Thursday, May 26, 2016

ဖားကန့် မြေပြိုမှုတွင် နစ်မြုပ်သွားသည့်အလောင်းရှာဖွေမှု ခေတ္တရပ်ဆိုင်းထား

ဖနိဒါ

ဖားကန့်က ရတနာကြယ်ကုမ္ပဏီ၏ ကျောက်စိမ်းလုပ်ကွက်တွင် မြေပြိုကျမှု၌ နစ်မြှုပ်ခဲ့သည့် အလောင်းများ ရှာဖွေတူးဖော်မှုကို မေ ၂၄ရက်က ခေတ္တရပ်ဆိုင်းလိုက်သည်။ မေလ ၂၄ ရက်နေ့ ညနေထိ အလောင်း ၁၂ လောင်းတူးဖော်နိုင်ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ အလောင်းတူဖော်သူများ အသက်အန္တရာယ်ရှိလာသဖြင့် ဆက်လက် တူးဖော်ရန် ခက်ခဲခြင်းကြောင့် ရပ်နားလိုက်ရသည်ဟု ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဦးရွှေသိန်းက မဇ္ဈိမကို ပြောသည်။

 “ဖော်ဖို့လည်း မလွယ်လို့ဆိုတဲ့ အခက်အခဲတွေကြောင့်၊ အလောင်းတွေ ရှိတဲ့နေရာလို့ ပြောလို့ရတဲ့ ဗဟိုချက်မှတ်နေရာမှာက ကုမ္ပဏီတွေက ပွင့်လင်းရာသီတုန်းက မဆင်မခြင် တူးခဲ့တဲ့အတွက်ကြောင့် အင်မတန်မှ နက်တဲ့ နေရာဖြစ်နေတယ်။ ပေ ၂၀၀၀ လောက်ရှိတဲ့ အဝိုင်းအဝန်းဖြစ်နေတယ်။ နောက်ပြီးတော့ မုန်တိုင်းကြောင့် မိုးက အဆက်မပြတ်ရွာခဲ့တဲ့ အတွက်ကြောင့် မြေသားတွေကလည်း ရေဝ နေတာလည်းပါတယ်။ တောင်မပြိုခင် ၂ ရက်လောက် အလိုမှာ ရတနာကြယ်ကုမ္ပဏီကနေ တောင်ပြိုမိုင်းတွေ ဆက်တိုက်ခွဲခဲ့တာလည်း ပါတာပေါ့နော်”ဟု ၎င်းက ပြောသည်။

 လွတ်မြောက်လာသူများထံမှ ပြောဆိုမှုအရ မြေပြိုမှုတွင် အလောင်း ၁၅၀ ခန့် နစ်မြှုပ်နေဆဲ ဖြစ်သည် သိရသည်။ ၎င်းတို့သည် လက်လုပ်လက်စား အခြေခံ လူတန်းစားများ ဖြစ်သည်ဟု ဦးရွှေသိန်းက ဆိုသည်။ ယနေ့ထိ သေဆုံးသွားသူများနှင့် ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုမ္ပဏီများဘက်မှ နီးလမ်းရှာဖွေ၍ ခွန်အားပေးခြင်းမျိုး မရှိသေးကြောင်း ဦးရွှေသိန်းက ပြောသည်။

No comments: