ရွှေရအောင်(တောင်ကုတ်)
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ ရခိုင်ပြည်နယ် အမ်းမြို့တွင် ဒေသခံ ပြည်သူ ၃၀၀ ခန့်က ပြည်တွင်း စစ်ရပ်စဲရန် ယနေ့ ဆန္ဒ ဖော်ထုတ်တောင်းဆိုခဲ့ကြသည်။
“ကျွန်တော်တို့က ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ကျွန်တော်တို့ တောင်းဆို တာက ပြည်တွင်းစစ်ရပ်စဲရေး၊ AA နဲ့ မြန်မာ့ တပ်မတော် အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်ရေး၊ AA ကို ပြည်ထောင်စု အစိုးရကနေ နိင်ငံရေး အရ တွေဆုံဆွေး နွေးရေး၊ နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းရေး၊ သံသယနဲ့ ဖမ်းဆီး ထားသူတွေကို ပြန်လည် လွတ်ပေးရေး စတဲ့ အချက်တွေကို တောင်းဆို ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်”ဟု ဦးဆောင်သူ ဒေသခံ ကိုဇော်မင်းက နိရဉ္စရာသို့ပြောသည်။
ဆန္ဒ ဖော်ထုတ်ပွဲကို နံနက် ၁၀ နာရီတွင် စတင်ခဲ့ပြီး မင်းဘူးလမ်း အတိုင်း ပိုစတာများ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ငြိမ်းချမ်းစွာချီတက်ခဲ့ကြကာ ဓာတ်ပေါင်းစု စေတီတွင် နေ့လယ် ၁၂ နာရီတွင် အဆုံးသတ်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့က ငြိမ်းချမ်းပြီး လူ့အခွင့်အရေး ရရှိရေးကို လိုလားပါတယ်။ ဒါပေမယ့် မြန်မာ့စစ်တပ် အနေနဲ့ AA ကို အမြစ်ဖြတ် ခြေမှုန်းမယ်ဆိုထားတဲ့ အတွက် ဒီစကားက ငြိမ်းချမ်းရေးနဲ့ အလှမ်း ဝေးကွာလွန်းလှပါတယ်။ ဒါကြောင့် အမြစ်ပြုတ် ချေမှုန်းမယ်ဆိုတာထက် ရခိုင်ပြည်နယ်သားတွေ လိုလားနေတဲ့ ဆန္ဒနဲ့ အညီ ငြိမ်းချမ်းရေးကို အမြန်ဆုံး ဖော်ဆောင်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု ကိုဇော်မင်းက ဆက်လက် ပြောကြားသည်။
ဆန္ဒဖော်ထုတ်သူအချို့သည် AA နှင့် ရခိုင်ပြည်သူများအားခွဲခြားဆက်ဆံမှုအားရပ်၊ AA အား မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်နေမှုများအား ရပ်ဆိုသည့် ပိုစတာများကို ကိုင်ဆောင်ထားခဲ့ကြသည်ဟု မျက်မြင်များက ပြောသည်။
ဆန္ဒဖော်ထုတ်ပွဲတွင် မြောက်ဦးမြို့ မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရက လက်ရှိ နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်ပြီး ဟောပြောခဲ့ကြောင်း သိရသည်။

No comments:
Post a Comment