Friday, January 29, 2016

ကချင် မူးယစ်ဆေးဝါး စိုက်ပျိုးကုန်သွယ်မှု လက်နက်ကိုင်အဖွဲ့များ ပါဝင်ဟု အာသံတပ်ဖွဲ့ပြော

DVB


မြန်မာနိုင်ငံ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး စိုက်ပျိုးကုန်သွယ်ရာမှာ အိန္ဒိယအရှေ့မြောက်ပိုင်းက လက်နက်ကိုင်တပ်ဖွဲ့တွေ ပါဝင်နေတယ်လို့ အိန္ဒိယနိုင်ငံ အာသံတပ်ဖွဲ့က ပြောပါတယ်။

အိန္ဒိယအရှေ့မြောက်ပိုင်းက နာဂဒေသ အမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN)၊ အာသံလွတ်မြောက်ရေး တပ်ပေါင်းစု (ULFA) နဲ့ ကန်တပ်ပေါ လွတ်မြောက်ရေးအဖွဲ့ (KLO) လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြောင်း အာသံတပ်ဖွဲ့က ဇန်န၀ါရီ ၂၅ ရက် ထုတ်ပြန်ချက်ကနေ စွပ်စွဲလိုက်တယ်လို့ အိန္ဒိယ သတင်းတွေမှာ ဖော်ပြပါတယ်။

NSCN က အကြီးအကဲ ကာဖရန်ရဲ့ ကေဒါတွေက ဘိန်းစိုက်ပျိုးကုန်သွယ်ရာမှာ ပါဝင်နေတယ်လို့ စွပ်စွဲပေမယ့် ကာဖရန်ကတော့ ဒါကို ငြင်းဆိုပါတယ်။

မကြာသေးခင်ကလည်း NSCN ကာဖရန် အုပ်စုနဲ့ ဘဏ္ဍာရေး တာဝန်ရှိသူတွေက တရုတ်-ကချင်နယ်စပ်က ဘိန်းခင်းနောက်ခံ ဓာတ်ပုံဟာ လူမှုရေးကွန်ရက်ပေါ်မှာ တင်ခဲ့သလို NSCN က မူးယစ်ဆေးဝါး မှောင်ခိုနဲ့ ဘိန်းကုန်ကူးမှုကြောင့် အကျိုးအမြတ်တွေ ခံစားရတယ်လို့ အာသံတပ်ဖွဲ့က ဆိုပါတယ်။

NSCN တပ်ဖွဲ့တွေ မူးယစ်ဆေးဝါး ကုန်သွယ်မှုမှာ ပါဝင် ပတ်သက်တာဟာ နာဂ လူ့အဖွဲ့အစည်းအတွက် ကြီးမားတဲ့ ပြဿနာ တခု ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဆေးခြောက်၊ ယာဘနဲ့ တခြား မူးယစ်ဆေးဝါးတွေကို နာဂ နယ်မြေမှာ အလွယ်တကူ ရရှိတာဟာ လူငယ်တွေအတွက် ဆိုးကျိုးဖြစ်စေသလို ရိုးရာ ယဉ်ကျေးမှုကို ထိခိုက်တယ်လို့လည်း ထုတ်ပြန်ချက်က ရေးပါတယ်။

No comments: