Thursday, May 26, 2016

စစ်တွေမြို့ အင်ဘလာရပ်ကွက် တရားမဝင် ဝင်ရောက်နေထိုင်သူ ရှိ/မရှိ စစ်ဆေး

ရွှေရအောင်(တောင်ကုတ်)


ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့ပေါ် ရပ်ကွက် တစ်ခု ဖြစ်သော အင်ဘလာခေါ် အောင်မင်္ဂလာ မူဆလင် ရပ်ကွက်တွင် လူဦးရေ စစ်ဆေးမှုကို ယနေ့တွင် ဒုတိယ နေ့အဖြသ် ဆက်လက် ပြုလုပ်နေသည်ဟု သတင်း ရရှိသည်။

အင်ဘလာ ရပ်ကွက်တွင် ပြင်ပမှ ၀င်ရောက်ပြီး တရားမ၀င် လာရောက်နေထိုင်သူ များလာနေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ယခု စစ်ဆေးမှု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

“အခုလိုစစ်ဆေးရတာက ဒေသခံတွေက လူဦးရေတိုးပွားမှု တရားမဝင်နေထိုင်မှုတွေ ရှိတယ်ဆိုတဲ့ သံသယတွေ ရှိနေတာကြောင့် အခုလိုစစ်ဆေးရတာဖြစ်ပါတယ်။ အားလုံးပြီးမှ စာရင်းချုပ် လုပ်မှာပါ” ဟု လူဝင်မှု ကြီးကြပ်ရေးပြည်နယ်မှု ဦးဝင်းလွှင်က မီဒီယာများသို့ပြောသည်။

“ကျွန်တော်တို့က လူဦးရေစစ်ဆေးချက်ပုံစံအဖြစ် ထွေအုပ်က ထုတ်ပေးတဲ့ စာရွက်မှာ သူတို့ ဖြည့်တယ်။ ဖြည့်ပြီး တာနဲ့ အဲဒီစာရင်းနဲ့ ကျွန်တော်တို့ဆီမှာ ရှိတဲ့စာရင်းနဲ့ တိုက်ကြည့်မှာပါ။ ၂၀၁၂ ခုနှစ်ကို မူတည်ပြီး စစ်ဆေးတာပါ။ ကျွန်တော်တို့ ဆီမှာတော့ အားလုံးသော အိမ်ထောင်စုစာရင်းတွေ ရှိပါတယ်။ ပြောင်းသွားတဲ့ သူတွေလည်း ရှိပါတယ် “ဟု စစ်တွေမြို့ လူဝင်မှုကြီးကြပ်ရေးဌာန မြိုနယ်မှူး ဦးအောင်မြင့်မော်မှ နိရဉ္စရာ ရခိုင်သတင်းဌာနသို့ ပြောသည်။

အောင်မင်္ဂလာရပ်ကွက်ရာအိမ်မှူး မူဆလင်အမျိုးသား ကိုကျော်တင်လှိုင်က “ ကျွန်တော်တို့ကို ခုလို လာရောက် စစ်ဆေးတာ ကောင်းပါတယ်။ သံသယစိတ်ကင်းသွားတာပေါ့။ စစ်ဆေးတဲ့အခါမှာလည်း အေးဆေးပါဘဲ။ လူဦးရေ ဘယ်နှစ်ယောက်ရှိတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ စာရင်းနဲ့ သူတို့ရဲ့ စာရင်း တိုက်ကြည့်တာပေါ့။ ကျွန်တော်တို့ ဒီနှစ် ၂၀၁၆ ၄ လပိုင်း စာရင်းအရတော့ အိမ်ထောင်စုက ၉၆၀ ပါ၊ လူဦးရေက ၄၂၆၃ ဦးရှိပါတယ်။ စစ်ဆေးပြီးတဲ့ခါ ဘယ်လို ဖြစ်လာမလဲဆိုတာကိုတော့ ကျွန်တော်တို့လဲ မသိပါဘူး” နိရဉ္စရာသို့ ပြောသည်။

လက်ရှိတွင် အောင်မင်္ဂလာ အပါအ၀င် ကျောင်းတက်လမ်း၊ ကုန်တန်း၊ ကသဲနှင့် မောလိပ် စသည့်ရပ်ကွက် ၅ ခုစလုံး စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

စစ်ဆေးမှု အထဲတွင် အိမ်ထောင်စုစာရင်းပျောက်နေသူ၊ တစ်ခြားသူတွေများ၏ အိမ်မှာ အငှားအဖြစ် နားလည်မှုနှင့် နေထိုင်သူများလည်းရှိကြောင်း သိရသည်။

စစ်ဆေးမှု မှတ်တမ်းကိုတော့ စစ်ဆေးမှု မပြီးစီးသေးသဖြင့် ထုတ်ပြန် ခြင်းမရှိသေးကြောင်းသိရသည်။

စစ်ဆေးမှုကို မေလ ၂၁ ရက်နေ့က စတင်ခဲ့သော်လည်း လေပြင်းတိုက်ပြီး မိုးရွာသဖြင့် ခဏမျှ ပြုလုပ်ကာ ရပ်နားခဲ့ရပြီး ယနေ့တွင် ပြန်လည် စစ်ဆေးခဲ့သည်ဟု သိရသည်။ ယမန်နေ့က စစ်ဆေးစဉ် အတွင်း သတင်းထောက်များ ၀င်ခွင့်မရခဲ့သည်သာမ ရိုက်ယူခဲ့သော ဓာတ်ပုံများကိုလည်း သက်ဆိုင်ရာ တာဝန် ရှိသူများက ဖျက်ခိုင်းခဲ့သော်လည်း ယနေ့တွင် လွတ်လွတ်လပ်လပ် သတင်းရယူခွင့်ပြုခဲ့သည်ဟု သိရသည်။

No comments: