Friday, May 6, 2016

မိုးညှင်းတွင် အစိုးရတပ် နှင့် KIA တိုက်ပွဲ ပြန်လည် ဖြစ်ပွား

Kachinnews


ကချင်ပြည်နယ် တောင်ပိုင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ(၈) မိုးညှင်း ဘက် ဧပြီလ ၂၂ နေ့တွင် အစိုးရတပ်နှင့် KIA တို့ တစ်နာရီခန့်ကြာ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

KIA တပ်ရင်း (၃၅) နယ်မြေဖြစ်သည့် မိုးညှင်းမြို့၏ အနောက်ဘက်ရှိ အောင်သိန်းလင်း ကျောက်စိမ်းမှော် အနီးတွင် အင်အား (၆၀) ခန့်ရှိသည့် အစိုးရတပ် ခလရ (၅၄)အဖွဲ့နှင့် KIA ရှေ့တန်း တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KIA သတင်းများအရ သိရပါသည်။

ယင်း ခလရ (၅၄) တပ်ဖွဲ့များသည် KIA တပ်ရင်း (၃၅) နယ်မြေတစ်ဝိုက် လုပ်ရှားနေသော အစိုးရတပ် ခမရ (၃၀၈) နှင့် တပ် အပြောင်းအလဲ လုပ်ရန် မော်ဟန် ဘက်မှ ရောက်လာခြင်းဖြစ်ပြီး KIA ရှေ့တန်း စခန်းတစ်ခုကို လက်နက်ကြီးဖြင့် စတင် ပစ်ခတ် လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

လွန်ခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး တစ်ပတ်အကြာ အစိုးရတပ်သည် မိုးညှင်း အရှေ့ဘက်ရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၈)ကို ဂျက်တိုက်လေယာဉ်၊ တင့်ကားနှင့် အမြောက် လက်နက်ကြီးများဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ကာလတန်ကြာ ယင်းဒေသတွင် တိုက်ပွဲများ တိတ်ဆိတ်ခဲ့ပါသည်။

ယခု တဖန် မြန်မာပြည် အရပ်သား အစိုးရသစ် တက်လာပြီး မကြာမီမှာ KIO/KIA လိုင်ဇာ ဗဟိုဌာချုပ် အနီးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင်သာ တိုက်ပွဲများဖြစ်နေရာမှ ယခု KIA တပ်မဟာ (၈) မိုးညှင်းဘက် ပျံ့နှံ့ လာပြီး၊ တပ်မဟာ (၂) တနိုင်းဘက်တွင်လည်း စစ်ရေး တင်းမာလာနေပြီ ဖြစ်ပါသည်။

No comments: