Wednesday, May 25, 2016

မံစီမြို့နယ် KIA တပ်ရင်း (၂၇) ကို အစိုးရ ရဟတ်ယာဉ်ဖြင့် ထပ်မံ တိုက်ခိုက်

Kachinnews


ယနေ့ တဖန် အစိုးရတပ် က ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၂၇) ကို ကချင်ပြည်နယ် တောင်ပိုင်း မံစီမြို့နယ် အတွင်း ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ကြောင်း သိရပါသည်။

မွန်းလွဲ ၃ နာရီခန့် ဗန်းမော်မှ ဟယ်လီကွပ်တာ (Helicopter Gunship) အမျိုးစား ရဟတ်ယာဉ် ၂ စီးဖြင့် KIA တပ်ရင်း (၂၇) ခူးဘွမ် (Hku Bung) နှင့် မဂျီဂုန် (Maji Gung) ဘက်တွင် လာရောက် ဗုံးကျဲ တိုက်ခြင်းဖြစ်ပါသည်။

ကချင် လွတ်လပ်ရေး အဖွဲ့ KIO/KIA လိုင်ဇာမှ တာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ က တော့ “Helicoper ၂ စီးနှင့် ဗုံး ကျဲတိုက်ပြီး ပြန်ခေါက်သွားတယ်၊ လူမရှိတဲ့ နေရာတွေမှာပဲ” ဟု ပြောပါသည်။

ယမန်နေ့ ကလည်း အစိုးရတပ်မှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် KIA တပ်ရင်း (၂၇) အူလန်ပါ (Ulang Pa) နှင့် ခရှန် (Hka Shang) ဒေသကြား နေရာတွေမှာ ၂ ကြိမ် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပါသည်။

ယင်း ဗုံးကျဲ တိုက်ခိုက်မှုတွင် တရုတ် လူမျိုး ၁ ဦး ထိခိုက် ဒဏ်ရာ ရသွားကြောင်းလည်း ဒုဗိုလ်မှူးကြီးနော်ဘူ က ပြောပါသည်။

ယခုလို အစိုးရတပ်မှ KIA တပ်ရင်း (၂၇) ကို ယမန်နေ့ ကစပြီး ဗုံးကျဲတိုက်ခိုက်နေမှုမှာ အရပ်သား အစိုးရ တက်လာပြီး ပထမဆုံး အကြိမ်ဖြစ်သည်။

အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တို့၏ တိုက်ပွဲမှာ ဧပြီလဆန်းပိုင်းက စပြီး ယနေ့ထိ နေ့တိုင်းလိုလို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသ တွေမှာ ဖြစ်ပွားနေပါသည်။

No comments: