Friday, February 27, 2015

မလေးရှား (MSPP) ၏ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်း ရပ်ဆိုင်းထားရန် ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်အသိပေး

စဖန်းရှောင်း

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ အကောင်အထည်ဖော်ဆောင်ရွက်နေသော Myanmar Stark Prestige Plantation Co.Ltd (MSPP) ကုမ္ပဏီ၏ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းဧရိယာကို တိုးချဲ့လုပ်ဆောင်ခြင်း မပြုဘဲ ရပ်ဆိုင်းရန် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဘိတ်-ထားဝယ်ခရိုင်က ပြောကြားလိုက်သည်။

အဆိုပါစီမံကိန်းကြောင့် ဥယျာဉ်၊ ခြံမြေများ နစ်နာဆုံးရှုံးမှုများအတွက် ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားရန် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကုမ္ပဏီထံသို့ ကြေးနန်းပေးပို့အသိပေးထားပြီဖြစ်သည်ဟု ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောဘီးလယ်က ကေအိုင်စီသို့ ပြောသည်။

ပဒိုစောဘီးလယ်က “ဒေသခံတွေက သူတို့မကြိုက်ဘူး၊ ကန့်ကွက်တယ်လို့ တင်ပြလာတာတွေရှိတယ်။ ကျနော်တို့ဘက်ကလည်း ဆက်မလုပ်ဖို့ ကုမ္ပဏီကို နှုတ်အားဖြင့် အကြိမ်ကြိမ်သတိပေး ပြောကြားတာတွေ လုပ်တယ်။ နားမထောင်တဲ့ အခါကျတော့ ဒေသခံတွေကဘက်ကနေ ရပ်တည်ထောက်ခံပြီး အခုလို လုပ်လိုက်တာ ဖြစ်တယ်”ဟု ပြောသည်။

စီမံကိန်းလုပ်ခွင့်ရထားသည့် မြေနေရာအများစုသည် ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေတွင် တည်ရှိသလို စီမံကိန်းကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ ဘောတနို၊ တဖိုးခီး၊ ပလော့ထာ့၊ ဖွေးပလောနှင့် က၀ဲ စသည့် ကျေးရွာများရှိ ဒေသခံများ၏ မြေယာနှင့် ပတ်ဝန်းကျင်ထိခိုက်ဆုံးရှုံးမှုများ ရှိနေသည်ဟု ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်က ဆိုသည်။

ယင်းကဲ့သို့ ဆုံးရှုံးမှုများအပေါ် ဒေသခံများ၏ လုပ်ကိုင်စားသောက်ရန်၊ မြေနေရာများ ပြန်လည်ဖော်ဆောင်ပေး ရန် အစီအစဉ်များရှိကြောင်းနှင့် ယခု ဖေဖော်ဝါရီ ၂၇ ရက်နေ့၌ သိမ်ပြင်ရွာ(တဖိုခီးသဝေါ)တွင် ဒေသခံများနှင့် ကုမ္ပဏီတာဝန်ရှိသူတို့ တွေ့ဆုံကြရန်ရှိကြောင်း သိရသည်။

MSPP ကုမ္ပဏီသည် ဆီအုန်းစိုက်ပျိုးရေး စီမံကိန်းအတွက် အစိုးရခွင့်ပြုချက်ဖြင့် ၂၀၁၁ခုနှစ်က မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် ၄၅၇/၂၀၁၁ အရ တနင်္သာရီမြို့နယ် က၀က်-ကော့မပြင်း ဧရိယာ အတွင်း မြေနေရာဧက ၄၂,၂၀၀ ရရှိထားပြီး ဧက ၂၀၀၀ကို ခုတ်ထွင်ရှင်းလင်း၍ စီမံကိန်းဖော်ဆောင်ပြီးစီး နေပြီဖြစ်သည်ဟု ယင်းကိစ္စ လေ့လာစောင့်ကြည့် သည့် ထားဝယ်အခြေစိုက် Southern Youth အဖွဲ့က ပြောဆိုထားသည်။

Southern Youth အဖွဲ့မှ တာဝန်ခံ စောဖိုးစံက “သူတို့ပြောပေမယ့် ဒီနှစ်လအတွင်းမှာပဲ သိသိသာသာ စီမံကိန်း တိုးချဲ့လာတာ တွေ့ရတယ်။ အခုလို စာထုတ်ပြီး ရပ်ဆိုင်းတာဆိုရင်တော့ အခြေအနေတွေ တစ်မျိုးတစ်ဖုံ ပြောင်းလဲဖို့ ရှိတဲ့အတွက် ကျနော်တို့ ကြိုဆိုပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် တနင်္သာရီမြို့နယ်ရှိ ၎င်းစီမံကိန်းဧရိယာအတွင်း သိမ်းဆည်းခံရ သော ဥယျာဉ်၊ ခြံမြေများအတွက် လျော်ကြေးပေးဆောင်ရန်နှင့် ပိုင်ဆိုင်ထားသည့် မြေနေရာများကို ပြန်လည် သတ်မှတ်ပြီး မည်သူမျှ ၀င်ရောက်ခုတ်ထွင်ရှင်းလင်းခြင်း မပြုရန် အချက် (၂)ချက်ကို ဒေသခံများက ကေအဲန်ယူထံသို့ စာရေးသားတင်ပြတောင်းဆိုထားသည်ဟု သိရသည်။

No comments: