ဧရာဝတီ
ချမ်းသာကြွယ်ဝသည့် နိုင်ငံခြားက လူတွေ ဝတ်ဆင်ကြမည့် ဂျာကင်များနှင့် ပတ်သက်၍ မြန်မာ အထည်ချုပ် အလုပ်သမ မထက်မြတ်ငြိမ်း၏ အမူအရာက အလွန် သတိထားနေသည်ကို မြင်ရသည်။
“ကျမ ဒီစက်ရုံမှာပဲ စက်ချုပ်တတ်အောင် သင်ခဲ့တာ” ဟု မထက်မြတ်ငြိမ်းက Agence France Presse (AFP) သတင်းဌာနသို့ ပြောပြသည်။ ရန်ကုန်ဆင်ခြေဖုံး ရပ်ကွက်တွင် အလျင်အမြန် ဖွံ့ဖြိုးလာနေသည့် စက်မှုလုပ်ငန်း များထဲက တခုဖြစ်သည့် ရွှေရည်စံပယ် အထည်ချုပ်စက်ရုံမှ ဆူညံနေသည့် အပ်ချုပ်စက်သံများ ကြားတွင် သူ၏ ညင်သာသော အသံက ပျောက်ကွယ်သွားလုနီးပါး ဖြစ်နေသည်။
သူနေထိုင်သည့် လှိုင်သာယာ မြို့နယ်မှ မိသားစု အများစုသည် နိုင်ငံခြားတွင် အလုပ် သွားလုပ်နေသည့် သူများက ပြန်ပို့ ပေးသည့် ငွေအပေါ်တွင်သာ မှီခိုရပ်တည်နေ ကြရဆဲ ဖြစ်သည်။ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် အာဏာရှင် အုပ်ချုပ်ရေးနှင့် ယခင် စစ်အစိုးရ လက်ထက်က မှားယွင်းသော စီးပွားရေး စီမံခန့်ခွဲမှုများ၏ အမွေအနှစ် တခုလည်း ဖြစ်ပါ သည်။
ပါးပြင်ပေါ်တွင် မြန်မာ့ရိုးရာအတိုင်း သနပ်ခါး ပါးကွက် ကွက်ထားသည့် မထက်မြတ်ငြိမ်းက သူတို့ အသိုင်းအဝိုင်းတွင် (နိုင်ငံခြား ထွက်မသွားဘဲ) ကျန်နေခဲ့သော အမျိုးသမီးများ အတွက် ရွေးချယ်စရာ အလုပ်အကိုင်က ၂ မျိုးသာ ရှိသည်ဟု ပြောသည်။ “အထည်ချုပ်နဲ့ အလှပြင်ဆိုင်၊ ဒါပဲရှိတယ်” ဟု သူက ဆိုသည်။
စိုက်ပျိုးရေးနှင့် လူလက်တဆုပ်စာမျှသာ ကြီးပွားချမ်းသာသော သယံဇာတ ထုတ်ယူခြင်း ကိုသာ ကာလရှည်ကြာ လုပ်ဆောင်ခဲ့ပြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများထဲတွင် တခုအပါအဝင်ဖြစ်သော နိုင်ငံမှ ပြည်သူများ၏ လူနေမှုကို မြင့်တင်ပေးနိုင်ခဲ့ခြင်း မရှိသည့် စီးပွားရေးကို စက်မှုလုပ်ငန်းများက ပြောင်းလဲ ပုံဖော်ပေးနိုင်မည်ဟု မြန်မာနိုင်ငံက မျှော်လင့်ထားသည်။
ယခု အချိန်အထိ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကမ္ဘာ့အဆင့် ညွှန်းကိန်းဇယားများတွင် အောက်ခြေ၌သာ ရှိနေဆဲ ဖြစ်သော မြန်မာနိုင်ငံကို အောင်မြင်သည့် နိုင်ငံတခုအဖြစ် တည်ဆောက်ရေး အစီအစဉ်များက နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲများ၏ ရလဒ်ကို စောင့်ဆိုင်းနေသည်။ အဆိုပါ ရွေးကောက်ပွဲတွင် စစ်တပ်က ကျောထောက် နောက်ခံပေးထားသည့် လက်ရှိ အာဏာရပါတီ (USDP) နှင့် ဒေါ်အောင်ဆန်းစု ကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့ အဓိက ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
မကြာသေးမီက ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီ (Angelina Jolie) နှင့် အတူ အထည်ချုပ်စက်ရုံ တခုသို့ သွားရောက် လည်ပတ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက သူတို့ ရာစုနှစ် ၄ ပုံ ၁ ပုံကြာ တိုက်ပွဲဝင် ခဲ့ရသော တနိုင်ငံလုံး အတိုင်းအတာဖြင့် ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိမည် ဟု ခန့်မှန်းထားသည်။
သို့သော်လည်း သမ္မတ နေရာအတွက် ယခု အထိ မဆုံးဖြတ်ရသေးသည့် အတွက် ပြုပြင်ပြောင်းလဲရေးများ၏ ဖြစ်နိုင်ခြေ လမ်းကြောင်းနှင့် ပတ်သက်၍ မေးခွန်းများ အမြောက်အများ ထွက်ပေါ် လာခဲ့သည်။ စစ်တပ်က ရေးဆွဲထားသည့် အခြေခံ ဥပဒေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်နိုင်အောင် တားဆီးထားသည်။
အလျင်အမြန် ကြီးထွားလာသော စီးပွားရေး
သို့သော်လည်း ကမ္ဘာ့ဘဏ် (World Bank) က အလားအလာကောင်းများ ပေါ်ထွက်လာနေသည့် မြန်မာနိုင်ငံကို ကမ္ဘာပေါ်၌ စီးပွားရေး အလျင်မြန်ဆုံး ဖွံ့ဖြိုးမှုတွင် စတုတ္ထနေရာတွင် ရှိနေသေည့် နိုင်ငံအဖြစ် သတ်မှတ်ထားသည်။
တရုတ်နှင့် အိန္ဒိယနိုင်ငံများကြားတွင် ဗျူဟာမြောက်စွာ တည်ရှိနေသည့် မြန်မာနိုင်ငံတွင် လူဦး ရေ ၅၁ သန်းခန့် ရှိပြီး လုပ်ခလစာ ဈေးနှုန်း သက်သာသလို စားသုံးသူ အသစ်များ ရရှိနိုင်သော အလားအလာ ကောင်းများလည်း ရှိနေသည်။
အထည်ချုပ် လုပ်ငန်းများ ကလည်း လျင်လျင်မြန်မြန် တိုးချဲ့လာနေသည်။ ပြီးခဲ့သည့် နှစ်တွင် အထည်ချုပ် လုပ်ငန်းမှ နိုင်ငံခြား တင်ပို့မှု တန်ဖိုးက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအထိ ရောက်ရှိခဲ့သည်ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း၏ အဆိုအရ သိရသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားတင်ပို့မှု စုစုပေါင်း၏ ၁၇ ရာခိုင်နှုန်း ဖြစ်သည်။ ရန်ကုန်မှ စက်မှုလုပ်ငန်းများရှိ အလုပ်အကိုင် နေရာ ၇၀ ရာခိုင်နှုန်းမှာ အထည်ချုပ်လုပ်ငန်း ကဏ္ဍမှ ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။
Gap နှင့် H&M တို့ အပါအဝင် အဓိက ဖက်ရှင် အမှတ်တံဆိပ်များ မြန်မာနိုင်ငံသို့ ရောက်ရှိ နေခဲ့ကြပြီး ဖြစ်သည်။
ယခုနှစ် အတွင်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းက အစိုးရ ရည်မှန်းထားသည်ထက် ၂ ဆ တိုး၍ အမေရိကန်ဒေါ်လာ ၈ ဘီလီယံအထိ ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ ပထမဆုံး အထူးစီးပွားရေးဇုန် ဖြစ်သည့် ရန်ကုန်မြို့ အနီးမှ သီလဝါ စီမံကိန်းလည်း စတင်ခဲ့သည်။
သို့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းမှ အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးသည့် နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများကို ယှဉ်ပြိုင်ရန် အတွက် အလျင်အမြန် ဖွံ့ဖြိုးလာရန် လိုအပ်နေသေးသည်။ မြန်မာနိုင်ငံသားများ၏ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းသည် စိုက်ပျိုးရေး ကဏ္ဍတွင် လုပ်ကိုင်နေကြဆဲ ဖြစ်သည်။
စီးပွားရေး ကုမ္ပဏီများ အနေဖြင့် လျှပ်စစ်ဓာတ်အား မတည်ငြိမ်ခြင်း၊ ဆက်သွယ်ရေး မပြည့်စုံခြင်း၊ အခြေခံ အဆောက်အအုံ အားနည်းခြင်းနှင့် အကျင့်ပျက်ခြစားမှု စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ အတွက် အရေးပါသည့် ရွေးကောက်ပွဲများသို့ ဦးတည်နေသည့် အချိန်တွင် နိုင်ငံရေးအရ မရေရာမှုများကလည်း ရင်းနှီးမြှုပ်နှံမှုကို ထိခိုက် လျော့နည်းစေခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပါတီအတွက် အကြံပေး လုပ်ခဲ့သော မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ဒေါက်တာ ရှောင်တာနဲလ် (Sean Turnell) က ကုန်ထုတ်လုပ်မှု ပြန်လည် ကောင်းမွန်လာခြင်းကြောင့် စက်မှုလုပ်ငန်း ကဏ္ဍက စီးပွားရေး တခုလုံး၏ ၃၀ ရာခိုင်နှုန်းအထိ ပါဝင် လာနိုင်လိမ့်မည်ဟု ပြောသည်။
NLD က ဖွံ့ဖြိုးရေးကို ဦးတည်တဲ့ မူဝါဒတွေကို ချမှတ် အကောင်အထည် ဖော်နိုင်ဖို့နဲ့ မြန်မာ တနိုင်ငံလုံးက ကြီးမားပြီး အောင်မြင်တဲ့ အထူးစီးပွားရေး ဇုန်တခု ဖြစ်လာဖို့ ကျနော် အလွန်မျှော်လင့် ထားပါတယ်” ဟု သူက AFP သတင်းဌာန သို့ ပြောသည်။
နောက်ကြောင်း ပြန်သွားမည်ကို စိုးရိမ်မှုများ ပြီးခဲ့သည့် လများအတွင်း မြင့်တက်လာခဲ့သော်လည်း အလုပ်သမား အခွင့်အရေးများ ပိုမိုရရှိလာခြင်းနှင့် ပြင်းထန်သည့် မီဒီယာစိစစ်ရေးကို ရပ်ဆိုင်းလိုက်ခြင်းများ အပါအဝင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများကို အနောက်နိုင်ငံများက ကြိုဆိုခဲ့သည်။
တဝက်တပျက် အိပ်မက်
သို့သော်လည်း အထည်ချုပ် အလုပ်သမားအားလုံး အောင်မြင်မှု မရရှိခဲ့ပါ။
ယခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံက ပထမဆုံးအနေဖြင့် အနိမ့်ဆုံး နေ့စားလုပ်ခကို တနေ့လျှင် ၃၆၀ဝ ကျပ် သတ်မှတ်လိုက်သည်။ ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ရင်ဆိုင်နေရသည့် အလုပ်သမားများက သင့်တင့် မျှတသည့် လုပ်ခလစာ ရရှိရေး တောင်းဆိုမှုများ များပြားလာသည့် အတွက် အစိုးရက ဈေးနှုန်း သတ်မှတ်ပေးလိုက် ခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် Rana Plaza အဆောက်အအုံပြိုကျပြီး လူတထောင်ကျော် သေဆုံးခဲ့ရခြင်း ကဲ့သို့သော အဖြစ်ဆိုးများ ရှိခဲ့ပြီးသည့် နောက်တွင် ဖောက်သည်များက သူတို့ ဝတ်ဆင်သော အဝတ်အထည်များ ထုတ်လုပ်ပေးသည့် လူသားလုပ်အား သုံးစွဲမှုနှင့် ပတ်သက်၍ သတိထား လာကြသည်။ ထိုသို့ ပြုလုပ်ခြင်းကို အနောက်တိုင်း အဝတ်အထည် ကုမ္ပဏီများက ကြိုဆိုခဲ့ကြသည်။
မြန်မာ့ အနည်းဆုံး လုပ်ခလစာ နှုန်းထား အသစ်က ဒေသတွင်းတွင် အနည်းဆုံး ဖြစ်နေသေး သော်လည်း လုပ်ငန်းရှင် တချို့က လုပ်အားခနှုန်းထား အသစ်အတိုင်းပေးရန် သူတို့ မတတ်နိုင်ကြောင်း ပြောကြသည်။
ထိုသို့ ပြောင်းလဲသတ်မှတ်ခြင်းကို တုံ့ပြန်သည့် အနေဖြင့် အလုပ်သမား တထောင်ကျော် အလုပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြသည်။ စက်ရုံတချို့က အလုပ်သမားများကို အချိန်ပိုကြေးနှင့် လမ်းစရိတ် ပေးခြင်းများ ရပ်ဆိုင်းခဲ့သည်ဟု အစိုးရမီဒီယာများတွင်လည်း မကြာသေးမီက ဖော်ပြခဲ့သည်။
မဟေမာန်စန်းသည် အထည်ချုပ် စက်ရုံတခုတွင် ၃ နှစ်ကြာ လုပ်ကိုင်ခဲ့ပြီးမှ သူ၏ လုပ်ဖော်ကိုင်ဖက် ၂၀ဝ ခန့်နှင့် အတူ အလုပ်မှ တိတ်တဆိတ် ထုတ်ပယ်ခြင်း ခံလိုက်ရသူ ဖြစ်သည်။
“ကျမ ဘာအမှားမှ မလုပ်ခဲ့ဘူး။ ကျမ အရမ်း ဒေါသထွက်တယ်” ဟု အသက် ၂၇ နှစ်အရွယ် မဟေမာန်စန်းက ပြောသည်။ သူက လှိုင်သာယာ မြို့နယ်ရှိ ဝါးအိမ်ငယ်လေး တခုတွင် မိဘနှစ်ဦး၊ ညီမ ဖြစ်သူတို့နှင့်အတူ နေထိုင်ပြီး လှိုင်သာယာရှိ စက်ရုံသစ်များကြားတွင် သူတို့အိမ်လို ခနော်ခနဲ့ အိမ်လေးတွေ ပြန့်ကျဲနေ၏။
ဆန်စပါး အဓိက စိုက်ပျိုးသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ ကျေးရွာများကို စွန့်ခွာ၍ ရန်ကုန်မြို့သို့ ရောက်ရှိ လာသူ အမြောက်အမြားထဲတွင် မဟေမာန်စန်းတို့ မိသားစုလည်း အပါအဝင် ဖြစ်သည်။
ယခုအချိန်အထိ အလုပ်မရသေးသည့် မဟေမာန်စန်းက သူ၏ ဇာတိကျေးရွာတွင် လယ်ယာသုံး ပစ္စည်းများ ရောင်းချသည့် ဆိုင်ငယ်လေးတခု ဖွင့်လှစ်ရန် မျှော်လင့်ထားသည့် သူ့အစီအစဉ်များ ပျက်စီးသွားခဲ့ပြီဟု ဆိုသည်။
“ကျမ ဒီပိုက်ဆံကို ၁ နှစ်နဲ့ စုလို့ မရဘူး။ အခု ကျမ အိပ်မက်တွေ ပျက်စီးသွားပြီ” ဟု သူက AFP သို့ ပြောသည်။
No comments:
Post a Comment