ဖနိဒါ
ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နယ်မြေအနီး တပ်မတော်က စစ်အင်အားတိုးမြင့်လာ၍ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။ မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာတွင် မေလ ၂၀ ရက် နံနက်ပိုင်းက မြန်မာ့တပ်မတော်မှ စစ်အင်အား ဖြည့်တင်းလာ၍ တိုက်ပွဲ ဆက်လက်ဖြစ်ပွားရန် အခြေအနေတွင် ရှိနေသည်ဟု အရပ်သား အကာအကွယ်ပေးရေးစောင့်ကြည့်ရေး ကော်မတီမှ ဦးအောင်မျိုးဆန်းက ပြောသည်။
“ဒီနေ့ကတော့ ငြိမ်နေတယ်။ သို့သော် စစ်တပ်ကနေပြီးတော့ လှုပ်ရှားနေတာကတော့ တောက်လျှောက်ရှိနေသေးတယ်။ ဘယ်အချိန်မှာ ထပ်ဖြစ်မလဲဆိုတာ ကျနော်တို့လည်း စောင့်ကြည့်နေတယ်" ဟု ၎င်းက မဇ္ဈိမကို ပြောသည်။ မိုင်းခေါင်ရွာတွင် မေ ၂၀ရက် နံနက် ၅နာရီခန့်မှ ၈နာရီဝန်းကျင်အထိ စစ်အင်အားတိုးလာသည်ဟု ၎င်းက ဆိုသည်။ "ကျေးရွာစွန်နားဘက်ကနေ ကေအိုင်အိုတွေ ရှိတဲ့ ရှေ့တန်းစခန်းတွေကို ထိုးစစ်ဆင်တဲ့သဘောမျိုး၊ တပ်အင် အားဖြည့်တဲ့ သဘောမျိုးတွေ ကျနော်တို့ တောက်လျောက် တွေ့နေရတယ်”ဟု ဦးအောင်မျိုးဆန်းက ပြောသည်။
လက်ရှိ တပ်မတော်ဘက်မှ စစ်ရေးပြင်ဆင်မှုအရ နေ့ချင်း ညချင်း တိုက်ပွဲ အချိန်မရွေးဖြစ်ပွားလာမည့် အခြေအနေတွင် ရှိနေကြောင်း ၎င်းတို့ဘက်မှလည်း စောင့်ကြည့်နေဆဲ ဖြစ်သည်ဟု သူက ပြောသည်။ မေလ ၁၅ ရက်မှ ၁၉ ရက်ထိ မြန်မာ့တပ်မတော်နှင့် KIA တပ်ရင်း ၂၇ တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာမှ မေလ ၁၇ ရက်က မြန်မာ့တပ်မတော်ဘက်မှ လေယာဉ်ဖြင့် KIA တပ်ရင်း ၂၇ ရှိရာအနီးရှိ မဂျီဘွမ်ကဘာ၊ ဂျေဆောန် ကျေးရွာများသို့ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ယင်းဒေသများရှိ ဒေသခံ ၃၀ ဦးခန့်က မိုင်းခေါင်ဒုက္ခသည်စခန်းသို့ ထွက်ပြေးခဲ့ရသည်ဟု ဦးအောင်မျိုးဆန်းက ပြောသည်။ “အခုနောက်ပိုင်း ၂၀၁၃၊ ၂၀၁၄ တွင် တိုက်ပွဲပြန်ငြိမ်သွားတော့ တချို့လူတွေက လယ်ပြန်သွားလုပ်တဲ့ လူတွေရှိတယ်။ တောင်ယာပြန်သွားခုတ်တဲ့လူတွေရှိတယ်။ ၁၇ ရက် လေယာဉ်ဗုံးကျဲတဲ့ထဲမှာ ဒေသခံ ၃၀ လောက်က လုံခြုံတဲ့နေရာမှာ ခိုလှုံလိုက်ရတဲ့သဘောရှိတယ်။ အဲဒီညမှ မိုင်းခေါင် စစ်ကြောင်စခန်းကို ပြန်ရောက်လာတာရှိတယ်။ တရုတ်လူမျိုး တယောက်တော့ ကျည်ဆန်ထိမှန်တယ်”ဟု သူက ပြောသည်။
ယင်းဒေသများရှိ ဒေသခံများသည် တပ်မတော်နှင့် KIA တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သော ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်အတွင်း မန်ဝင်း၊ အင်ဘာပါ၊ မိုင်းခေါင်း စသည့် စစ်ပြေးဒုက္ခသည်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော မန်စီမြို့နယ်အတွင်း မြန်မာ့တပ်မတော်၏ နယ်မြေခံ တပ်ရင်း ၄၇၊ ၆၀၁၊ ၃၁၉၊ ၈၆ စသည့် တပ်ရင်း ၄ ရင်း အခြေစိုက်ထားသလို၊ တပ်အင်အား ထပ်မံ တိုးမြင့်နေခြင်း ဖြစ်ကြောင်း ဦးအောင်မျိုးဆန်းက ပြောသည်။ အဆိုပါ ဒေသတစ်ဝိုက်တွင် မြန်မာ့တပ်မတော်ဘက်မှ စစ်အင်အား ၄၀၀ ခန့်ရှိရာမှ ယခုရက်ပိုင်းအတွင်း အင်အားထပ်မံ တိုးမြင့်လာမှုများရှိလာသဖြင့် တိုက်ပွဲများ ပြင်းထန်လာမည့် အခြေအနေတွင် ရှိနေသည်ဟု KIA တပ်မဟာ ၃ မှအရာရှိ တစ်ဦးက မဇ္ဈိမကို မကြာမီက ပြောဆိုထားသည်။
ယခုရက်ပိုင်းအတွင်း KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ဖားကန့်ဒေသ နှင့် တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ မန်စီမြို့နယ်တို့တွင် မြန်မာတပ်မတော်ဘက်မှ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲနေ့စဉ် ဖြစ်ပွားခဲ့ရာမှ ယနေ့ မေလ ၂၀ ရက်တွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ မန်စီမြို့နယ်တွင်း တပ်မတော်ဘက်မှ စစ်ရေးတိုးမြင့်မှုများတော့ ရှိနေဆဲ ဖြစ်သည်ဟု KIA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူက မဇ္ဈိမကို ပြောသည်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း KIA လက်နက်ကိုင်အဖွဲ့ ခိုအောင်းနေထိုင် လှုပ်ရှားမှုမရှိစေရေးအတွက် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးအား ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ ၁၈ ရက်က သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment