနှင့် တို့ပြီး ပြောသည်။
သား နှစ်ယောက် နှင့် အတူ စက်လှေနှင့် ပိုက်များ ဆုံရှုံးခဲ့ရသလို၊ နေအိမ်လည်း ပြိုလဲခဲ့သောကြောင့် သူတို့ မိသားစုမှာ အခြေအနေ ပျက်ကာ ယခုအခါ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ အတွင်း တဲအိမ်နှင့်သာ ဖြစ်သလို နေထိုင်လျက်ရှိသည်။
သမီးဖြစ်သူက ရန်ကုန်မြို့ပေါ်မှ ထီဆိုင်တခုတွင် အရောင်းစာရေး ဝင်လုပ်နေသည်။ သမီး၏ ဝင်ငွေမှာ နည်းပါးလှသောကြောင့် သူတို့ မိသားစု စားဝတ်နေရေး အတွက်ပင် အခက်အခဲ ဖြစ်လှကြောင်း အဘိုးညို၏ ဇနီးသည်က ပြောပြသည်။
“ဒီတဲလေး ဆောက်တုန်းကလည်း ငွေချေးပြီး ဆောက်ရတော့ အကြွေးတွေလည်း ရှိတယ်၊ အဲဒါကြောင့် အရင်တုန်းက ခင်ခဲ့တဲ့ မိတ်ဆွေတွေ ဆီကနေ လိုက်ပြီး အကူအညီ တောင်းကြည့်တာပါ” ဟု သူက ပြောဆိုသည်။
ဗုဒ္ဓဘာသာဝင်တို့၏ ထုံးစံအရ သေဆုံးသူအတွက် ကျန်ရစ်သူ မိသားစုက ရဟန်းသံဃာများအား ပင့်ဖိတ်၍ ဆွမ်းကပ်ပြီး အမျှအတန်း ပေးဝေကြသည်။ သေဆုံးပြီး ၇ ရက်အတွင်း ဆွမ်းသွတ်ကြခြင်းဖြစ်သည်။ နာဂစ် ဒုက္ခသည် အတော်များများသည် သေဆုံးသွားသော ၎င်းတို့၏ မိသားစုဝင်များအတွက် ဆွမ်းသွတ်နိုင်ခြင်း မရှိသေးပေ။
ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်၊ သရက်သုံးပင် ကျေးရွာမှ ဒေါ်မြမြကလည်း သေဆုံးသူများ အတွက် ဆွမ်းသွတ်လိုကြောင်း၊ သို့သော်လည်း ဝင်ငွေ တပြားမှ မရှိသည့်အတွက် မည်သို့လုပ်ရမည်ကို မသိသေးကြောင်း ပြောဆိုသည်။
ဒေါ်မြမြ နေထိုင်သော သရက်သုံးပင် ကျေးရွာမှာ ဗိုလ်ချုပ်လွန်းသီ နေထိုင် ကြီးပြင်းခဲ့သောရွာ ဖြစ်သောကြောင့် အထောက်အပံ့ အပြည့်အစုံ ရသည်ဟု သိရှိရသည်။
အသစ် ဆောက်ထားသော အိမ် အလုံး ၂ဝ ကျော်၊ စာသင်ကျောင်း၊ စာကြည့်တိုက်၊ အများပိုင် တီဗီ၊ ရေဘုံဘိုင် ၂ ခု၊ ရေသန့်စက်ကြီး ၁ လုံး၊ စက်လှေ ၄ စင်း၊ လယ်ထွန်စက် ၅ စီး ရရှိထားသည်ဟု သိရသည်။ မြန်မာ့ ရုပ်မြင် သံကြား ရိုက်ကူးရေးအဖွဲ့က မကြာခဏ လာရောက်သည်ဟု ဆိုသည်။ ရွာဆိုင်းဘုတ်ကို ဖြုတ်ခြင်း၊ တပ်ခြင်း လွယ်ကူစေရန် စီစဉ်ထားကြောင်း၊ ရုပ်သံအဖွဲ့များ လာသည့်အခါ အဆိုပါ ဆိုင်းဘုတ် ငုတ်တိုင် အတွင်း နာဂစ် ထိခဲ့သော ရွာအမည် ရေးထားသည့် ဆိုင်းဘုတ်များကို တခုပြီး တခုထည့်ကာ ရိုက်ကူးခဲ့ကြောင်း သူက ပြောဆိုသည်။
“ရုပ်မြင်သံကြား အဖွဲ့တွေက အိမ်တွေ ကို ရှေ့ကရိုက်၊ နောက်ကရိုက်နဲ့ ပြီးတော့ စစ်တပ်လည်း ရှိတော့ စစ်တပ်က လူတွေ လယ်ထွန်တာလည်း ရိုက်တယ်၊ ရွာက လူတွေ တီဗီ ထိုင်ကြည့်တာတွေ၊ စာကြည့်တိုက်မှာ စာဖတ်ကြတာတွေလည်း ရိုက်တယ်”ဟု သူမက ဆိုသည်။ ရွာသူ ရွာသားများလည်း ရုပ်သံ ရိုက်ကူးရေးတွင် ပါဝင်နိုင်ရန် အဝတ်အစားသစ်များ ရကြသည်ဟု ဆိုသည်။
နာဂစ်မုန်တိုင်းအတွင်း ရွာရှိလူဦးရေ၏ ထက်ဝက်ခန့် သေဆုံးခဲ့ရသောရွာ ဖြစ်သည်။ ယခုအခါ အာဏာပိုင်တို့က ကျန်ရစ်သူများအား လယ်လုပ်ငန်း ဆက်လက် လုပ်ကိုင် စေ၍ မုန်တိုင်းပြီးချိန်မှ ယနေ့တိုင် စစ်တပ်ချထားပြီး လုံခြုံရေး တင်းကျပ်ထားသော ရွာဖြစ်ကြောင်း သိရသည်။
“ကိုယ့်အိမ်သားတွေအတွက် လုပ်ပေးချင်တယ်၊ ပိုက်ဆံလည်း တပြားမှ မရှိဘူး၊ ခုထိ သူတို့ ပေးတဲ့ ဆန်နဲ့ စားနေရတော့ ဘာလုပ်ရမှန်း မသိသေးဘူး၊ ရွာအနေနဲ့ ပေါင်းပြီး လုပ်ပေးမယ်လို့တော့ ကြားတယ်၊ အဲလို ပေါင်းလုပ်တာထက် ကိုယ့်မိသားစုအတွက် ကိုယ်လုပ်၊ သူ့မိသားစု အတွက် သူလုပ် အဲဒါမျိုးပဲ လုပ်ချင်တယ်” ဟု ဒေါ်မြမြက ပြောသည်။
ယခင်က ခင်ပွန်းသည် သားသမီးများနှင့် နေခဲ့ရသူ ဖြစ်ပြီး၊ ယခုကဲ့သို့ မိသားစုဝင်များမရှိ၊ အလုပ်အကိုင်မရှိ၊ ဝင်ငွေလည်း မရှိသော ဘဝတွင် မည်ကဲ့သို့ အသက်ရှင် နေထိုင်ရမည် ဆိုသည်ကိုပင် မတွေးဆ နိုင်တော့ကြောင်း၊ နောက်ဆုံး ဝင်ငွေ တပြားမှ မရှိသော်လည်း ဆွမ်းသွတ်နိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း ပြောပြသည်။
ခွဲတမ်းရထားသော စောင် ၂ ထည်၊ ခြင်ထောင်၊ မိုးရေခံသည့် ကန်၊ ဒန်အိုးတစုံ အပါအဝင် ထောက်ပံ့ ပစ္စည်းများအား ကွမ်းခြံကုန်း ဈေးသို့ သွားရောက် ရောင်းချမည်ဟု ဆိုသည်။
“ကိုယ့်မိသားစုထဲက လုပ်တော့ အမျှဝေတဲ့အခါ နာမည်တပ်ပြီး ဝေလို့ရတယ်” ဟု ဒေါ်မြမြက ဆိုသည်။
အခြား ဒုက္ခသည်များလည်း ဆွမ်းသွတ်ရေးအတွက် နည်းလမ်းမျိုးစုံနှင့် ကြိုးပမ်းနေကြသည်ကို ကရုဏာသက်ဖွယ် တွေ့မြင်ရသည်။
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မှ ရေလုပ်သားများ ဖြစ်သော ကိုကျော်ခင်နှင့် မပြုံးပြုံးရီ တို့ကလည်း နာဂစ်အတွင်း သေဆုံးသွားသော မိခင်အိုနှင့် သမီးလေးအတွက် တနှစ်ပြည့်ချိန်တွင် ဆွမ်းသွတ် အမျှဝေရန် စုဆောင်းခဲ့ သော်လည်း စားစရိတ်ထဲ အချို့တဝက် ပါသွားသဖြင့် အခက်အခဲ တွေ့နေသည်။
“ကျမတို့ နေ့တိုင်း စုခဲ့တာပဲ။ ဒီမတိုင်ခင် အငယ်ဆုံးကလေး ဖျားတာနဲ့ ဆေးဖိုးထဲ ပါကုန်တာရော၊ ဒီရက်ထဲမှာ မုန်တိုင်းလာမယ်လို့သတင်းတွေ ကြားတော့ ရေထဲ မဆင်းရတာနဲ့ စားစရိတ်ထဲ ပါကုန်တာရော ဆိုတော့ ငွေက ပဲ့ပါကုန်ရော” ဟု မပြုံးပြုံးရီက စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။
သူတို့သည် မုန်တိုင်းအတွင်း လှေနှင့် ပိုက်များ ဆုံးရှုံးခဲ့ရသူများလည်း ဖြစ်သည်။ အလှူရှင် အဖွဲ့အစည်းများက အထောက်အပံ့ ပစ္စည်းများ ပေးရာတွင် လှေသာ ရပြီး ငါးဖမ်းပိုက် မရသော မိသားစု ဖြစ်သည်။ ထို့ကြောင့် ငါးဖမ်းပိုက် ရရှိထားသော မိသားစုနှင့် အတူ ပေါင်းပြီး ငါးဖမ်းနေရသည်။ ရရှိသည့် ဝင်ငွေကို မိသားစု နှစ်ခု ဝေမျှစားရခြင်းဖြစ်သောကြောင့် ဝမ်းရေး အတွက်ပင် အဆင်မပြေလှဟု သိရသည်။
မုန်တိုင်းထိခဲ့သော ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့မှ ရေလုပ်သား အများစုမှာ အထောက်အပံ့ ပစ္စည်း ပြည့်စုံစွာ မရရှိကြဟု သိရသည်။
လပွတ္တာမြို့နယ်၊ ပိတောက်ကုန်း ကျေးရွာသား ကိုဇော်ဇော်ကလည်း နာဂစ်ကြောင့် မိသားစုဝင် ၅ဦး သေဆုံးခဲ့ရသော အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရသူဖြစ်သည်။ ရန်ကုန်ရှိ လက်ဖက်ရည်ဆိုင်တခုတွင် ဝင်ရောက် လုပ်ကိုင်ခဲ့ရာ၊ တနှစ်ပြည့်ချိန်တွင်မူ သေဆုံးသူများအတွက် ဆွမ်းသွတ် အမျှဝေရန် ရွာပြန်မည် ဖြစ်ကြောင်း ပြောဆိုသည်။
“တနှစ်ပြည့် ဆွမ်းတော့ ဖြစ်အောင် လုပ်ပေးမယ်၊ ရွာမှာ ကျန်ခဲ့တဲ့ ညီကပြောတာ အဖေက မကျွတ်ဘူးထင်တယ် တဲ့ အဖေတို့အတွက် သူ အလှူလုပ်ချင်တယ်လို့ အမြဲပြောတယ်၊ ၃ လပြည့်တုန်းကလည်း မလုပ်နိုင်ဘူး။ ၆ လ ပြည့်လည်း မလုပ်နိုင်ခဲ့တော့ တနှစ်ပြည့်တော့ ဖြစ်အောင်လုပ်မယ်လို့ မှန်းထားတယ်” ဟု သူကဆိုသည်။
လစဉ် အသုံးစရိတ်ချွေတာပြီး စုဆောင်းခဲ့သည်ဟု ပြောသည်။
မုန်တိုင်းကြောင့် နှမတယောက် ဆုံးရှုံးခဲ့ရသည့် လယ်သမားတဦးကလည်း လယ်ကွင်းအတွင်း ဆားငန်ရည် ဝင်ရောက်မှုကြောင့် စပါးစိုက်ချိန် နောက်ကျသည့်ကြားမှ တနှစ်ပြည့် ဆွမ်းသွတ် အလှူအတွက် အားခဲထားကြောင်း ပြောပြသည်။
“ရတဲ့ မျိုးတွေက မကောင်းတဲ့အပြင် ထွန်စက်ကလည်း မရလို့ အငှားစိုက်ရတော့ စပါးထွက်နှုန်းက အရမ်းကျ တယ်၊ အရင်နှစ်ကထက် ၂၅ ရာနှုန်းပဲ ရတယ်၊ ဒါ့အပြင် ဈေးတွေလည်းကျတော့ ကျနော့်မှာ အကြွေးတွေချည်းပါပဲ၊ ဒါပေမယ့် ညီမလေးအတွက် တနှစ်ပြည့် ဆွမ်းတော့ ဖြစ်အောင် ကပ်ရမှာပေါ့” ဟု သူက ပြောဆိုသည်။
နာဂစ်ကြောင့် သူတို့၏ မိသားစု၊ လူနေမှုဘဝများ ပျက်စီးကုန်သည်။ သို့သော်လည်း ယခုအချိန်တွင် သူတို့ အားလုံး၏ အပြင်းပြဆုံးသော မျှော်လင့်ချက်သည် သေဆုံးသွားသူများအတွက် ဆွမ်းသွတ် အမျှဝေနိုင်ရေးသာ ဖြစ်နေသည်ကို တွေ့ရှိရလေသည်။ ။
No comments:
Post a Comment