Saturday, February 28, 2015

တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ ဆွေးနွေးပွဲ ကျင်းပ

ရွှေအောင်

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ (ယူပီဒဗလျူစီ) နဲ့ ၇ ကြိမ်မြောက်ဆွေးနွေးဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ဆွေးနွေးပွဲ စတင်ကျင်းပနေပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အန်စီစီတီအဖွဲ့ရဲ့ ၃ ရက်ကြာဆွေးနွေးပွဲ စတင်ခဲ့တာဖြစ်ပြီး အဖွဲ့တွင်း သုံးသပ်ညှိနှိုင်းကြမယ်လို့ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

“လာမယ့် ၇ ကြိမ်မြောက်ဆွေးနွေးပွဲအတွက် ဒီကြားထဲ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သုံးသပ်တယ်။ နောက် တစ်ဆို့နေတဲ့ အချက်အလက်အပေါ်မှာ ကျနော်တို့ မေးထားတာတွေကို သူတို့ဘက်က တုံ့ပြန်ထားတာရှိတယ်။ အဲ့ဒီအချက်အလက်တွေအပေါ်မှာ ကျနော်တို့က လက်ခံနိုင် မနိုင်၊ နောက် ဘယ်လိုနည်းနဲ့ ဖြတ်ကျော်မလဲ ဒီဟာတွေကို ကျနော်တို့အတွင်းမှာ ညှိနှိုင်းပြီးတော့ အဖြေရှာနေတာပါ။”


ယူပီဒဗလျုစီနဲ့ အန်စီစီတီတို့အကြား အဓိက တစ်ဆို့နေတဲ့အချက် ၇ ချက်လောက် ကျန်ရှိနေသေးပြီး နှစ်ဖက်တပ်နေရာချထားရေးကိစရပ်တွေ ပါဝင်တယ်လို့လည်း နိုင်ဟံသာက ပြောပါတယ်။

အန်စီစီတီရဲ့ ၃ ရက်ကြာဆွေးနွေးပွဲကို မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေ လာရောက်တက်ရောက်ဖို့ ရှိပြီး မတ်လလယ်ပြန်ကျင်းပဖို့ နှစ်ဘက်သဘောတူထားတဲ့ ၇ ကြိမ်မြောက်တွေ့ဆုံပွဲအတွက် ညှိနှိုင်းဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကိုးကန့်တိုက်ပွဲနဲ့ပတ်သက်ပြီး ၇ ကြိမ်မြောက်ဆွေးနွေးပွဲမှာ ဆွေးနွေးပွဲ အစီအစဉ်တခုအနေနဲ့ ထည့်သွင်းဆွေးနွေးဖို့ လိုမယ်လို့လည်း အန်စီစီတီခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

“စောင့်ကြည့်တဲ့အဖွဲ့တွေပေါ့ဗျာ။ သဘောတူညီချက်တွေကို ဘယ်အဖွဲ့ကနေ ဖောက်ဖျက်သလဲဆိုတဲ့ ဟာမျိုး လေ့လာစောင့်ကြည်ဖို့ စောင့်ကြည့်အဖွဲ့တွေ ဘယ်လိုနည်းနဲ့ဖွဲ့မလဲ ဆွေးနွေးဖို့ ရှိမယ်။ လောလောဆယ်ဖြစ်ပေါ်နေတဲ့ ကိုးကန့်အဖွဲ့ကိစ္စပေါ့လေ။ ဒီကိစ္စကလည်း အာဂျင်တာ တခုအနေနဲ့ ဆွေးနွေးဖို့လိုမယ်လို့ မြင်ပါတယ်။”

အခုကျင်းပနေတဲ့ အန်စီစီတီအဖွဲ့တွင်း ဆွေးနွေးပွဲဟာ ၁၇ ကြိမ်မြောက် ဆွေးနွေးပွဲဖြစ်ပါတယ်။

ယူပီဒဗလျူစီနဲ့ အန်စီစီတီတို့ရဲ့ နှစ်ဘက်ဆွေးနွေးပွဲတွေဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ရပ်တန့်နေခဲ့တာဖြစ်ပြီး လာမယ့် မတ်လလယ် ရန်ကုန်မှာ နှစ်ဘက်တွေ့ဖို့ သဘောတူထားကြပါတယ်။

ယနေ့ မြန်မာ့ရေးရာသတင်းများ Januaray, 28th,2015

( 50 )မန္တလေး ဆေးရုံကြီး၌ ကင်ဆာကုသမှု အရေအတွက် များပြားလာဟုဆို

( 49 )Myanmar refugees visit UK on lobbying trip

( 48 )ထားဝယ်အမျိုးသမီးတက်ကြွလှုပ်ရှားသူများ နှောင့်ယှက် ခြိမ်းခြောက်ခံနေရ

( 47 )On Chinese Border, Local Activists Lead Fight Against Drug Crime

( 46 )မန်းတိုင်းတွင် ယာဉ်အိုယာဉ်ဟောင်း သုံးသောင်း ရှစ်ထောင်ကျော် အပ်နှံပြီး

( 45 )Alcoholism meetings deal with hidden challenge

( 44 )သိန္နီမြို့နှင့် ကွမ်းလုံမြို့ကြား လုံခြုံရေးယူနေသည့် တပ်မတော်

( 43 )Authorities Clear Remnants of Michaungkan Protest Downtown

( 42 )ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ၌ တာဝန်ယူမည့် လုံခြုံရေး ရဲဝန်ထမ်းများကို သင်တန်းပေး

( 41 )Reunions and ransoms play out in Rohingya camp's internet hut

( 40 )ရှမ်းပြည် အဖွဲ့ပေါင်းစုံ စည်းဝေး

( 39 )Govt is buying time

( 38 )သပိတ်မှောက် ကျောင်း သားခေါင်းဆောင်တွေ လွှတ်တော်ကော်မတီနဲ့ ဆွေးနွေး

( 37 )Citywide Art Festival to Celebrate Rangoon’s Heritage

( 36 )စစ်ပြေးဒုက္ခသည် ကူညီရေး အစီအစဉ် သမ္မတ ကြည့်ရှု

( 35 )Myanmar-Thai cooperation, migrant workers discussed on Bangkok visit

( 34 )ကိုးကန့်တပ်နဲ့ ပူးပေါင်းပါဝင်မှုရှိကြောင်းစွပ်စွဲချက် ဝ နဲ့ မိုင်းလား ငြင်းဆိုကန့်ကွက်

( 33 )Suu Kyi's party drops first hints on plans

( 32 )သပိတ်မှောက် ကျောင်းသားများ လွှတ်တော် ဥပဒေကြမ်း ကော်မတီနဲ့ တွေ့ဆုံ

( 31 )Kokang boy, 10, dies from landmine blast

( 30 )ရှမ်းပြည်မြောက်ပိုင်းနဲ့ ကရင်ပြည် နယ်မှာ တိုက်ပွဲတွေဖြစ်ပွား

( 29 )Civilians ‘massacred’ in Myanmar

( 28 )တိုက်ခိုက်ခံ စပိန် ခရီးသွားဧည့်သည် ရဲတပ်ဖွဲ့ရှာဖွေနေ

( 27 )Quality Talk?

( 26 )သူရဦးရွှေမန်းနဲ့ ကျောင်း သားခေါင်းဆောင်တွေ တွေ့ ဆုံမည်

( 25 )Burma Military Wins Rare Praise in War with Ethnic Chinese Rebels

( 24 )စစ်တပ်သိမ်းယူမြေပြန် ရရှိရေး ပေါက်တောင်သူ ၃၀၀ ကျော် ဆန္ဒပြတောင်းဆို

( 23 )Govt Seeks Donations to Restore Bagan’s Ancient Murals

( 22 )ပညာရေးဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အခက်အခဲတွေ အကြောင်း ဆွေးနွေး

( 21 )Can Atheistic China Play Conflict Mediator in ‘God’s Century’?

( 20 )သတ္တုတူးဖော်ရေးကုမ္ပဏီပိုင်ယာဉ်တန်းကို နမ့်ခမ်းဒေသခံများ ဟန့်တား

( 19 )Exiled Singer to Give First Concert in Burma in Two Decades

( 18 )နိုင်ငံရေးလှုပ်ရှားသူတွေ လွှတ်ပေးဖို့ အင်းစိန်ထောင်ရှေ့မှာ တောင်းဆို ဆန္ဒပြ

( 17 )Festival celebrating womanhood to open in Rangoon

( 16 )လာမည့်နှစ်တွင် ဆွစ်ဇာလန်က မြန်မာကို သုံးဆတိုး ထောက်ပံ့မည်

( 15 )Spanish Tourist Hospitalized After Mugging in Pegu

( 14 )ထားဝယ်မြေသိမ်းမှု တောင်သူ ၉ ဦးနဲ့ ကျောင်းသား ၅ ဦး တရားစွဲဆိုခံရ

( 13 )National Sangha Committee Rejects Education Reform Demands

( 12 )ကြွက်ဖျက်ဆီးမှုကြောင့် ဟင်္သာတ မတ်ပဲတောင်သူများ အရှုံးပေါ်

( 11 )Myanmar Military Wins Rare Praise in War With Ethnic Chinese Rebels

( 10 )တရုတ်ဘဏ်မှ ဒေါ်လာသန်း ၃၀၀ ချေးရန် လွှတ်တော်အတည်ပြု

( 9 )စစ်ပွဲများကြောင့် အမျိုးသမီးထုဘဝ လုံခြုံရေး ပိုမိုဆိုးဝါးနေပြီး စစ်တပ်က ကာကွယ်ပေးရန် လိုအပ်ဟု ဆို

( 8 )လီဆူတိုင်းရင်းသားများ ရိုးရာနှစ်သစ်ကူးပွဲတော် ဆင်နွှဲ

( 7 )လောက်ကိုင်တိုက်ပွဲမှ စစ်ရှောင်လာသူ နောက်ဆုံးကျန်ရှိ ဒုက္ခသည် ၁၀၀ ကျော် မန္တလေးသို့ ပြန်ပို့ပြီ

( 6 )မြန်မာဂျက်လေယာဉ်များ တပ်တော်ဝင်အခမ်းအနားတွင် စွမ်းရည်ပြ

( 5 )မြောင်းဖော်ရန် မိကျောင်းကန် သပိတ်စခန်း ဖျက်သိမ်းမည်ဟု အုပ်ချုပ်ရေးမှူးကပြော သပိတ်စခန်း လုံးဝ ဖျက်သိမ်းပေးမည် မဟုတ်ဟုလည်း ဆန္ဒပြသူများကဆို

( 4 )လောက်ကိုင်ဒေသတွင် ကလေးတဦး မိုင်းနင်း သေဆုံး

( 3 )ရွှေပြည်သာ အထည်ချုပ်စက်ရုံများမှ လုပ်ခလစာတိုးပေးရေး တောင်းဆိုဆန္ဒပြသူ အလုပ်သမားခေါင်း ဆောင်တစ်ဦး ပုဒ်မ-၅၀၅ (ခ) ဖြင့် ထပ်မံ အဖမ်းခံရ

( 2 )မိကျောင်းကန်သပိတ်စခန်း ဖြိုခွင်းရှင်းလင်းခံရ

( 1 )ကျောက်ဆည် တက္ကသိုလ် နှစ်ခုပေါင်းကာ ကျောင်းသား သပိတ်ထောက်ခံ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့

Friday, February 27, 2015

မုံရွာတွင် ကြက်ငှက်တုပ်ကွေးကြောင့် အစုအပြုံလိုက် သေဆုံး၊ သယ်ယူခွင့်ပိတ်

DVB

မုံရွာမြို့က ကြက်မွေးမြူရေးဇုန်မှာ ကြက်ငှက်တုပ်ကွေးရောဂါ (H5N1) စစ်ဆေးတွေ့ရှိတာကြောင့် စစ်ကိုင်းတိုင်းဒေသတွင်းမှာ ကြက်ငှက်တွေ သယ်ယူဖြတ်သန်းခွင့် ပိတ်ပင်ထားပါတယ်။

မုံရွာမြို့က ကြက်မွေးမြူရေးဇုန်မှာရှိတဲ့ ကြက်ခြံနဲ့ ငုံးခြံတွေမှာ အစုအပြုံလိုက် သေဆုံးမှုတွေ ရှိတဲ့အတွက် မုံရွာမြို့နယ် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက လုံခြုံရေး တိုးမြှင့်ဆောင်ရွက်တဲ့အနေနဲ့ စစ်ကိုင်းတိုင်းဒေသတွင်းမှာ ကြက်ငှက်ဖြတ်သန်းသယ်ယူခွင့်တွေကို ပိတ်ပင်ထားတာလို့ မုံရွာမွေးမြူရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ဝင်းသန်းက ပြောပါတယ်။

“ကျနော်တို့ လုံခြုံရေးကို တိုးမြှင့်ပြီးလုပ်ကိုင်တယ်။ မွေးမြူရေးသမားတွေကိုလည်း အသေအပျောက်ရှိရင် ရောင်းမထုတ်ဖို့၊ ချက်ပြုတ်မစားဖို့၊ စနစ်တကျမြှုပ်ဖို့ နှစ်စဉ်နှစ်တိုင်းပဲ၊ ဒီလိုအချိန်ရောက်တိုင်း နှိုးဆော်ပေးတယ်။ ၁၈ ရက်နေ့မှာ ကြက်ခြံတခြံက ကြက်ဆုံးရှုံးမှုတွေ ရှိတဲ့အကြောင်း အကြောင်းကြားလာလို့ မန္တလေး ဓာတ်ခွဲခန်းပို့ပြီး စမ်းသပ်တယ်။”


ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၅ ရက်နေ့ အထိ ၁ ပတ်အတွင်း မုံရွာမွေးမြူရေးဇုန်မှာ မွေးမြူထားတဲ့ ကြက်နဲ့ငုံး ကောင်ရေ ထောင်သောင်းချီ သုတ်သင်ပစ်ခဲ့ရပြီး အခုတော့ ဇုန်အပြင်ဘက်ကို ကြက်ငှက်တုပ်ကွေးရောဂါ မပြန့်ပွားအောင် ကန့်သတ်လုပ်ဆောင်နေပါတယ်။

ကြက်ခြံပိုင်ရှင်တဦးဖြစ်တဲ့ ဦးကောင်းခန့်သော်က “အစာစားလိုက် သေလိုက်၊ ရေသောက်လိုက် သေလိုက်နဲ့ နည်းမျိုးစုံနဲ့ သေနေတာ အခု တခြံလုံးကို သေသွားလို့ ကျနော်က ဥက္ကဋ္ဌကို လာပြောတာပါ” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ထိ ကောက်ယူရရှိတဲ့ စာရင်းတွေအရ ငုံးအကောင်ရေ ၁၃၆၀၀ နဲ့ ကြက်ကောင်ရေ ၃၂၀၀ ကျော်သေဆုံးခဲ့ပြီလို့လည်း ပြောပါတယ်။

သေဆုံးတဲ့ငုံးနဲ့ကြက်တွေကို အနက် ၁၀ ပေ နဲ့ အကျယ် ၁၀ ပေပတ်လည်လောက်ရှိတဲ့ ကျင်းတွေတူးပြီး မြေမြှုပ်ပေးတယ်လို့ ကြက်ငှက်မြှုပ်နှံပေးနေသူတဦးက ပြောပါတယ်။

“မှန်းလိုက်ရင်တော့ မနည်းဘူး။ တအိမ်တအိမ်ထွက်လာတာ မနည်းဘူး။ ငုံးဆိုရင်လည်း ၂ ၀၀၀၊ ၃၀၀၀။ ကြက်ဆိုရင်လည်း ၄၀၀၊ ၅၀၀ ဒါတောင် နည်းတဲ့အိမ်လေးတွေ။ များတဲ့ခြံတွေဆို ၁၀၀၀ ကျော်၊ ၂၀၀၀ ကျော် ထွက်တယ်။”

မုံရွာမှာ သေဆုံးတဲ့ကြက်ငှက်တွေကို ဓာတ်ခွဲ စစ်ဆေးခဲ့ရာမှာ H5N1 ဗိုင်းရပ်စ်ပိုး တွေ့ရှိရတယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာလည်း အတည်ပြုထားပြီး ကြက်ငှက်တုပ်ကွေးရောဂါ လူတွေထံ မကူးစက်ဖို့ လုပ်ဆောင်ရမယ့်အချက်တွေ အသိပေး ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမှာ ၂၀၀၆၊ ၂၀၁၀နဲ့ အခု ၂၀၁၅ တို့မှာ ကြက်ငှက်တုပ်ကွေးရောဂါ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် စတင်ဖြစ်ပွားခဲ့တုန်းက အဆိုးဆုံးဖြစ်ပြီး ကြက်ကောင်ရေ သောင်းနဲ့ချီ သတ်ပစ်ခဲ့ရပါတယ်။

မယ်လဒုက္ခသည်စခန်း အပြင်ဘက်တွင် အမျိုးသမီးတစ်ဦးအလောင်း တွေ့ရှိ

စဖန်းရှောင်း

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မယ်လဒုက္ခသည်စခန်းအပြင် အနောက်ဘက် တစ်မိုင်အကွာတွင် ရှိသော တောတွင်းတစ်နေရာတွင် ဓားဒဏ်ရာဖြင့် သေဆုံးသွားသည့် အမျိုးသမီးတစ်ဦး၏ အလောင်းကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေက တွေ့ရှိခဲ့သည်ဟု စခန်းတွင်းနေထိုင်သူများက ပြောသည်။

ယခုကိစ္စအပေါ် မယ်လခန်း ဥက္ကဌ စောအောနက်က “သေသွားတဲ့ အမျိုးသမီးဟာ စခန်းအတွင်းနေထိုင်တဲ့သူ တစ်ယောက် ဟုတ်ပါတယ်။ သေဆုံးမှုနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ ကျနော်တို့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ အတည်ပြုပြောကြားသည်။

အဆိုပါ အမျိုးသမီးမှာ မယ်လဒုက္ခသည်စခန်း ဇုံစီ၊ ရပ်ကွက် အမှတ်(၄-A)တွင် နေထိုင်သော အသက် ၄၂ နှစ်အရွယ် ဒေါ်ဟာလီမန် ဆိုသူဖြစ်ပြီး ဓားထိုးခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း အလောင်းသွားရောက်ကြည့်ရှုရာ၌ ပါဝင်သည့် ဇုံစီ (C -2)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကာစင်က ပြောသည်။

“ကျနော်တို့သွားကြည့်တာက ည ၈ နာရီခွဲလောက်ရှိမယ်။ အဲဒီအမျိုးသမီးက ဖက်သွားကောက်တာလား ဟင်းရွက်ခူးတာလားတော့ မသိဘူး။ သူ့အနီးနားမှာ ဟင်းသီးဟင်းရွက်နဲ့ အိတ်တွေ့တယ်။ ကျောမှာ သုံးချက်၊ လည်ပင်းမှာ တစ်ချက်၊ မေးရိုးနဲ့ နားရင်းမှာ တစ်ချက်စီ ဒဏ်ရာနဲ့ တစောင်းမှောက်လျက်အနေအထားနဲ့ သေဆုံးနေတာ တွေ့ရတယ်”ဟု ဦးကာစင်က ပြောသည်။

သေဆုံးသွားသည့် အမျိုးသမီးအလောင်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ မနက်တွင် စခန်းတာဝန်ရှိသူများ၊ ထိုင်း အာဏာပိုင်များ လာရောက်ကြည့်ရှုစစ်ဆေးပြီး မယ်တန်ဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးမှုများပြုလုပ်ပြီးနောက် မွန်းလွဲ ၂ နာရီခန့်တွင် မြေမြုပ်သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

မယ်လဒုက္ခသည်စခန်း၏ စခန်းပြင်ပတွင် အမျိုးသမီးသေဆုံးမှုအလောင်းများ မကြာခဏ တွေ့ရှိခဲ့သဖြင့် တရားခံကို ဖော်ထုတ်မှုများပြုလုပ်ပေးရန် တောင်းဆိုမှုများ ရှိသော်လည်း ယနေ့အထိ တရားခံကို ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း စခန်းဥက္ကဌ စောအောနက်က ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့၌ ဒဏ်ရာများဖြင့် သေဆုံးနေသော အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အောက်တိုဘာ ၁၃ ရက်နေ့က သေဆုံးသွားသည့် အသက် ၇၈ နှစ်အရွယ် အမျိုးသမီး တို့၏ အလောင်းတို့ကို မယ်လစခန်းပြင်ပ တောတွင်းတစ်နေရာစီတို့တွင် ပြန်လည်တွေ့ရှိခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်မူကြမ်းအပေါ် တွေ့ဆုံဆွေးနွေး


ပုပ္ပားတောင် စပျစ်ခြံဥယျာဉ်ကို နိုင်ငံခြားသားထံ ရောင်းချပါက ရေရရှိရေး ဒေသခံများ စိုးရိမ်နေ

ထက်ထက်အောင်

ပုပ္ပားရဲစခန်းအရှေ့ဘက်ရှိ ဧက ၂ဝဝ နီးပါးရှိသော အစိုးရပိုင် ပုပ္ပားတောင် စပျစ်ခြံဥယျာဉ်ကို နိုင်ငံခြားသားထံရောင်းချပါက ကျောက်ပန်းတောင်းမြို့အတွက် ရေရရှိရေး ခက်ခဲသွားမည်ကို ဒေသခံများစိုးရိမ်နေ ရကြောင်း ဒေသခံ တစ်ဦးဖြစ်သည့် ဆရာတော် ဦးယုဇနထံမှ စုံစမ်းသိရှိရသည်။

ဆရာတော် ဦးယုဇနက''ပုပ္ပား စပျစ်ခြံကနေ ကျောက်ပန်းတောင်းအတွက် ရေကိုပိုက်နဲ့ သွယ်ပို့တာ။ ဒီရေ ပိုက်လိုင်းက စပျစ်ခြံထဲက သွယ်တန်းထားတာ။ ဦးနု လက်ထက်ကတည်းကပဲ။ ကျောက်ပန်းတောင်းက ရေရှားတယ်လေ။ ဒီလိုသာ ခြံကိုရောင်းလိုက်တဲ့အခါ ရေပိုက်လိုင်းတွေကို အလွဲသုံးစားလုပ်လိုက်ရင် ကျောက်ပန်းတောင်း တစ်မြို့လုံး ရေပြဿနာ ကြီးကြီးမားမားဖြစ်မှာကို စိုးရိမ်နေကြတယ်'' ဟု မိန့်သည်။

ပုပ္ပားတောင် ချစ်သူများအသင်းမှ ဦးကျော်ဝင်းဆွေက ''ဒေသခံတွေအတွက် စိုက်ပျိုးရေးဆိုင်ရာ အကူအညီ တွေရနေတယ်။ နိုင်ငံခြားသားကိုသာ ရောင်းလိုက်ရင် စိုက်ပျိုးရေးမလုပ်ဘဲ သူတို့ကဟိုတယ် တွေလာ ဆောက်မယ်။ ဒီအခါ စိုက်ပျိုးရေးနဲ့ အသက်မွေးနေတဲ့ ဒေသခံတွေအတွက် ပြဿနာ ရှိလာ နိုင်ပါတယ်။ ဒါကို စိုးရိမ်နေတာပါ'' ဟု ဆိုသည်။

အဆိုပါ စပျစ်ခြံဥယျာဉ်ရောင်းချမည့် ကိစ္စနှင့် ပတ်သက်၍ ဆည်ပေါက် စိုက်ပျိုးရေး ခြံမန်နေဂျာ ဦးငွေစန်းသို့ ဆက်သွယ်မေးမြန်းရာ ၎င်းက''ရောင်းမယ်ဆိုတာ မဟုတ်ပါဘူး။ ဒါကိုလည်း ဖေဖော်ဝါရီ ၂၁ ရက်က အုပ် ချုပ်ရေးမှူးအပါအဝင် ကျွန်တော်တို့တွေ ဒေသခံတွေကို ရှင်းပြပြီးပါပြီ'' ဟု ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ကျောက်ပန်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းနိုင်ထံ ဆက်သွယ်မေးမြန်းရာ ''သက်ဆိုင်ရာဌာနတွေက ရှင်းပြပြီးသားပဲ။ စိုက်ပျိုးရေးခြံ ကိစ္စဆိုတော့ စိုက်ပျိုးဌာန ကိုပဲမေးကြည့်ပါ'' ဟု ဖြေကြားခဲ့သည်။

လက်ရှိတွင် အဆိုပါနေရာမှထွက်ရှိသော ရေအားလုံး၏ သုံးပုံတစ်ပုံကို စိုက်ပျိုးရေးခြံအတွက် သုံးစွဲ၍ ကျန်ရေများကို ကျောက်ပန်းတောင်းသို့ ပို့ပေးနေသည်။ ယင်းမှာ လောက်ငှမှုရှိနေသော်လည်း ခြံများရောင်းချ လိုက်ပါက ရေပြဿနာကြုံ ရမည်ကို စိုးရိမ်ရသည်။ ထို့ပြင် ရွာကြီးနှစ် ရွာခန့် အကျယ်အဝန်းရှိသော ယင်းခြံ များတွင် နိုင်ငံခြားသားများ အခြေချလာပါက ဒေသ၏ယဉ်ကျေးမှုများ ထိခိုက်လာနိုင်သည်ဟု ဒေသခံများ က ဆိုသည်။

ကိုးကန့်တိုက်ပွဲ လက်နက်ကြီးကျရောက်၍ ဒေသခံများ စိုးရိမ်ထိတ်လန့်နေ

နန်းဆိုင်နွမ်

ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ဒေသတွင် အစိုးရ တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် တပ်ဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီး လက်နက်ကြီးများ သိန္နီမြို့နယ် အတွင်းရှိ နေအိမ်များပေါ် ကျရောက်မှုများ ရှိသဖြင့် စိုးရိမ် ထိတ်လန့် နေကြကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ လက်နက်ကြီး ကျသည့် နေရာသည် ကွမ်းလုံမြို့နှင့် သိန္နီမြို့ကြားရှိ ကျေးရွာများဖြစ်ပြီး ချင်းရွှေဟော်မြို့ နှင့် လောက် ကိုင် မြို့သို့ သွားသည့်လမ်းမ ပေါ်တွင် တည်ရှိသော နေ့စဉ် စစ်ယာဉ်တန်းများ သွားနေသည့် လမ်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၅ ရက် ညတွင် သိန်နီမြို့နယ် နမ့်စလပ်ကျေးရွာ၌ အခြေစိုက်သော တပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့ ရာ ကောင်းကော်၊ မိုင်းပွန်းဟွေနှင့် နမ့်တုံစုံကျေးရွာရှိ နေအိမ်များကိုထိမှန်ခဲ့ပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း သိန္နီမြို့နယ် ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းစိန်လူ က ဧရာဝတီကို ပြောပြသည်။

“လက်နက်ထိခံရတဲ့ ရွာကလူတွေက တော်တော် ထိတ်လန့်နေကြတယ်။ ရွာတွေမှာ မနေရဲကြတော့ဘူး။ ညနေပိုင်းဆိုရင် သိန္နီနဲ့ နီးပြီး စိတ်ချတဲ့ရွာတွေမှာ သွားအိပ်နေရတယ်။ အခု ဖြစ်နေတာက အပြန်အလှန် တိုက်နေတာ မကြားရဘူး။ စစ်တပ်ဘက်က မသင်္ကာဘူးဆိုရင် လက်နက်ကြီးတွေနဲ့ပစ်၊ သေနတ်တွေနဲ့ လှမ်းလှမ်းပစ်နေတာ။ ပြည်သူတွေ ထိတ်လန့်အောင် မလုပ်ပါနဲ့လို့ဘဲ ပြောချင်ပါတယ်”ဟု ဦးစိုင်းစိန်လူက ပြောသည်။

ထိုနည်းတူ ဖေဖော်ဝါရီလ ၂၅ ရက် ည ၈နာရီကျော်တွင် ကွမ်းလုံမြို့မှ သိန္နီမြို့သို့ မောင်းနှင်လာသည့် ကားတစီးကို နမ့်စလပ် ကျေးရွာ အနီးတွင် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီး လူနှစ်ဦး ဒဏ်ရာရရှိကြောင်း၊ ကျေးရွာပြည်သူများ စိုက်ပျိုးထားသည့် ကြံခင်းများကိုလည်း လုံခြုံရေးအရ ရှင်းလင်းမှုပြုလုပ်၍ ဒေသခံများ အလုပ်လက်မဲ့ဖြစ်နေရကြောင်းလည်း ၎င်းက ပြောဆိုသည်။

သိန္နီမြို့မှ ဒေသခံ စိုင်းနန္ဒ ကလည်း“အခု စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်၊ မသင်္ကင်္ာရင်လည်း ရမ်းပစ်နေတော့ ရွာမှာနေတဲ့လူတွေက ကြောက်ပြီး အခု ဆို သိန္နီမြို့နဲ့ နီးတဲ့ ကျေးရွာတွေကို လာခိုနေရတယ်။ တိုက်ပွဲ နည်းနည်း ငြိမ်သွားရင်တော့ ပြန် သွား ကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဖေဖော်ဝါရီ ၉ ရက်က စတင်ခဲ့သည့် တိုက်ပွဲများသည် ယမန်နေ့အထိ ဆက်လက် ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေမှာ ၁ သောင်းကျော်အထိ ရှိလာ၍ ကွမ်းလုံမြို့မှတဆင့် လားရှိုးမြို့ မန်ဆူရှမ်းကျောင်းသို့ ပို့ဆောင်ထားကြောင်း၊ ထိုမှတဆင့် နေရပ်သို့ ပြန်လည် ပို့ဆောင်နိုင်ရန် စီစဉ် ပေးလျက်ရှိကြောင်း၊ ထို့အပြင် တရုတ် နယ်စပ်တွင် လည်း သောင်းချီရှိကြောင်း၊ တိုက်ပွဲများကြောင့် အရပ်သား ၅၀ ကျော် သေဆုံးမှုများ ရှိကြောင်းလည်း သိရသည်။

ယခုအခါ စစ်အုပ်ချုပ်ရေး ကြေညာထားသော လောက်ကိုင်မြို့မှ ချင်းရွှေဟော်မြို့သို့ ထွက်ခွာလာသည့် ကြက်ခြေနီ ယာဉ်တန်း သည် ဖေဖော်ဝါရီလ အတွင်း၌ ၂ ကြိမ် တိုက်ခိုက်ခံရခြင်း၊ ဖေဖော်ဝါရီ ၂၃ ရက်က အကျဉ်းသူများ သယ်ဆောင်လာသည့် ယာဉ် တန်း ချောင်းမြောင်း ပစ်ခတ် ခံရခြင်းများနှင့် ပတ်သက်ပြီး နှစ်ဘက်စလုံးက အပြန်အလှန် စွပ်စွဲလျက်ရှိသည်။

အစိုးရတိုက်တွန်းမှုကြောင့် လုပ်နေတာမဟုတ်ဘူးလို့ ကြက်ခြေနီ ပြော


မြန်မာ-အိန္ဒိယ တိုက်ရိုက်ကုန်စည် ပို့ဆောင်ရေး ချိတ်ဆက်ဆောင်ရွက်ရန် နှစ်နိုင်ငံ ကူပံ့ဆောင်ရွက်သွားမည်

သီဟကိုကို

မြန်မာ-အိန္ဒိယ တိုက်ရိုက်ကုန်စည် ပို့ဆောင်နိုင်ရန် ချိတ်ဆက်ဆောင်ရွက်ရေးအတွက် နှစ်နိုင်ငံ ကူပံ့ဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အိန္ဒိယ-မြန်မာ နယ်စပ် တမူး-မိုးရေး နယ်စပ်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ(ရာမည)၊ မဇ္ဈိမ) တိုက်ရိုက် ကုန်စည်ပို့ဆောင်ရေးဖြင့်
နှစ်နိုင်ငံကုန်သွယ်မှုကို မြှင့်တင်ရန် ရည်ရွယ်ထားသည်။

ဖေဖော်ဝါရီ ၁၇ ရက်က နေပြည်တော်၌ ပဉ္စမအကြိမ်မြောက် အိန္ဒိယ-မြန်မာ ပူးတွဲ ကုန်သွယ်ရေးကော်မတီ အစည်းအဝေး (The 5th India -Myanmar Joint Trade Committee JTC) ကျင်းပခဲ့ပြီး အိန္ဒိယနိုင်ငံ ကုန်သွယ် ရေးနှင့်စက်မှုဝန်ကြီးနှင့် မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်တို့ တက်ရောက်ဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးတွင် အိန္ဒိယ- မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက် ဘဏ်စနစ် အခက်အခဲများအပါအဝင် ကြုံတွေ့ရလျက်ရှိသည့်အခက်အခဲများ ဖယ်ရှားဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံသဘောတူညီ မှုရရှိခဲ့သည်။

အိန္ဒိယနိုင်ငံဘက်မှ မြန်မာနိုင်ငံနယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေး စခန်းများ၌ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ကူပံ့ရန်ဆွေးနွေးခဲ့ပြီး Trade Training Institute အဆင့်မြှင့်တင်ရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ပြဿနာများဆိုင်ရာ သင်တန်းများပို့ချပေးမည့် အစီအစဉ်များကို ကမ်းလှမ်းခဲ့သည်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီနှင့် မြန်မာဘက်ခြမ်း နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှု တိုးမြင့်လာရေးအတွက် တိုက်ရိုက်ကုန်စည် ပို့ဆောင်နိုင်ရေးအတွက် ကူညီဆောင်ရွက်မည့် အချက်များကို ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အအုံများ၊ စိုက်ပျိုးရေးနှင့် စွမ်းအင်ကဏ္ဍများကိုလည်း ဆွေးနွေးခဲ့သည်။

၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏစုစုပေါင်း သည် ကန်ဒေါ်လာ ၄၃ ဒသမ ၁၆၇ သန်း ရှိခဲ့ပြီး ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအထိ ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၄၉ ဒသမ ၅၈၁ သန်းရှိခဲ့ပြီး ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံသို့ ဆေး နှင့်ဆေးပစ္စည်းများကို အဓိကတင်သွင်း လျက်ရှိပြီး မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပဲမျိုးစုံ အဓိကပြန်လည်တင်ပို့လျက် ရှိသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်လျက်ရှိသည့် အထူးစီးပွားရေးဇုန်များတွင် အိန္ဒိယနိုင်ငံဘက်မှ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး အတွက်လည်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဝန်ကြီးများဆွေးနွေး ညှိနှိုင်းခဲ့သည်။

ဓာတ်အားခွဲရုံနှင့် ၅ မိုင်အကွာရှိကျောက်တော်မြို့နယ်မှ ကျေးရွာ ၄ ရွာ လျှပ်စစ်မီး ၂၄ နာရီရတော့မည်

မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ဓာတ်အားခွဲရုံနှင့် ၅ မိုင်အကွာကျေးရွာ ၄ ရွာကို ၂ဝ၁၅-၂ဝ၁၆ ဘက်ဂျတ် အတွင်း မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီ ယာက ပြောသည်။

“ဘယ်တော့လောက်စပြီးလင်းမယ်ဆိုတာတော့ မခန့်မှန်းနိုင်သေးဘူး။ အဲဒါက ပြည်နယ်က ဘက်ဂျတ်ချပေးမှပဲ သိရမယ်”ဟု မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးထွန်းဝင်းက နိရဉ္စရာသို့ပြောသည်။

မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိတော့မည့် ကျောက်တော်ဓာတ်အားခွဲရုံနှင့် ၅ မိုင်အကွာ ကျေးရွာများမှာ ပုဏ္ဏားရွာ၊ ဘုရားပေါင်းရွာ၊ ကွမ်းအုံချောင်းရွာနှင့် တောင်ပေါက်ရွာတို့ဖြစ်ကြသည်ဟု ဆိုသည်။

အဆိုပါရွာများနည်းတူ မြို့နယ်တွင်းရှိ စံပြကျေးရွာဖြစ်ပြီး အိမ်ခြေ ၁၃ဝဝ ကျော်ရှိသော အပေါက်ဝရွာနှင့် အနီး ဝန်းကျင်ရှိကျေးရွာတချို့ကိုလည်း ယခုနှစ်အတွင်း မဟာဓာတ်အားလိုင်းမှလျှပ်စစ်မီး ၂၄ နာရီဖြန့်ဖြူးပေးမည်ဟု သတင်း များထွက်ပေါ်နေသော်လည်း ယင်းမှာမဟုတ်မှန်ဟုဆိုသည်။

“လက်ရှိမှာတော့ မီးလင်းမယ့်အထဲ အပေါက်ဝရွာမပါသေးဘူးဗျ”ဟု မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထွန်းဝင်းက ပြောသည်။

အပေါက်ဝရွာသည် ကျောက်တော်ဓာတ်အားခွဲရုံနှင့် ၇ မိုင်ခွဲအကွာတွင်တည်ရှိသောကြောင့် လောလောဆယ် တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရနိုင်ခြေနည်းပါးနေခြင်းဖြစ်သည်ဟုဆိုသည်။

“အခုတော့ ရွာမှာ ပုဂ္ဂလိကမီးစက်နဲ့ဆိုတော့ အိမ်မှာ TV လည်းရှိတယ်ဆိုတော့ မီးခတစ်လကို ၁ သောင်းကျော်၊ ၂ သောင်းလောက်အထိပေးနေရတယ်။ မဟာဓာတ်အားလိုင်းကမီးရမယ်ဆိုရင်တော့ အဲလောက် မပေးရတော့ဘူးလို့ ထင်တာပဲ”ဟု အပေါက်ဝကျေးရွာမှ ဒေသခံဦးစံသာအောင်က နိရဉ္စရာသို့ပြောသည်။

အပေါက်ဝကျေးရွာနှင့် အနီးဝန်းကျင်မှ ကျေးရွာအချို့ကို မဟာဓာတ်အားလိုင်းမှလျှပ်စစ်မီးပေးနိုင်ရန်အတွက် ယင်းရွာတွင် 33 kVA ဓာတ်အားခွဲရုံငယ်တစ်လုံးတည်ဆောက်ရန် လျာထားထားသော်လည်း ယခုနှစ်တွင် ဘက်ဂျတ်အ နေအထားအရ မဖြစ်နိုင်သေးကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာက ဆိုသည်။

ကျောက်တော်မြို့ကို ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှစတင်ကာ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ၂၄ နာရီဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြို့တွင်းရှိ အိမ်ခြေပေါင်း ၁၈ဝဝ ခန့် လျှပ်စစ်မီးသုံးစွဲနိုင် နေပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

ဘိန်းစိုက်ပျိုးမှု ထိန်းချုပ်နိုင်ဖို့က ပြည်တွင်းငြိမ်းချမ်းရေး အရေးကြီးဆုံး ဖြစ်နေ


တရုတ်ဘဏ်မှ ဒေါ်လာ သန်း ၃၀၀ ချေးငွေကိစ္စဖြင့် သမ၀ါယမဝန်ကြီးနှင့် အတိုက်အခံအမတ်များ အပြန်အလှန် အချင်းများ

စိုးသန်းလင်း

သမဝါယမ ဝန်ကြီးဌာနက တရုတ်ပို့ကုန်သွင်းကုန် ဘဏ်မှ အမေရိကန်ဒေါ်လာ သန်းသုံးရာချေးယူခွင့်နှင့် ပတ်သက်ပြီး ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေး ၁၈ ရက် မောက်နေ့တွင် ဆွေးနွေးကြရင်း အင်န်အယ်လ်ဒီ အမတ်နှစ်ဦးနှင့် သမဝါယမဝန်ကြီး ဦးကျော်ဆန်းတို့  အချေအတင် ပုတ်ခတ်ပြောဆိုကြရာ ပြည်ထောင်စု လွှတ်တော်နာယကက သတိပေးရသည်အထိ ဖြစ်ခဲ့သည်။

''ရန်မလိုရင် ရန်ပြိုတယ်ဆိုတာကို ကျွန်တော်နားလည်ပါတယ်။ သို့သော်လည်း ဆိုရေးရှိလို့ ဆိုပါရစေ ပြောပါရစေ။ အဲ့တော့ ဒေါ်ခင်စန်းလှိုင် ရဲ့ ဆွေးနွေးချက်ထဲမှာ (ချေးငွေ) တစ်ရာ ရာခိုင်နှုန်း ပြန်လည်ပေးဆပ်တယ်ဆိုတာ ဘယ်နေရာမှ မရှိဘူး။ အဲ့ဒါကို ဝန်ကြီးက စိတ်ကူးယဉ်နေသလား။ လက်တွေ့ မကျဘူး၊ ဖြစ်နိုင်ခြေကို ပြောနေတာလားတဲ့။ အလားတူ ဒေါ်ခင်မွှေးလွင်က ဝန်ကြီးက ပြန်ဆပ်တယ်လို့ ပြောတယ်၊ တိုင်းနဲ့ ပြည်နယ်တွေမှာ ဘဏ်စာရင်းတွေ ကျိတ်ပြီးတော့ လုပ်နေရတယ်လို့ကြားတယ်။ ကျိတ်လုပ်လို့များ ရရင်တော့ အဲ့ဘဏ်တွေပျက်ကုန်မှာပေါ့။ ဒါဟာ မသေချာဘဲနဲ့ ပြောရင်မကောင်းပါဘူး။ သေချာရင် ပြောပါ။ ဘယ်ဘဏ်လဲ၊ ဘယ်မှာလဲ၊ ဒါတွေဟာ အင်မတန် ဆင်ခြင်သင့်တဲ့ စကားတွေလို့ ကျွန်တော်ဒီလိုပဲ ပြော လိုပါတယ်'' ဟု သမဝန်ကြီး ဦးကျော်ဆန်းက ချေးငွေကိစ္စအပေါ် အတိုက်အခံ အမတ်တို့၏ ဝေဖန်မှုကို ပြောဆို တုံ့ပြန်ခဲ့သည်။

ဝန်ကြီးဦးကျော်ဆန်း၏ ပုလဲမြို့နယ် မဲဆန္ဒနယ်မှ ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်ဖြစ်လာ သည့် ဒေါ်ခင်စန်းလှိုင်နှင့် မင်းကင်းမြို့နယ်အမတ် ဒေါ်ခင်မွှေးလွင်တို့က သမ္မတကြီး၏ ဆင်းရဲမှုလျှော့ချ ရေးကို အကောင်အထည်ဖော်ရာတွင် ချေးငွေ ထုတ်ချေးခြင်းထက် သိမ်းထားသော လယ်ယာမြေများကို လယ်သမားများလက်သို့ ပြန်ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းကသာ ဖြေရှင်း နည်းအမှန်ဖြစ်ကြောင်း၊ လယ်သမားများ ပြန်မဆပ်နိုင်ပါက ကြွေးမြီနွံတွင်းပိုနစ်ပြီး နိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်ကြောင်း၊ ယခင်က အလားတူ နိုင်ငံခြားချေးငွေများဖြင့် လယ်သမားတို့ကို ငွေကျပ် တစ်သိန်းစီ ထုတ်ချေးခဲ့ခြင်းကြောင့် အချိန်မီပြန်ဆပ်နိုင်ရေးအတွက် ပြင်ပမှ အတိုးကြီး( ၁ဝဝ လျှင် ၁ဝ မှ ၂ဝ တိုး)များဖြင့် ငွေရှာကာ ပြန်ဆပ်ကြရသဖြင့် ကြွေးသံသရာလည်နေကြရသော လယ်သမားများရှိ ကြောင်း၊ ဝန်ကြီးဖြေကြားသကဲ့သို့ ယခင်ကြွေးများ ရာနှုန်းပြည့် ပြန်ဆပ်ကြသည် ဆိုသည်မှာလည်း လက် တွေ့ အခြေအနေမှန် မဟုတ်ကြောင်း၊ ပြည်သူတို့၏ အခြေအနေမှန်ကို ပြည်သူ့ ကိုယ်စားလှယ်များကသာ ပိုသိနိုင်သောကြောင့် ယခုကဲ့သို့ ပြောရခြင်းဖြစ်ကြောင်းနှင့် ဝန်ကြီး၏ ပြောစကားများမှာ လက်တွေ့မကျဘဲ စိတ်ကူးယဉ်ဆန်နေကြောင်း ဝေဖန်ကြသည်။

ထိုသို့ ဝေဖန်ထောက်ပြမှုအပေါ် ဝန်ကြီးဦးကျော်ဆန်းက ''ကျွန်တော်ဒီနေရာမှာ ပြန်ပြောချင်တာက ကျွန်တော်က စိတ်ကူးမယဉ်ပါဘူး။ လက်တွေ့သမားပါ။ စိတ်ကူးယဉ်ကြတာ၊ အထင်နဲ့ ပြောကြတာဟာ ဒေါ်ခင်စန်းလှိုင်နဲ့ ဒေါ်ခင်မွှေးလွင်တို့ပဲ ဖြစ်မယ်လို့ ကျွန်တော် ဒီလိုပြန်ပြောပါရစေ''ဟု အမည်နာမတပ်၍ တုံ့ပြန်ပြောကြားအပြီးတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အများစု (ပြည်ခိုင်ဖြိုး ပါတီဝင် အမတ်) တို့က တညီတညာတည်း လက်ခုပ်တီးခဲ့ကြ၍ ပြောဆိုဆွေးနွေးမှုများ ခေတ္တရပ်ဆိုင်းသွားခဲ့သည်။

ထို့နောက် သ/မဝန်ကြီးက'' ရန်မလိုရင် ရန်ပြိုပါတယ်။ ကျွန်တော် ချေးငွေသန်းတစ်ရာနဲ့ ကိုရီးယားက စက်ပစ္စည်းတွေ ယူတုန်းကလည်း ကျွန်တော့်ကို ဘယ်လိုပြောခဲ့ကြလဲ၊ ဒေါ်ခင်စန်းလှိုင်တို့ဘက်က ဘယ် လိုပြောလဲ။ ပြည်ထောင်စု လွှတ်တော်က ခွင့်မပြုရသေးဘူးတဲ့၊ စာလည်းမချုပ်ရသေးဘူး။ ဒါပေမယ့် ဝန်ကြီးတို့က လယ်ယာသုံး စက်ကိရိယာတွေကို ဝယ်ထားယူထားပြီးတော့ အဲ့ပစ္စည်းတွေ လှိုင်သာယာ ရောက်နေပြီ အဲ့လိုပြောခဲ့ပါတယ်။ ဒါ အထင်နဲ့စွပ်စွဲတာပါ။ ခပ်ရိုင်းရိုင်းပြောရရင် အောက်လမ်းနည်းလို့ ပြောရမှာဖြစ်တယ်'' ဟု ဆက်လက်၍ ချေပပြောကြားခဲ့သည်။

ထိုသို့ပြောကြားခြင်းအပေါ် ဒေါ်ခင်စန်းလှိုင်က ''ကျွန်မတို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဆိုတာလည်း ပြည်ထောင်စုအဆင့်ပါပဲ။ ပြည်ထောင်စုဝန် ကြီးတစ်ယောက်အနေနဲ့ လွှတ်တော်ထဲမှာ ဒီလိုပြန်လည်ဖြေကြားပုံကို ကျွန်မတို့ လုံးဝ သဘောမတူပါဘူး'' ဟု ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာကို ပြောခဲ့သည်။

လွှတ်တော်တွင်း မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ ဆွေးနွေးခြင်းများကို လွှတ်တော် အမတ်များနှင့် သက်ဆိုင် ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တို့ အချင်းချင်း ယခုကဲ့သို့ အမည်နာမဖော်ညွှန်းပြီး တိုက်ရိုက် ပြောဆိုချေပခြင်းတို့မှာ လွှတ်တော်၏ လုပ်ထုံးလုပ်နည်း မဟုတ်ကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော်နာယကကို မဏ္ဍိုင်ထားပြီးသာ ပြောဆိုကြရမှာဖြစ်ကြောင်း၊ သမ္မတ၏ တရုတ်ချေးငွေ အမေ ရိကန်ဒေါ်လာ သန်း ၃ဝဝ အတည်ပြုနိုင်ရေး သဝဏ်လွှာအပေါ် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းအတွက် သာ ဆွေးနွေးရမည်ဖြစ်ပြီး ဆွေးနွေးရင်းက လွှတ်တော်အမတ်တို့က မေးခွန်းများ ထည့်သွင်းမေးမြန်းသည် မျိုးကိုလည်းနောင်တွင် မပြုလုပ်ကြရန် သူရဦးရွှေမန်းက သ/မဝန်ကြီးကိုရော အတိုက်အခံအမတ် နှစ်ဦးတို့ ကိုပါ သတိပေးပြောကြားရသည်အထိ အချေအတင်စွပ်စွဲ ပြောဆိုမှုများဖေဖော်ဝါရီ ၂၅ ရက် ကပေါ်ပေါက် ခဲ့သည်။

တရုတ်ဘဏ်EXIM Bank of China) မှ ချေးငွေ သန်းသုံးရာ ချေးခွင့်ရပြီးလျှင် သ/မ ဝန်ကြီးဌာနသည် ပြည်သူတို့ကို ဝိုင်းကြီးချုပ်စနစ်ဖြင့် တစ်ဦးလျှင် ကျပ် ငါးသိန်းစီချေးမည်ဆိုသည့် ကိစ္စအပေါ် လွှတ်တော် တွင် မဲခွဲရာထောက်ခံမဲ ၄၃၃၊ ကန့်ကွက် ၅၆ မဲ၊ ကြားနေ ၁၉ မဲဖြင့် အတည်ပြုနိုင်ခဲ့သည်။

လွှတ်တော်ကြားနာပွဲကိစ္စ ပြန်ညှိနှိုင်းရန် NNER တောင်းဆို

webteam

အမျိုးသားပညာရေးဥပဒေပြင်ဆင်တဲ့ ဥပဒေမူကြမ်းအတည်ပြုနိုင်ရေးနဲ့ပတ်သက်ပြီး အမျိုးသား လွှတ်တော်မှာ ကြားနာမယ့် အစီအစဉ်ကို လေးပွင့်ဆိုင်ကိုယ်စားလှယ်တွေနဲ့ ပြန်လည် ညှိနှိုင်းပေးဖို့ အမျိုးသားပညာရေးပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာ)က တောင်းဆိုပါတယ်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်အရ ပေးပို့လာတဲ့ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်းကို အတည်ပြုနိုင်ရေး မတ်လ ၅ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တဖွဲ့ကိုတစ်ရက် သီးခြားစီ ကြားနာကြဖို့ သပိတ်မှောက်ကျောင်းသားတွေအပါအ၀င် အဖွဲ့အစည်းတွေကို အမျိုးသားလွှတ်တော်က ဖေဖော်ဝါရီ ၂၄ ရက်ကဖိတ်ခေါ်ထားတာပါ။

ဒါဟာ လေးပွင့်ဆိုင်ဆွေးနွေးပွဲတုန်းက ရခဲ့တဲ့ သဘောတူညီချက်နဲ့ ကိုက်ညီခြင်းမရှိဘူးလို့ အန်အန်အီးအာက ဒေါ်သူသူမာကပြောပါတယ်။

“လွှတ်တော်က အချိန်စာရင်းထွက်လာတာပေါ့နော်။ အဲဒီအချိန်စာရင်းအပေါ်မှာ ကျမတို့ မေးခွန်းအများကြီးထွက်လာတာပေါ့။ ပုံမှန်က လွှတ်တော် လုပ်ငန်းစဉ်အတိုင်းသွားရမှာက သွားဖို့ရှိတယ်။ ဒါပေမယ့် သွားတဲ့နေရာမှာ ကျမတို့ ၄ ပွင့်ဆိုင် သဘောတူညီချက်ကို အခြေခံထားတဲ့ လွှတ်တော်တွေ့ဆုံပွဲကို ဖြစ်ဖို့လိုတယ်ဆိုတဲ့ အယူအဆရှိတယ်ရှင့်။ ဘာလို့လဲဆိုတော့ ကျမတို့ဒီ ဆွေးနွေးပွဲတွေ စတင်လိုက်ကတည်းက ကျောင်းသားတွေလိုချင်တဲ့ ကြိုတင်သတ်မှတ်ချက် ၉ ချက်မှာကိုက ကျမတို့ ရှေ့ဆက်ပြီး လွှတ်တော်မှာ ကြားနာတာတွေဘာတွေဆိုလို့ရှိရင် ကျမတို့ ၄ ပွင့်ဆိုင်ကြားနာခွင့်ရှိတဲ့ဟာပေါ့ အဲလိုမျိုး သဘောတူညီချက်တွေရှိတော့ အဲဒီသဘောတူညီချက်တွေကိုလိုက်နာတဲ့ လွှတ်တော်ကြား နာပွဲတွေဖြစ်လာဖို့ ကျမတို့ ပြန်ပြီးဆွေးနွေးချင်တဲ့ သဘောပါပဲ။”


အဆိုပါဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ကြားနာမည်အစီစဉ်ဟာ လွှတ်တော်သမိုင်းမှာ ပုံမှန်မဟုတ်တဲ့ အစီစဉ်ဖြစ်သလို အချိန်ဆွဲထားတဲ့ အနေအထားမျိုးဖြစ်နေတဲ့အတွက် စိုးရိမ်မကင်းဖြစ်နေတယ်လို့ လည်း အန်အန်အီးအာကဆိုပါ တယ်။

လွှတ်တော်ကြားနာပွဲအချိန်ကြာဖြင့်ခြင်းအားဖြင့် ရပ်နားထားတဲ့ သပိတ်ကျောင်းသားတွေ ရန်ကုန်ကို ၀င်လာဖို့ တွန်းပို့နေသလိုဖြစ်တယ်လို့လည်း ပညာရေးကွန်ရက်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

သပိတ်မှောက်ကျောင်းသားတွေကတော့ ဒီဥပဒေမူကြမ်းကို ဖေဖော်ဝါရီလ ၂၈ ရက်နောက်ဆုံး ထားပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းပေးဖို့နဲ့ မပြဌာန်းပေးရင် ရန်ကုန်ကို ချီတက် ဆန္ဒပြမယ်လို့ ကြေညာထားပါတယ်။

တရုတ် မြန်မာနယ်စပ် လောင်းကစားနဲ့ မူးယစ်ဆေးဝါးတွေ ပေါများနေ


မည်သူမဆို တရုတ်ပိုင်နက်ကိုသုံး၍ မြန်မာနှင့် ဆက်ဆံရေးပျက်အောင် လုပ်ခွင့်မပြုဟု တရုတ်ဆို

တင်ဇာအောင်

မည်သည့်အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်ကိုမဆို တရုတ်ပိုင်နက်ကို အသုံးပြု ၍ တရုတ်-မြန်မာ ဆက်ဆံ ရေးနှင့် နယ်နိမိတ်တည်ငြိမ်ရေးကို အနှောင့်အယှက်ပေးမည့် မည်သည့်လှုပ်ရှားမှုကိုမဆို တရုတ်နိုင်ငံက ခွင့်ပြုမည်မဟုတ်ဟု တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mr.Hong Lei က ပြောကြားလိုက်သည်။

၎င်းက ဖေဖော်ဝါရီ ၂၅ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှတစ်ဆင့် ထုတ်ပြန်ပြောကြားလိုက်ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံမြောက် ပိုင်းဒေသ ပဋိပက္ခဖြစ်ပွားပြီးကတည်းက တရုတ်နိုင်ငံသည် ယင်းမူ ဝါဒကိုသာ ကျင့်သုံးပြီး လက်ရှိ ရှမ်းပြည်မြောက်ပိုင်းလောက် ကိုင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများ ကို ရည်ညွှန်း၍ ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံသည် ယင်းသို့ ပြောဆိုသော်လည်း ဖေဖော်ဝါရီ ၂၁ ရက်က နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိ ယဗိုလ်ချူပ်ကြီး မြထွန်းဦးက လောက်ကိုင်တိုက်ပွဲများတွင် တရုတ်ကြေးစားများ ပါဝင်နေသည်ဟု ဆိုလိုက် ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ အချုပ်အခြာအာဏာ ပိုင်နက်ထဲမှာဖြစ်၍ မြန်မာနိုင်ငံ၏ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမည်ဟု ပြောထားသည်။

ကိုးကန့်သောင်းကျန်သူအဖွဲ့မှ တရုတ်နိုင်ငံသား ရှစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်များနှင့် သတင်းအချက် အလက်စုံစမ်းချက်များအရ တရုတ်နိုင်ငံသား ကြေးစားများ ပါဝင်ပတ်သက်လျက်ရှိသည်ဟု ၎င်းက ဆိုခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mr.Hong Lei ၏ ထုတ် ပြန်ချက်တွင် လက်ရှိဖြစ် ပေါ်နေသော ပဋိပက္ခများ မကြီးထွားစေရန်၊ အရှိန်လျှော့ချရန်၊ နှစ်နိုင်ငံ နယ်စပ်ဒေသ၏ လုံခြုံရေး စနစ်ကို မထိခိုက်စေရန် တိုက်တွန်းသည်။

ယင်းအပြင် မြန်မာနိုင်ငံတွင်ရှိသော တရုတ်အဖွဲ့အစည်းများနှင့် နိုင်ငံသားများ၏ လုံခြုံရေးကိုလည်း ကာကွယ်ပေးမည်ဟု မျှော်လင့်ကြောင်းလည်း ပါဝင်သည်။

တိုက်ပွဲအခြေအနေများကြောင့် တရုတ်နိုင်ငံဘက် တိမ်းရှောင်လာသော မြန်မာများကိုလည်း အထောက်အကူ နေရာများချထားပေးပြီးဖြစ်ကာ ဆက်လက်ပေးအပ်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ သက်ဆိုင်ရာဌာန များက နယ်နိမိတ်ကို ထိန်းချုပ်ရန်ဆိုထားပြီး ဖြစ်သော်လည်းလက်ရှိ အချိန်ထိနယ်နိမိတ်ကို မပိတ်သေးဟု လည်းMr.Hong Lei က ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေး ရရှိမှသာ မိုင်းရှင်းမယ်


သျှမ်းပြည်မြောက်ပိုင်း၌ အစိုးရတပ် ခြုံခိုတိုက်ခိုက်ခံရ ဒေသခံနှစ်ဦး ဒဏ်ရာရ

သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း လားရှိုး ခရိုင် အတွင်း အစိုးရတပ် ခြုံခို တိုက်ခိုက် ခံရရာမှ ဒေသခံ နှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိသောကြောင့် လားရှိုး စစ်ဆေးရုံသို့ ပို့ဆောင် ကုသ ထားရသည်ဟု သိရသည်။

ဖဖေါ်ဝါရီ ၁၉ ရက်နေ့ နှင့် ၂၀ ရက်နေ့တွင် သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် သိန္နီမြို့ နယ်အတွင်း လားရှိုးမှ ကိုးကန့်ဒေသဘက် သွားမည့်ယာဉ်တန်းများ နှစ်ကြိမ်ခြုံခိုတိုက် ခိုက်ခြင်း ခံရခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ခြုံခိုတိုက်ခိုက်ခံရ ရာမှ ရွာရှိရာဘက် သေနတ်ပြောင်းလှည့်ပစ် ခံမှုကြောင့် ဒေသခံ လားဟူ အမျိုးသားတဦး နှင့် အမျိုး သမီးတဦးပါ ထိခိုက်ဒဏ်ရာရှိသည်ဟု သိန္နီမြို့ခံ အဲန်ဂျီအို လုပ်သား စိုင်းခမ်းဟန် က ပြောသည်။

“၁၉ ရက် မွန်းလွဲ ၂ နာရီခွဲ က သိန္နီမြို့မရောက်မီ ၁၀ မိုင်လောက် အကွာမှာရှိတဲ့ ပန်ခမ်း နားချယ် နားမှာ အစိုးရ စစ်ယာဉ်တန်းကို တိုက်ခိုက်တာ။ ကောင်းဆာရွာသား ဦးဂျတေ့၊ ဒေါ်နာရှဲ ဒဏ်ရာရရှိသွားတာ။ နောက် ၂၂ ရက်နေ့ က ၁၀ နာရီလောက်မှာ ကွန်ကောက် ရွာနားမှာ ထပ်ဖြစ်တာ။ ပထမ လက်သည်ဘဲဖြစ်ဖြစ်၊ ဒုတိယ လက်သည်ဘဲဖြစ်၊ တတိယ မကလို့ စတုတ္ထလက်သည်ဘဲ ဖြစ်ဖြစ် ရွာနားကိုလာမပစ်ကြပါနဲ့။ ရွာနားလာပစ်ရင် ဒေသခံ ဘဲထိတာ။ အနူးအညွတ်တောင်းပန်ပါတယ်” - ဟု စိုင်းခမ်းဟန်က ပြောသည်။

ဦးဂျတေ့ နှင့် ဒေါ်နာရှဲ တို့နှစ်ဦး လားရှိုးစစ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေပြီး ၎င်း တို့အား လားရှိုးစစ်တိုင်းရုံးက တဦး ကျပ်တသိန်းထောက် ပံ့ကြေး ပေးကြောင်း ပြောပါသည်။

“ဗမာစစ်ကြောင်းကို သူပုန်က ချောင်းပစ်တယ်။ ကျည်လာ လမ်းကို မသိလိုက် တော့ လှုပ်လှုပ်မြင်တိုင်း ရမ်းပစ်တော့တာဘဲ။ သူပုန်နေတာ တဘက် သူတို့ ပစ်တာက တဘက် ဒါ့ကြောင့် ရွာသားတွေကို ထိသွားတာ” - ဟု ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဂျဟယ့် က ပြော သည်။

သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသအတွင်း ဖုန်ကြားရှင်း နှင့်အဖွဲ့အား တိုက်ခိုက်ရန် အစိုးရ က စစ်အင်အား အလုံးအရင်း ပို့ဆောင်စဉ် ထိုသို့ တိုက်ခိုက်ခံရခြင်းဖြစ်သည်။


ထိုတိုက်ပွဲတွင် ဝ တပ်ဖွဲ့ UWSA ၊ သျှမ်းပြည် တပ်မတော် SSPP/SSA ၊ ကချင်လွတ်လပ် ရေး တပ်မတော် KIA ၊ တအာင်း လွတ်လပ်ရေးတပ်မတော် TNLA (ပလောင်တပ်ဖွဲ့) တို့ ပါဝင်ပတ်သက်နေ သည်ဟုလည်း အစိုးရ ဘက်က ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲတရပ်တွင် ပြောဆိုလိုက်သည်။

ဒေါ်လာ၉ သောင်း တန်ဖိုးရှိ အသည်းရောင်အသားဝါဆေးကို ၆၅၀နဲ့ ရအောင် ကြိုးစားနေ


ပညာရေးဝန်ထမ်းများ နိုင်ငံရေး လုပ်ခွင့်ကန့်သတ်ရန် မဟန အကြံပြု

မင်းမင်း

“အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း” တွင် ပါရှိသော “ဆရာ၊ ဆရာမများသည် နှစ်သက်ရာ ပါတီသို့ ဝင်ရောက်ခွင့်ရှိသည်” ဟူသည့် အချက်ကို ပယ်ဖျက်ပေးရန် နိုင်ငံ၏ သံဃာ့ဥသျှောင်ဖြစ်သော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (မဟန) က သမ္မတထံ အကြံပြုချက် ပေးပို့လိုက်သည်။

ထေကြီးဝါကြီး ဆရာတော် ၄၇ ပါးဖြင့် ဖွဲ့စည်းထားသော မဟန၏ အကြံပြုချက်တွင် “ဆရာ၊ ဆရာမများသည် ဝန်ထမ်းဖြစ်သဖြင့် ပါတီ၊ နိုင်ငံရေးနှင့် ကင်းရှင်းရမည်ဖြစ်သောကြောင့် အဆိုပါပုဒ်မခွဲငယ်အား ပယ်ဖျက်ရမည်” ဟု ဖေဖော်ဝါရီ ၂၅ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ရေးသားထားသည်။

ထို့ပြင် ဆရာ၊ ဆရာမများ၏ သင်ကြားမှုအပေါ် ကျောင်းသားများက အကဲဖြတ်မည့် ဥပဒေကြမ်းပါ ပုဒ်မခွဲတစ်ခုကိုလည်း “မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာနှင့် မညီညွတ်သဖြင့် ပယ်ဖျက်သင့်ကြောင်း” မဟန၏ အကြံပြုစာတွင် ပါရှိသည်။

ဘာဘာရေး ပြဿနာများကိုပင် တစ်စုံတစ်ရာမှတ်ချက်မပြုခဲ့သည့် မဟနအနေဖြင့် အစိုးရ၊ ကျောင်းသား၊ လွှတ်တော်နှင့် NNERတို့ လေးပွင့်ဆိုင်သဘောတူထားသော “အမျိုးသားပညာ ရေးဥပဒေကို ပြင်ဆင်သည့်ဥပ ဒေကြမ်း” ပါ ပုဒ်မအချို့အား အထက်ပါအတိုင်း ကန့်ကွက် ခဲ့ခြင်းဖြစ်သည်။

လက်ရှိကျင့်သုံးနေသည့် ဆယ်တန်းစာမေးပွဲရမှတ်ဖြင့် တက္ကသိုလ်ဝင်ခွင့်ကို ကန့်သတ်ထား သည့်စနစ်အစား “သင်ယူလိုသည့် ဘာသာရပ်နှင့် တက္ကသိုလ်ကို ကျောင်းသားများကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်ခွင့်ရှိရန်” ဟူသည့် ပြင်ဆင်သည့် ဥပဒေကြမ်းပါ ပုဒ်မကိုလည်း နိုင်ငံတစ်ကာ တက္ကသိုလ်များ၏ စံချိန်၊ စံညွှန်းနှင့် ကိုက်ညီမှုမရှိဟု မဟန၏ အကြံပြုချက်တွင် ပါဝင်သည်။

ဆရာ၊ ဆရာမများသည် ဝန်ထမ်းဖြစ်သောကြောင့် နိုင်ငံရေးပါတီကင်းရှင်းရမည်ဟူသည့် မဟန၏ အကြံပြုချက်အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ အာကာမိုးသူက “ဝန်ထမ်းတွေအကုန်လုံးက ကျွန် မဟုတ်ဘူး။ သူယုံကြည်ရာတော့ ယုံပစေ့လေ။ သူ့ယုံကြည်ခွင့်ကို ချိုးဖောက်တယ်ဆိုရင်တော့ သူ့ရဲ့ Human Right (လူ့အခွင့်အရေး) ကို တော်တော်လေး ချိုးဖောက်ရာကျတဲ့အမြင်မျိုးဖြစ် တယ်လို့ သုံးသပ်တယ်” ဟု ဖေဖော်ဝါရီ ၂၂ ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ထို့ပြင် အဆိုပါအကြံပြုချက်များသည် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၏ သဘောထားအစစ် အမှန် မဖြစ်နိုင်ဟု ဒေါက်တာ အာကာမိုးသူ အပါအဝင် သံဃာတော်အချို့က သုံးသပ်သည်။

“အကြံပြုချက်က ဆရာတော်ကြီးတွေရေးတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူတို့ဟာသူတို့ စိတ်ကြိုက် ရေးပြီးတော့ သူတို့နဲ့ အလွမ်းသင့်တဲ့ ဆရာတော်ကြီးတွေလောက်ပြပြီးတော့ မဟနရဲ့သဘောထား ပုံစံမျိုး ထုတ်ဟန်တူပါတယ်။ ငါတို့အတွေ့အကြုံအရ တစ်ကယ်တမ်းပြောရမယ်ဆိုရင် အစိုးရ အာဘော်နဲ့ ပတ်သက်လာလို့ရှိရင် ဆရာတော်ကြီးတွေက တံဆိပ်တုံးထုရုံလောက်ပါ။ မဟန အဖွဲ့မှာလည်း အစိုးရဘုန်းကြီးတွေက ကြီးစိုးနေတာကိုး” ဟု ဆရာတော် အရှင်မိုးသု (မန္တလေး) က မဇ္ဈိမကို မိန့်သည်။

ထို့ပြင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအနေဖြင့် ပညာရေးကိစ္စများတွင် ဝင်ရောက် စွက်ဖက်ရန် မသင့်ကြောင်း၊ ဆရာတော်ကြီးများအနေဖြင့် အမျိုးသားပညာရေးဥပဒေကို မြင်ဖူးမည်ပင် မဟုတ်ကြောင်း အရှင်မိုးသု (မန္တလေး) က ဆက်လက်မိန့်ကြားသည်။

ရွှေညဝါဆရာတော် အရှင်ပညာသီဟကလည်း “ကျုပ်တို့တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေအား လုံးထဲမှာ မဟာနာယက ဆရာတော်ကြီးတွေ ပါဝင်ပတ်သက်ဖူးတဲ့ ပုံစံမရှိဘူးလေ။ ပညာရေး အခင်းအကျင်းကျမှ ပါဝင်ပတ်သက်လာတယ်ဆိုတော့ ပရောဂမကင်းဘူးဆိုတာ သေချာလောက် တာပေါ့” ဟု မိန့်သည်။

အဆိုပါ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း ပေါ်ပေါက်လာရခြင်းမှာ လွှတ်တော်တွင် အတည်ပြုခဲ့သော အမျိုးသားပညာရေးဥပဒေကို ကျောင်းသားများ သပိတ်မှောက် ကန့်ကွက်ခြင်း၏ နောက်ဆက်တွဲဖြစ်သည်။

လွှတ်တော်က အတည်ပြုလိုက်သည့် အမျိုးသားပညာရေးဥပဒေသည် ဗဟိုချုပ်ကိုင်မှု စနစ်များနေခြင်း၊ ကျောင်းသားသမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့်မရှိခြင်း စသည့် အချက်များကြောင့် ပြင်ဆင်ပေးရန် ကျောင်းသားများက ကနဦးတွင် ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် ရက်ပေါင်းခြောက်ဆယ် အတွင်း လေးပွင့်ဆိုင် ဆွေးနွေးညှိနှိုင်းရန် တောင်းဆိုခဲ့သည်။

သို့သော် ကျောင်းသားတို့တောင်းဆိုသည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို အစိုးရက လျစ်လျူရှုခဲ့ပြီး သပိတ်စစ်ကြောင်းများ အရှိန်မြင့်လာမှသာ ဆွေးနွေးပွဲကို လက်ခံခဲ့သည်။

ယင်းဆွေးနွေးပွဲများ၏ ရလာဒ်အဖြစ် ကျောင်းသားတို့တောင်းဆိုသည့် လက်ရှိကျင့်သုံးလျက်ရှိသည့် စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့် စနစ်များကိုပြင်ဆင်ရန်၊ ဒေသအလိုက်၊ ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရန်၊ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကား လွတ်လပ်ခွင့်နှင့် ဘာသာစကားအခြေပြု ဘာသာစကားသုံးပညာရေးစနစ်ကို ထည့်သွင်းရန်၊ ကျောင်းသားများလွတ်လပ်စွာတွေး ခေါ်စဉ်းစားနိုင်ပြီး ကိုယ်တိုင်လေ့လာစူးစမ်း သင်ယူနိုင်မည့် နစ်စနစ်များပြောင်းလဲရန်တို့ပါဝင်သည့် စုစုပေါင်း (၁၁)ချက်ကို အစိုးရဘက်က မူအားဖြင့် သဘောတူခဲ့သည်။

အဆိုပါ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်တွင် မတ်လ ၅ ရက်၌ ဥပဒေကြမ်း ကော်မတီက စတင် ကြားနာမည် ဖြစ်သည်။

ဘလုတ်ညွှန့်ရပ်ကွက် မီးဘေးသင့်နေအိမ် ၁၃၁လုံး ကိုယ်ထူကိုယ်ထ ပြန်ဆောက်


တိုင်းရင်းသား လူမျိုးများ အခွင့်အရေး ဆိုင်ရာ ဥပဒေအပေါ် ဝေဖန်မှုများရှိနေ

နန်းလွင်နှင်းပွင်

ပြဌာန်းပြီးဖြစ်သည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေတွင် တိုင်းရင်းသားဒေသရှိ သဘာ ၀ သယံဇာတများ၏ ရပိုင်ခွင့်များကို ဖော်ပြမထားသဖြင့် တိုင်းရင်းသား လွှတ်တော်အမတ်များက ဝေဖန်ပြောဆိုနေကြသည်။

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပြည်ထောင်စု လွှတ်တော်၌ အတည်ပြုခဲ့ပြီး ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြဌာန်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၂ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဝူက“တိုင်းရင်းသားတွေရဲ့ ဘိုးဘွားပိုင်လယ်မြေတွေ ကို ဒေသခံတွေ သဘောတူညီခြင်း မရှိဘဲ သိမ်းဆည်းမှု မပြုရဆိုတာတွေ တိုင်းရင်းသားဒေသတွေက သဘာဝ သယံဇာတ တွေကို စီမံကိန်း ပြုလုပ်တဲ့အခါ ဒေသခံတွေ ရပိုင်ခွင့် ဆိုတာတွေ ဘာမှ မပါရှိဘူး၊ ဥပဒေက ပြဿနာ ရှိနေပါတယ်”ဟု ဧရာဝတီကို ပြောသည်။

ယခင်အစိုးရအနေဖြင့် တိုင်းရင်းသားဒေသများတွင် ပွင့်လင်းမြင်သာမှု မရှိဘဲ လုပ်ဆောင်ထားသည့် သယံဇာတဆိုင်ရာစီမံကိန်းများကြောင့် ပြဿနာများ ဖြစ်နေခြင်းနှင့် ဒေသခံတို့ နစ်နာရသည့် ကိစ္စရပ်များ ရှိနေသဖြင့် ယခုဥပဒေအပေါ်တွင်လည်း စိုးရိမ်မှုရှိသည် ဟု တိုင်းရင်းသား လွှတ်တော်အမတ်များက ဧရာဝတီကို ပြောသည်။

ဥပဒေတွင် အစိုးရမှ ဖြစ်စေ၊ ပြည်ပမှ ဖြစ်စေ၊ ကုမ္ပဏီများမှ တိုင်းရင်းသားလူမျိုးများ၏ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်းကြီးများ ဆောင်ရွက်မည်ဆိုပါက ဒေသခံများအား ကြိုတင်အသိပေးပြီးမှ ဆောင်ရွက်ရမည်ဟု ဥပဒေတွင် ဖော်ပြထားသော်လည်း ဒေသခံတို့၏ ရပိုင်ခွင့်ကို ဖော်ပြထားခြင်း မရှိပါ။

တိုင်းရင်းသားဒေသများတွင် သဘာဝ သယံဇာတများနှင့် စီမံကိန်းလုပ်နိုင်သည့် နေရာအမြောက်အများရှိသဖြင့် ဒေသခံတို့၏ ရပိုင်ခွင့်ကို အတိအကျ ထည့်သွင်း သတ်မှတ်ပေးရန် အဆိုပါ ဥပဒေကို လွှတ်တော်တွင်း ဆွေးနွေးခဲ့စဉ်က တိုင်းရင်းသား လွှတ်တော် အမတ်တချို့က ပြောဆိုခဲ့သော်လည်း လွှတ်တော်က အတည်မပြုခဲ့ပါ။

ဥပဒေတွင် တိုင်းရင်းသားလူမျိုးများ၏ ရပိုင်ခွင့်များအဖြစ် စကား၊ စာပေ၊ အနုပညာ ၊ ယဉ်ကျေးမှု ၊ ဓလေ့ထုံးတမ်း ၊ ကိုးကွယ်သည့် ဘာသာ၊ ပညာသင်ကြားခွင့် ၊ ဆေး ကုသခွင့်၊ အလုပ်အကိုင် ရပိုင်ခွင့်၊ စီးပွားရေးလုပ်ငန်းများတွင် တန်းတူ အခွင့်အရေး ရပိုင်ခွင့် များနှင့် ပတ်သက်၍ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားသည်။

ရှေးဟောင်းအမွေများထိန်းသိမ်းပိုင်ခွင့် ၊ တိုင်းရင်းသားကိုယ်စားလှယ်များ အဖြစ် ၀င်ရောက်ရွေးချယ်ခွင့်၊ သမိုင်းဖြစ်စဉ်များ၊ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် တိုင်းရင်းဆေးပညာများကို ဆက်လက်ထိန်းသိမ်းရန် လုပ်ပိုင်ခွင့်များ ရှိသည်ဟုလည်း ဆိုထားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၆ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးခင်မောင်လတ်ကလည်း “ဥပဒေမှာ တိုင်းရင်းသားတွေအတွက် အာမခံချက်တွေ ဘာမှ မပါဘူး၊ ဒါပေမယ့် မြန်မာ နိုင်ငံရဲ့ လွှတ်တော်၊ အစိုးရရဲ့ အခြေအနေအရ အခုက ဒီလောက်ပဲ ရနိုင်တာမို့ နောက်မှ ဖြည်းဖြည်းချင်း ပြင်ဆင်ဖို့ လုပ်ရမယ်”ဟု မှတ်ချက်ပြုသည်။

ဥပဒေပြဌာန်းလိုက်ပြီဖြစ်သဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ဆောင်ရွက်ပေးရန် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန တရပ်ကို ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဥပဒေတွင် သတ်မှတ်ထားသည့် တိုင်းရင်းသားလူမျိုးများမှာ မြန်မာနိုင်ငံ၏ ပင်မ တိုင်းရင်းသားများ ဖြစ်ကြသည့် ကချင်၊ ကယား ၊ ကရင်၊ ချင်း၊ ဗမာ၊ မွန် ၊ ရခိုင်၊ ရှမ်း တို့ ဖြစ်ပြီး နိုင်ငံသားပြုခွင့်ရသူများနှင့် ဧည့်နိုင်ငံသားများ မပါဝင်ပါ။

Open Source Software နဲ့ Hardware လက်တွေ့အသုံးပြု ပြမည်


မုံရွာမြို့အနီး ကြက်ငုံးမွေးမြူရေးဇုန်တွင် ကြက်ငှက်တုပ်ကွေးဖြစ်ကာ ကြက်၊ ငုံး အကောင် ၁၀,၀၀၀ ကျော်သေဆုံး

ယုဝေ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အရှေ့ဘက် သာစည်လမ်း ကျောက်ဆစ်ပုံတောင် ကျေးရွာအနီး ကြက်ငုံးမွေးမြူရေးဇုန်တွင်ကြက်ငှက်တုပ်ကွေး ဖြစ်ပွားနေသဖြင့် ပြန့်ပွားမှု မရှိစေရန် အဆိုပါဇုန် အဝင်၊ အထွက်ကို ဖေဖော်ဝါရီ ၂၄ရက် ညက စတင် ကန့်သတ်လိုက်ပြီးလုံခြုံရေး စီမံဆောင်ရွက်နေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးစောမြင့်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါဇုန်တွင် ကြက်ငှက်တုပ်ကွေးကြောင့် ဖေဖော်ဝါရီလ ၁၀ ရက်မှ ၂၅ ရက်အထိ ငုံး ၁၀၉၇၇ ကောင်နှင့် ကြက် ၁၃၁၆ ကောင် သေဆုံးခဲ့ကြောင်း အဆိုပါ ဇုန်၏ စာရင်းများအရ သိရသည်။

မုံရွာဒေသခံ ကိုမျိုးမင်းထွန်းက “အခုထိတော့ ကြက်ငှက်တုပ်ကွေးဖြစ်တာကို လူတွေမသိကြသေးဘူး။ ကြက်သားဈေးကွက်ကလည်း မပျက်သေးဘူး။ မနက်ကတောင် အိမ်မှာကြက်သားဝယ်ချက်လို့ စားလိုက်မိသေးတယ်။ နောက်နေ့ ဒေသခံတွေ ဒီအကြောင်း ကြားရင်တော့ ကြက်သားဈေးကွက် ပျက်သွားနိုင်တယ်” ဟုပြောသည်။

လက်ရှိတွင် အဆိုပါ ဇုန်ကို ပိုးသတ်ဆေးဖျန်းခြင်း၊ ဇုန်ကော်မတီ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် လုံခြုံရေး ချထားခြင်းကို ဆောင်ရွက်ထားကြောင်းဝန်ကြီး ဦးစောမြင့်ဦးက ပြောသည်။

“ဇုန်ထဲကနေ အပြင်ကို မပြန့်ပွားအောင် တိ/မွေးကု ဆရာဝန်တွေနဲ့ဆောင်ရွက်နေပါတယ်။ ကြက်ပိုင်ရှင်တွေက ကြက်တွေသေရင် ကိုယ့်ဘာသာကိုယ် စွန့်ပစ်တာမျိုးတွေ ဖြစ်မှာစိုးလို့ပါ။ ခြံထဲမှာရောဂါ ကူးစက်ခံရတာကို အကြောင်းကြားရင် တိ/မွေးကုဌာနက တာဝန်ယူ ဖျက်ဆီးပေးပါတယ်”ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီလ ၁၀ ရက်က စ၍ ကြက်ငုံးမွေးမြူရေးဇုန်အတွင်း ငုံး ၇၀၀ ခန့် သေဆုံးခဲ့ပြီး ဖေဖော်ဝါရီလ ၁၃ ရက်က မန္တလေးမြို့ဓါတ်ခွဲခန်းသို့ပေးပို့ဓါတ်ခွဲရာမှ တစ်ဆင့် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း သိရှိရသည်ဟု ကြက်ငုံးမွေးမြူရေးဇုန် တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကိုပြောသည်။

ဖမ်းဆီးထားတဲ့ အလုပ်သမားသပိတ် ခေါင်းဆောင် ၃ဦးကို ရုံးထုတ်စစ်ဆေးမည်


မလေးရှား (MSPP) ၏ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်း ရပ်ဆိုင်းထားရန် ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်အသိပေး

စဖန်းရှောင်း

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ အကောင်အထည်ဖော်ဆောင်ရွက်နေသော Myanmar Stark Prestige Plantation Co.Ltd (MSPP) ကုမ္ပဏီ၏ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းဧရိယာကို တိုးချဲ့လုပ်ဆောင်ခြင်း မပြုဘဲ ရပ်ဆိုင်းရန် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဘိတ်-ထားဝယ်ခရိုင်က ပြောကြားလိုက်သည်။

အဆိုပါစီမံကိန်းကြောင့် ဥယျာဉ်၊ ခြံမြေများ နစ်နာဆုံးရှုံးမှုများအတွက် ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားရန် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကုမ္ပဏီထံသို့ ကြေးနန်းပေးပို့အသိပေးထားပြီဖြစ်သည်ဟု ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောဘီးလယ်က ကေအိုင်စီသို့ ပြောသည်။

ပဒိုစောဘီးလယ်က “ဒေသခံတွေက သူတို့မကြိုက်ဘူး၊ ကန့်ကွက်တယ်လို့ တင်ပြလာတာတွေရှိတယ်။ ကျနော်တို့ဘက်ကလည်း ဆက်မလုပ်ဖို့ ကုမ္ပဏီကို နှုတ်အားဖြင့် အကြိမ်ကြိမ်သတိပေး ပြောကြားတာတွေ လုပ်တယ်။ နားမထောင်တဲ့ အခါကျတော့ ဒေသခံတွေကဘက်ကနေ ရပ်တည်ထောက်ခံပြီး အခုလို လုပ်လိုက်တာ ဖြစ်တယ်”ဟု ပြောသည်။

စီမံကိန်းလုပ်ခွင့်ရထားသည့် မြေနေရာအများစုသည် ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေတွင် တည်ရှိသလို စီမံကိန်းကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ ဘောတနို၊ တဖိုးခီး၊ ပလော့ထာ့၊ ဖွေးပလောနှင့် က၀ဲ စသည့် ကျေးရွာများရှိ ဒေသခံများ၏ မြေယာနှင့် ပတ်ဝန်းကျင်ထိခိုက်ဆုံးရှုံးမှုများ ရှိနေသည်ဟု ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်က ဆိုသည်။

ယင်းကဲ့သို့ ဆုံးရှုံးမှုများအပေါ် ဒေသခံများ၏ လုပ်ကိုင်စားသောက်ရန်၊ မြေနေရာများ ပြန်လည်ဖော်ဆောင်ပေး ရန် အစီအစဉ်များရှိကြောင်းနှင့် ယခု ဖေဖော်ဝါရီ ၂၇ ရက်နေ့၌ သိမ်ပြင်ရွာ(တဖိုခီးသဝေါ)တွင် ဒေသခံများနှင့် ကုမ္ပဏီတာဝန်ရှိသူတို့ တွေ့ဆုံကြရန်ရှိကြောင်း သိရသည်။

MSPP ကုမ္ပဏီသည် ဆီအုန်းစိုက်ပျိုးရေး စီမံကိန်းအတွက် အစိုးရခွင့်ပြုချက်ဖြင့် ၂၀၁၁ခုနှစ်က မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် ၄၅၇/၂၀၁၁ အရ တနင်္သာရီမြို့နယ် က၀က်-ကော့မပြင်း ဧရိယာ အတွင်း မြေနေရာဧက ၄၂,၂၀၀ ရရှိထားပြီး ဧက ၂၀၀၀ကို ခုတ်ထွင်ရှင်းလင်း၍ စီမံကိန်းဖော်ဆောင်ပြီးစီး နေပြီဖြစ်သည်ဟု ယင်းကိစ္စ လေ့လာစောင့်ကြည့် သည့် ထားဝယ်အခြေစိုက် Southern Youth အဖွဲ့က ပြောဆိုထားသည်။

Southern Youth အဖွဲ့မှ တာဝန်ခံ စောဖိုးစံက “သူတို့ပြောပေမယ့် ဒီနှစ်လအတွင်းမှာပဲ သိသိသာသာ စီမံကိန်း တိုးချဲ့လာတာ တွေ့ရတယ်။ အခုလို စာထုတ်ပြီး ရပ်ဆိုင်းတာဆိုရင်တော့ အခြေအနေတွေ တစ်မျိုးတစ်ဖုံ ပြောင်းလဲဖို့ ရှိတဲ့အတွက် ကျနော်တို့ ကြိုဆိုပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် တနင်္သာရီမြို့နယ်ရှိ ၎င်းစီမံကိန်းဧရိယာအတွင်း သိမ်းဆည်းခံရ သော ဥယျာဉ်၊ ခြံမြေများအတွက် လျော်ကြေးပေးဆောင်ရန်နှင့် ပိုင်ဆိုင်ထားသည့် မြေနေရာများကို ပြန်လည် သတ်မှတ်ပြီး မည်သူမျှ ၀င်ရောက်ခုတ်ထွင်ရှင်းလင်းခြင်း မပြုရန် အချက် (၂)ချက်ကို ဒေသခံများက ကေအဲန်ယူထံသို့ စာရေးသားတင်ပြတောင်းဆိုထားသည်ဟု သိရသည်။