Thursday, January 28, 2016

ပြင်ဦးလွင်တွင် ဆောက်လုပ်ရေးတပ်က ခြံစည်းရိုးလာခတ်သည့်အတွက် ဒေသခံများနှင့်ပြဿနာဖြစ်

အောင်ကိုဦး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၄)၊ ညောင်နီကျေးရွာရှိ ဒေသခံများနေထိုင်နေသည့် မြေများကို ဇန်နဝါရီ ၂၅ ရက် ညနေ ၄ နာရီက အမှတ် (၉၅၈) ဆောက်လုပ်ရေးတပ်ခွဲ (အင်ဂျင်နီယာ) မှခြံစည်းရိုးဝင်ခတ်ပြီးနေအိမ်များ ဖျက်ဆီးရန်လာ ရောက်သည်ကို ဒေသခံများက တားဆီးလျှက်ရှိသည် ကိုတွေ့ရသည်။

အဆိုပါကျေးရွာရှိမြေများကို ဝန်ထမ်းအိမ်ရာတည်ဆောက်ရန်အတွက်ဟုဆိုကာ ၂၀၀၆ ခုနှစ်က ၁၈.၉၈ဧကကိုသိမ်းဆည်းထား သော်လည်း စီမံကိန်းမလုပ်သောကြောင့်ဒေသခံများ ဆက်လက်နေ ထိုင်နေခြင်းဖြစ်ပြီးသိမ်းဆည်းခဲ့ရာတွင် လျှော်ကြေးနစ်နာကြေးပေးခဲ့ခြင်းမရှိဟုလည်း ဒေသခံများကဆိုသည်။ သိမ်းဆည်းခံခဲ့ရသောမြေတွင် နေအိမ် ၃၀ လုံးရှိနေပြီး ရှေးယခင်ရွာတည်စဉ် ကပင်နေထိုင်လာခဲ့သောအိမ်များဖြစ်သည်ဟု ဒေသခံများကဆိုသည်။


"ဒီနေ့လာတာပဲ။ အင်အားသုံးပြီး လာလုပ်တာ၊ အနိုင်ကျင့်တာပါ။ လက်နက်အားကိုးပြီးအခုလိုလုပ်တဲ့အတွက် ကျွန်တော်တို့ တစ်ရွာလုံးဝိုင်းပြီးတားနေတယ်။ ဖျက်ပေးလိုက်ဘယ်မှာနေရမှာလဲ၊ ဘာလုပ်စား ရမှာလဲ။"ဟု ရွာခံ ဦးဝင်းထိန်ကပြောသည်။

ဦးမြင့်ဖေကလည်း " အခုဇွတ်လာလုပ်နေတယ်။ ဒီလိုလုပ်တဲ့အတွက် ကျွန်တော့်တို့ ရွာသားတွေစိုးရိမ်နေရတယ်။ အခုညကို ဖယ်လိုဖြတ်သန်းရမယ် ဆိုတာမသိဘူး။ ညဝင်လုပ်သွားမှာကို စိုးရိမ်တယ်။ သူလုပ်တဲ့ပုံစံက ရန်သူစခန်းကို ဝင်သိမ်းသလိုလုပ်နေတယ်။"ဟု ပြောသည်။

 ထိုသို့လုပ်ဆောင်နေခြင်းနှင့်ပတ်သက်၍ အမှတ်(၉၅၈)ဆောက်လုပ်ရေးတပ်ခွဲမှ ဗိုလ်မှူး ဝင်းထင်က "ဘာမှမဖြေနိုင်ဘူးကွာ"ဟု မဇ္ဈိမ ကိုပြောသည်။ အဆိုပါကျေးရွာတွင်အိမ်ခြေ ၁၀၀ ကျော်ရှိနေပြီး အိမ်ခြေ ၃၀ လုံးကို ခြံစည်းရိုးခတ်ဖယ်ရှားရန်ပြုလုပ်နေခြင်းဖြစ်သည်။ ဖယ်ရှားမခံရသေးသည့် အိမ်ခြေ ၇၀ မှာလည်း ဖယ်ရှားခံရမည်ကိုစိုးရိမ်လျှက်ရှိသည်ဟု ဒေသခံများကဆိုသည်။

"ကျွန်မတို့အိမ်မပါလည်း၊သူတို့ဝင်လာပြီဆိုအကုန်ဖယ်ပေးရမှာပဲ။ဒါကြောင့် ကျွန်မတို့ဝိုင်းကာကွယ်သွား မှာပါ။"ဟု မနန်းအေးကပြောသည်။

No comments: