မိုင်စာရာထွေး
အမျိုးသားအဆင့် လူငယ်ရေးရာမူဝါဒတစ်ခု ပုံဖော်ချမှတ်နိုင်ရေးအတွက် ဆယ်ကျော်သက်လူငယ် ၄၀၀ကျော် ပါဝင်သည့် ဆွေးနွေးပွဲတစ်ခုကို နေပြည်တော်တွင် ပြုလုပ်ခဲ့ကြသည်။
ထိုဆွေးနွေးပွဲမှတစ်ဆင့် အစိုးရ၏ ရက် ၁၀၀ စီမံချက်တွင် ထည့်သွင်းအကောင်အထည်ဖော်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော အမျိုးသားအဆင့် လူငယ်ရေးရာမူဝါဒ ချမှတ်ရေးအတွက် လမ်းညွှန်ထောက်ပြသော အကြောင်းအရာများ၊ အချက်အလက်များ ပေါ်ထွက်ခဲ့ကြောင်းသိရသည်။
ယင်းလူငယ်ညီလာခံကို နေပြည်တော်တွင် မေ ၁၈ရက် နှင့် ၁၉ရက်က စုဝေးခဲ့ပြီး ဆယ်ကျော်သက် လူငယ် ၄၀၀ကျော်တက်ရောက်ခဲ့ကာ လူငယ်အမျိုးသား၊ အမျိုးသမီးများအတွက် မတူကွဲပြားသည့် အရေးကိစ္စများအား ဆွေးနွေးခဲ့ကြသည်။
အမျိုးသမီးငယ်လေးများတွင် လူ့အသိုင်းအဝိုင်းက ဘေးဖယ်ခြင်း ခံထားရသည့်ကိစ္စများ၊ လုပ်ပိုင်ခွင့် နှင့် အခွင့်အလမ်းနည်းသည့် ကိစ္စရပ်များ၊ လူငယ်ဘဝမှ လူကြီးဘဝတို့ ကူးပြောင်းချိန် ပတ်ဝန်းကျင်၏ အကျိုးသက်ရောက်မှုများ၊ ခွဲခြားဆက်ဆံခံရမှု၊ ဆယ်ကျော်သက်လူငယ်များ ကြုံတွေ့ရသည့် စိန်ခေါ်မှုများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။
မတူညီသော လုပ်ပိုင်ခွင့်ဆိုင်ရာ ဆက်ဆံမှုများကြောင့် အနုတ်သဘောဆောင်သည့် အကျိုးသက်ရောက်မှုများနှင့် ခွဲခြားဆက်ဆံခံရမှုများ ခံရတတ်ကြောင်း၊ ဆယ်ကျော်သက်လူငယ်များ တွေ့ကြုံခံစားရသော စိန်ခေါ်မှုများအား တင်ပြဆွေးနွေးပြီး လိုအပ်သော အရာများအတွက် ဘဝရဲ့ ရှေးဦးအကျဆုံး အချိန်တွင် တုန့်ပြန်လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း ActionAid Myanmar တာဝန်ခံ ရှီဟဘ် အူဒင် အာမတ်က ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
မူးယစ်ဆေးဝါးများ၊ ပညာရေး၊ လူ့အခွင့်အရေးနှင့် ကျား၊မ တန်းတူညီမျှရေး၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ကျန်းမာရေး၊ အစရှိသော အကြောင်းအရာများသည် မြန်မာနိုင်ငံရှိ ဆယ်ကျော်သက်လူငယ် ၁၀သန်းအပေါ် အကျိုးသက်ရောက်မှုရှိစေသည့် အကြောင်းအရာများကိုလည်း တက်ရောက်လာသော လူငယ်များက ဆွေးနွေးခဲ့သည်။
No comments:
Post a Comment