မာန်ယုကျော် (ရွှေဝမြေ)
ဧပြီလ တတိယပတ်မှစတင်ကာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် နယ်စပ်ဒေသများမှ တရားမဝင် လက်နက်ခဲယဉ်းများဝင်ရောက်မလာစေရန် လုံခြုံရေးကို တင်းကျပ်ထားရကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ စစ်တွေ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနောင်က ပြောသည်။
“အဓိကတော့ ကျွန်တော်တို့ လက်ရှိအခါမှာ ရခိုင်ပြည်နယ်ထဲမှာ လက်ရှိပြဿနာက AA ပေါ့လေ။ AA နဲ့ မြန်မာ့တပ်မတော်နဲ့ ရခိုင်ပြည်နယ်ထဲမှာ ဒီအတောအတွင်းမှာ တိုက်ပွဲဖြစ်နေတဲ့အတွက် ကိုယ့်ဆီကို ဟိုဘက်က ကရင်ကနေပြီးတော့ DKBA အဖွဲ့ကနေပြီးတော့ လက်နက်တွေပို့မယ်၊ ပြုမယ်ဆိုပြီးတော့ သတင်းတွေကလည်းကြားနေတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်ထဲကို အဓိက လက်နက်ခဲယမ်း မီးကျောက် တွေဝင်မလာစေဖို့အတွက် အဓိကထားပြီးတော့ ကျွန်တော်တို့က အဓိကရှာဖွေနေတာ ဖြစ်ပါတယ် ”ဟု ဒုရဲမှူးကြီး ဝင်းနောင်က ပြောသည်။
ဧပြီလ ၂၇ ရက်နေ့နံနက်ပိုင်း စစ်တွေမြို့အဝင် ကျောက်တန်း စစ်ဆေးရေးဂိတ်တွင် မီဒီယာများကို ယခုကဲ့သို့ ပြောဆိုသွားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်၏ မြို့အဝင်ဂိတ်များနှင့် ရေယာဉ်ဆိပ်တို့တွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ မူးယစ်အဖွဲ့နှင့် လဝကတို့ ပူးပေါင်းကာ ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် အိမ်စီးကားများကို လုံခြုံရေး တင်းကျပ် စစ်ဆေးနေခြင်းဖြစ်ပြီး ယင်းသို့ လုံခြုံရေးတင်းကျပ်စစ်ဆေးရာတွင် မူးယစ်ဆေးဝါးများ သယ်ဆောင် လာခြင်း ရှိ/မရှိ ကိုလည်း ပူးတွဲစစ်ဆေးနေသည်ဟုဆိုသည်။
“အခုလို အင်အားသုံးပြီး စစ်ဆေးနေတော့ လန့်တာပေါ့လေ။ ကိုယ်နဲ့မသက်ဆိုင်ဘဲ တစ်ခုခုဖြစ်သွားမှာကို ကြောက်တယ်” ဟု ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် အစစ်ဆေးခံရသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးက နိရဉ္စရာကို ပြောသည်။
ယခုကဲ့သို့စစ်ဆေးမှုကို တိုက်ပွဲများဖြစ်ပွားပြီးချိန်မှစတင်ဆောင်ရွက်နေခဲ့ခြင်းဖြစ်ပြီး ယင်းသို့စစ်ဆေးရာတွင် ဧပြီလ ၂၇ ရက်နေ့အထိ သံသယဖြစ်ဖွယ်တစ်စုံတရာကိုမျှ မတွေ့သေးဟု ဒုရဲမှူးကြီး ဝင်းနောင်က ဆိုသည်။

No comments:
Post a Comment