Friday, February 27, 2015

မြန်မာ-အိန္ဒိယ တိုက်ရိုက်ကုန်စည် ပို့ဆောင်ရေး ချိတ်ဆက်ဆောင်ရွက်ရန် နှစ်နိုင်ငံ ကူပံ့ဆောင်ရွက်သွားမည်

သီဟကိုကို

မြန်မာ-အိန္ဒိယ တိုက်ရိုက်ကုန်စည် ပို့ဆောင်နိုင်ရန် ချိတ်ဆက်ဆောင်ရွက်ရေးအတွက် နှစ်နိုင်ငံ ကူပံ့ဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အိန္ဒိယ-မြန်မာ နယ်စပ် တမူး-မိုးရေး နယ်စပ်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ(ရာမည)၊ မဇ္ဈိမ) တိုက်ရိုက် ကုန်စည်ပို့ဆောင်ရေးဖြင့်
နှစ်နိုင်ငံကုန်သွယ်မှုကို မြှင့်တင်ရန် ရည်ရွယ်ထားသည်။

ဖေဖော်ဝါရီ ၁၇ ရက်က နေပြည်တော်၌ ပဉ္စမအကြိမ်မြောက် အိန္ဒိယ-မြန်မာ ပူးတွဲ ကုန်သွယ်ရေးကော်မတီ အစည်းအဝေး (The 5th India -Myanmar Joint Trade Committee JTC) ကျင်းပခဲ့ပြီး အိန္ဒိယနိုင်ငံ ကုန်သွယ် ရေးနှင့်စက်မှုဝန်ကြီးနှင့် မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်တို့ တက်ရောက်ဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးတွင် အိန္ဒိယ- မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက် ဘဏ်စနစ် အခက်အခဲများအပါအဝင် ကြုံတွေ့ရလျက်ရှိသည့်အခက်အခဲများ ဖယ်ရှားဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံသဘောတူညီ မှုရရှိခဲ့သည်။

အိန္ဒိယနိုင်ငံဘက်မှ မြန်မာနိုင်ငံနယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေး စခန်းများ၌ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ကူပံ့ရန်ဆွေးနွေးခဲ့ပြီး Trade Training Institute အဆင့်မြှင့်တင်ရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ပြဿနာများဆိုင်ရာ သင်တန်းများပို့ချပေးမည့် အစီအစဉ်များကို ကမ်းလှမ်းခဲ့သည်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီနှင့် မြန်မာဘက်ခြမ်း နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှု တိုးမြင့်လာရေးအတွက် တိုက်ရိုက်ကုန်စည် ပို့ဆောင်နိုင်ရေးအတွက် ကူညီဆောင်ရွက်မည့် အချက်များကို ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အအုံများ၊ စိုက်ပျိုးရေးနှင့် စွမ်းအင်ကဏ္ဍများကိုလည်း ဆွေးနွေးခဲ့သည်။

၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏစုစုပေါင်း သည် ကန်ဒေါ်လာ ၄၃ ဒသမ ၁၆၇ သန်း ရှိခဲ့ပြီး ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအထိ ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၄၉ ဒသမ ၅၈၁ သန်းရှိခဲ့ပြီး ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံသို့ ဆေး နှင့်ဆေးပစ္စည်းများကို အဓိကတင်သွင်း လျက်ရှိပြီး မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပဲမျိုးစုံ အဓိကပြန်လည်တင်ပို့လျက် ရှိသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်လျက်ရှိသည့် အထူးစီးပွားရေးဇုန်များတွင် အိန္ဒိယနိုင်ငံဘက်မှ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး အတွက်လည်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဝန်ကြီးများဆွေးနွေး ညှိနှိုင်းခဲ့သည်။

No comments: