Thursday, April 2, 2015

ILO ဌာနေကိုယ်စားလှယ် ၂၀၁၅ နှစ်လည်ထိ ရန်ကုန်တွင်ဆက်ရှိမည် ဟုဆို

ဟိန်းကိုစိုး

အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ ILO ၏မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ် စတိတ်မာရှယ်က ရန်ကုန်တွင် ၂၀၁၅ ခုနှစ်နှစ်လယ် ပိုင်းအထိ ဆက်လက် ရှိနေဦးမည်ဟု ၄င်းက ဧပြီလ ၁ရက်တွင် မဇ္ဈိမ ကိုပြောသည်။

"၂၀၁၅နှစ် လယ်အထိ ရန်ကုန်မှာ ဆက်ရှိမယ်၊ အဲဒီနောက်ပိုင်း ထပ်ပြီး ဒီမှာ နေမှာလားပြောင်းမလား ဆိုတာကတော့ အခုထိ မဆုံးဖြတ်ရသေးဘူး၊ ကိုယ်တိုင် ပဲဆုံးဖြတ် ရမှာပါ အခုတော့ မဆုံးဖြတ်ရသေးဘူး" ဟု စတိတ်မာရှယ်က တယ်လီဖုန်းမှ တစ်ဆင့် ဖြေကြားသည်။

စတိတ်မာရှယ်သည် ILO ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ၂၀၀၇ခုနှစ် ဇူလိုင်လတွင် စတင် တာဝန်ယူခဲ့ ခြင်းဖြစ်သည်။ ILO နှင့် စတိတ်မာရှယ် တို့ အကြားချုပ်ဆိုထားသည့် အလုပ်သဘောတူညီမှု စာချုပ်သည် ၂၀၁၅ခုနှစ်နှစ်လယ်ပိုင်းတွင် ပြည့်မည်ဖြစ်သော်လည်းနှစ် ကုန်ပိုင်း အထိလည်း ဆက်လက်တာ ၀န်ထမ်းဆောင်နိုင် သည်ဟု ၄င်း၏ ကိုယ်ရေးအရာ ရှိဒေါ်မေဦးမွန်က ဆိုသည်။

မြန်မာနိုင်ငံအစိုးရက ILO ၏ မြန်မာနိုင်ငံဆိုင်ရာ အခြေပြုရုံးစိုက်ထူခွင့်ပြုခြင်းကို အစိုးရနှင့် ၎င်းတို့အကြား ၂၀၀၂ခုနှစ် တွင်သဘောတူ ခွင့်ပြု ခဲ့ခြင်းဖြစ်သည်။

လေယာဉ်ကွင်းအတွင်း မီးလောင်မှုဖြစ်

ဖြိုးဝေအောင်

မတ်လ ၁၆ ရက်နေ့ မွန်းလွဲ (၁)ခွဲအချိန်တွင် လွိုင်ကော်မြို့ လေယာဉ်ကွင်းအတွင်းရှိ စစ်မှုထမ်းဟောင်းအိမ်ယာ ၀န်း(ကွင်းပြင်)တွင် (၁) နာရီကြာမီးလောင်မှုဖြစ်ခဲ့ပါသည်။

“ဟိုတောင်ဖက် ၊ ၀န်ကြီးအိမ်ယာဖက်မှာ စ လောင်တာပဲ။ လေကဟိုဖက်တိုက်ရင် မီးက ဟိုဖက်ကူးလိုက် ၊ ဒီဖက်တိုက်ရင် ဒီဖက်ကူးလိုက်ပဲ။ လေကတိုက်တော့လေ။ဘာမှတော့ အထိအခိုက်မရှိပါဘူး။” ဟု ဦးလေးကြီးတဦးက ပြောပါသည်။

မီးသတ်ဌါနမှ မီးသတ်ကားလေးစီးဖြင့် လာရောက်ငြိမ်းသတ်ပြီး လမ်းသွားလမ်းလာ ပြည်သူများကလည်း ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

“မီးကတော့ တောမီးကနေစ လောင်တာပါ။ နေကပူ လေလည်းတိုက်ခါကျတော့ ခဏလေးနဲ့ ပြန့်တာပေါ့” ဟု မီးငြိမ်းသတ်နေသော ပြည်သူတစ်ဦးက ဆိုပါသည်။

မီးလောင်မှု ကြောင့် ပျက်စီးမှု တစုံတရာမရှိကြောင်းသိရသည်။

၎င်းကွင်းပြင်ရှိ စစ်မှုထမ်းဟောင်းများနှင့် လေယာဉ်ကွင်းလုံခြုံရေးဝန်ထမ်းများ နေထိုင်ရာ ၅ ခန်းတွဲ နေအိမ်(၅)လုံးရှိသည်။

ကောလဟာလ အမျိုးမျိုးထွက်ပေါ်နေတာကြောင့် လားရှိုးဒေသခံတွေ စိုးရိမ်


နိုင်ငံရေးဆွေးနွေးပွဲကို ရွေးကောက်ပွဲမတိုင်မီ ကျင်းပနိုင်ရေး NBF တိုက်တွန်း

ထက်ထက်အောင်

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် စာချုပ်အပြီးသတ် လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာမူဘောင်နှင့် အညီ ပမာဏ နိုင်ငံရေးဆွေးနွေးပွဲကို ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ကျင်းပနိုင်ရေး ပူပေါင်းဆောင်ရွက်သင့်ကြောင်း ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း(NBF ) က ဧပြီ ၁ ရက် တွင် သဘောထားထုတ်ပြန်ချက်ထုတ်၍ တိုက်တွန်းလိုက် သည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းမှ ဒါရိုက်တာ မချင်းချင်းက “ အခုကရွေးကောက်ပွဲ အရမ်းနီးလာပြီလေ။ ဒီမတိုင်ခင်တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို စဖို့လိုပါတယ်။ ဒါစလုပ်ဖို့ကလည်း မူဘောင်တွေကလိုသေးတော့ မူဘောင်ေတွအဆင်သင့်ဖြစ်ဖို့ အမြန်ဆုံးအကောင် အထည်ဖော်စေချင်ပါတယ်”ဟုဆိုသည်။

ယင်းသဘောထားထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် စာချုပ်မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်ရေးအဖွဲ့ (NCCT)တို့ မတ်၃၁ရက်တွင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခြင်းကို NBF က ကြိုဆိုသည်ဟု ဖော်ပြထားသည်။

ယင်းအပြင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် နိုင်ရန်အတွက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် အမြန်ဆုံးချမှတ်၍ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပကာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်သည့် NCA (ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက်စာချုပ်)ကို အမြန်ဆုံးလက်မှတ်ရေးထိုး သင့်သည်ဟုလည်း တိုက်တွန်းထားသည်။

အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလအတွင်း ပြုလုပ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။NBF အဖွဲ့ဝင်ပါတီများမှာ ရှမ်းတိုင်းသားများဒီမိုကရက်တစ်ပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ချင်းအမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ အရှိုချင်းအမျိုးသား ပါတီ၊ ‘ဝ’ ဒီမိုကရက်တစ်ပါတီ၊ ‘ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီနှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီတို့ဖြစ်ကြသည်။

သက်တမ်းကုန် ၀ှိုက်ကတ် ပြန်အပ်နှံသူများ နိုင်ငံသားပြန်လျှောက်ထားနိုင်

DVB

မန်မာနိုင်ငံသား မဟုတ်သူတွေကို ထုတ်ပေးထားတဲ့ ယာယီသက်သေခံ လက်မှတ် (၀ှိုက်ကတ်) သက်တမ်းဟာ မတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ပြန်အပ်ပြီး နိုင်ငံသားလျှောက်ထားနိုင်တယ်လို့ လူဝင်မှုနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ် အပါအ၀င် နယ်မြို့တချို့မှာ ၀ှိုက်ကတ် လာအပ်သူတချို့ရှိနေပြီး အရေအတွက်ကိုတော့ ပြောလို့ မရနိုင်သေးဘူးလို့ လူဝင်မှုနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုညွန်ကြားရေးမှူး ဦးစိုင်းဘမန်းက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ရဲ့ လက်မှတ်တွေအပ်ဖို့ဆိုပြီး ကျနော်တို့ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်ကြော်ငြာ စာထဲမှာပါတယ်လေ။ အဲတော့အပ်တဲ့ဟာကို ဧပြီလရယ်၊ မေလကုန် အထိပေါ့။ ဒီ ၂လမှာ သူတို့ အပ်တာကို ကျနော်တို့ လက်ခံနေတာ ပေါ့နော်။ လက်ခံရရှိကြောင်း ကျနော်တို့ သူတို့ကို ပြန်ပြီး ပြေစာလေးပေးပါတယ်။ ကျနော်တို့ ၀ှိုက်ကပ်ပေးထားကတည်းကိုက မြန်မာနိုင်ငံတွင်း နေထိုင်သူများကို ပေးတာပဲ။ ဥပဒေအရ သက်တမ်းသတ်မှတ်လို့ သက်တမ်းကုန်သွားတာကို။ သက်တမ်းကုန်သွားလို့ သူက နိုင်ငံမဲ့သဘောမသက်ရောက်ပါဘူး။”

သက်တမ်းကုန် (၀ှိုက်ကတ်) ပြန်အပ်နှံသူတွေကို အစိုးရက ပြန်အပ်ကြောင်း ပြေစာ အထောက်အထား ပြန်ထုတ်ပေးထားတယ်လို့ လည်း ဦးစိုင်းဘမန်းက ပြောပါတယ်။

“လာအပ်ပြီဆိုရင် လောလောဆယ် သူ့လက်ထဲမှာဘာမှမရှိဘူး။ မရှိဘူးဆိုတော့ ကျနော်တို့က သူ့ကို Document သဘောမျိုးပေါ့ ပြေစာလေးပေးထားတဲ့သဘောပါပဲ။ အဲဒီထဲမှာ သူ့နံပါတ်တွေ ပါတယ်ဗျာ။ တချိန်တုန်းက သက်တမ်းကုန်တဲ့ ၀ှိုက်ကတ်တွေ ကိုင်ထားတယ်ဆိုတဲ့ အဓိပ္ပါယ်။ အဲတော့ သူဝှိုက်ကတ်ကိုင်တုန်းကရတဲ့ အနေအထားအတိုင်းပဲပေါ့။”

သက်တမ်းကုန်လို့ ပြန်လည်အပ်နှံသူအနေနဲ့ သူတို့ဆန္ဒပေါ်မှာမူတည်ပြီး ဥပဒေအတိုင်း နိုင်ငံသား လျှောက်ချင်ရင် လျှောက်ခွင့်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူ က ပြောပါတယ်။

မနေ့ကတော့ ရခိုင်ပြည်နယ် ရန်းဗြဲကျွန်းမြို့နယ် ကျောက်နီမော်ကျေးရွာကို မြို့နယ် လ၀က ဦးစီးမှူးနဲ့အဖွဲ့ကလာရောက်ပြီး ၀ှိုက်ကတ်တွေအပ်ကြဖို့ သွားရောက်ပြောကြားရာမှာ တစုံတယောက်မှ မအပ်နှံဘူးလို့ ကျောက်နီမော်ကျေးရွာသား ကမန်လူမျိုး ကိုဘသန်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

အဓိက ၀ှိုက်ကတ်အပ်နှံတဲ့အခါ ပြန်လည်ထုတ်ပေးတဲ့ အထောက်အထားစာရွက်မှာ လူမျိုးအမည် မထည့်သွင်းတာကြောင့် စိုးရိမ်ပြီး မအပ်ကြဘူးလို့ ဆိုပါတယ်။

ဝှိုက်ကတ်သိမ်းတဲ့အခါ ဖြတ်ပိုင်းအထောက်အထားပြန်ပေးမှာဖြစ်ပေမယ့် မွေးသက္ကရာဇ်၊ အမည်ရယ် အဖ အမည်ရယ် နေရပ်သာပါပြီး လူမျိုးကျတော့ မပါတဲ့အပေါ် ရွာသားတွေက မသင်္ကာဖြစ် စိုးရိမ်ပြီး မအပ်နှံကြတာလို့ ကိုဘသန်းထွန်းက ပြောပါတယ်။

“တကယ်တမ်း အပ်မယ်ဆိုရင်လည်း ကျနော်တို့ ဦးစီးမှူးကို ပြောတာက ရှင်းတယ်လေ။ ကျနော်တို့ဘက်ကတော့ နိုင်ငံတော်သမ္မတကြီးအမိန့်နဲ့ဆိုရင် အပ်ရမှာ မှန်တယ်။ ကျနော်တို့ ၀ှိုက်ကတ်မှာ လူမျိုးနေရာမှာ ကမန်လို့ရေးထားသလို ခင်ဗျားတို့ပေးမယ့် အထောက်အထားမှာ လူမျိုးကို ကမန်လို့ရေးပေးလို့ ကျနော်တို့ ပြောတော့ အဲဒါကျတော့ ညွန်ကြားချက် အဲလိုမရှိဘူးတဲ့လို့ ပြောတယ်။”

ဒါ့အပြင် ၂၀၁၁ အဖြစ်အပျက်အတွင်း မီးလောင်တုန်းက အိမ်ထောင်စုစာရင်း၊ နိုင်ငံသားကတ်ပြား၊ သုံးခေါက်ချိုးမှတ်ပုံတင်၊ ၀ှိုက်ကတ်တွေ ပါကုန်တာတွေလည်း ရှိတယ်လို့ ရှင်းပြခဲ့ကြောင်းနဲ့ လ၀က ဦးစီးမှူးက နောက်တခေါက် ကွင်းဆင်းလာဦးမယ်ဆိုပြီး ပြန်သွားကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ် တောင်ပိုင်းက ကျောက်နီမော်ကျေးရွာဟာ မြန်မာနိုင်ငံက တိုင်းရင်းသားတွေထဲမှာပါဝင်တဲ့ ကမန်တိုင်းရင်းသားတွေ နေထိုင်ကြတဲ့ကျေးရွာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အထက်ပိုင်းက အစိုးရအခေါ်အားဖြင့် ဘင်္ဂါလီ၊ ကာယကံရှင်တွေ အခေါ်အားဖြင့် ရိုဟင်ဂျာတွေ ရဲ့ ၀ှိုက်ကတ် ပြန်လည် အပ်နှံမှုအခြေအနေကိုတော့ မသိသေးပါဘူး။

လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးကျော်မင်းကတော့ အစိုးရအနေနဲ့ ၀ှိုက်ကပ်ကိုင်သူတွေ နိုင်ငံသားလျှောက်နိုင်တယ်လို့ ပြောဆိုပေမယ့် လျှောက်သူတိုင်း မရနိုင်ဘူးလို့ ပြောပါတယ်။

“ခွင့်ပေးတယ်လို့ ပြောတာပါ။ ပေးမှာမဟုတ်ဘူး။ မြေပုံမှာ လူ ၁ ထောင် လျှောက်တာကို ၂၀၀ ကိုပဲပေးတယ်။ ကျန်တဲ့ ၈၀၀ မှာ ဘာလုပ်မလဲ။ အခု ဒီမှာလည်း လျှောက်ရင် လျှောက်ခွင့်ရှိတယ်လို့ ပြောတာပါ။ ဒါပေမယ့် ပေးချင်မှပေးမယ်။ ဦးက နိုင်ငံသားဖြစ်လို့ လွှတ်တော်အမတ်ဖြစ်ခဲ့တာနော် ၁၉၉၀ ခုနှစ်ကပြောတာ။ အခုက ပါတီထောင်လို့မရဘူးတဲ့။ ၁၉၈၂ ဥပဒေအရ အစစ်ဆေးခံပြီးတော့မှ နိုင်ငံသားလက်မှတ်ရရင် စိစစ်ရေးကတ်ပြားရရင် လုပ်လို့ရမယ်။ အဲဒါ ဦးတို့ အတွက်တောင် မလွယ်ရင် သူတို့ပြောတဲ့ နိုင်ငံသားပြုခွင့်ဆိုတာ တခြားလူတွေအတွက် သိပ်လွယ်မယ်မထင်ဘူး။” လို့ ပြောပါတယ်။

သက်တမ်းကုန်ဆုံးသွားတဲ့ ၀ှိုက်ကတ်တွေ ပြန်လည်အပ်နှံရေး အစီအစဉ်ကို သမ္မတက ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကတည်းက ထုတ်ပြန်ထားတာဖြစ်ပြီး ကတ်သက်တမ်းကုန်ဆုံးမယ့် ၂၀၁၅ မေလ (၃၁) ရက် နောက်ဆုံးထား ဆောင်ရွက်ဖို့ ညွန်ကြားထားတာပါ။

ဒီညွှန်ကြားချက်ထွက်လာပြီးနောက် မြန်မာနိုင်ငံထဲက ၀ိုက်ကတ်ကိုင်ဆောင်ထားသူတွေရဲ့ အနာဂတ်ရှေ့ရေး မရေမရာဖြစ်စေနိုင်တယ်လို့ နိုင်ငံတကာအသိုင်းအ၀န်းက ထောက်ပြဝေဖန်ကြပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ၀ှိုက်ကတ်ကိုင်ထားသူပေါင်း ၆ သိန်းခွဲလောက် ရှိတယ်လို့ သက်ဆိုင်ရာ ၀န်ကြီးဌာနကရတဲ့ သတင်းအချက်အလက်ကို ကိုးကားပြီး မြေပုံအမတ် ဦးဖေသန်းက ဒီဗွီဘီကို ပြောထားပါတယ်။

အင်ဖက် အမိုးလုပ်သူများအကြောင်း ရုပ်သံမှတ်တမ်း


ပုဒ်မ ၁၈ဖြင့် အမှုဖွင့်ခံထားသည့် မြင်းခြံ နည်းပညာတက္ကသိုလ်ကျောင်းသား ၁၀ဦး ရဲစခန်းဆင့်ခေါ်မှုကို သွားမည်မဟုတ်

ထက်ထက်အောင်

ပညာရေးဥပဒေကို ကန့်ကွက်လှုပ်ရှားခဲ့သည့် မြင်းခြံ နည်းပညာတက္ကသိုလ်မှ ကျောင်းသား ၁၀ဦးကို ပုဒ်မ ၁၈ထုဖြင့် မြင်းခြံအမှတ် (၁)ရဲစခန်းက အမှုဖွင့်ထားပြီး ဧပြီ ၂ရက်တွင် စခန်းမှ ဆင့်ခေါ်ထားသော်လည်း သွားရောက်တွေ့မည်မဟုတ်ဟု မြင်းခြံကျောင်းသားလှုပ်ရှားမှုအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုဟန်ဖြိုးဝေက ဧပြီ ၁ရက်တွင် မဇ္ဈိမကို ပြောသည်။

ကိုဟန်ဖြိုးဝေက "ကျွန်တော်တို့ကို မနက်ဖြန်လာတွေ့ဖို့ စာပေးထားတယ်။ သွားမတွေ့ဘူးလို့ ဆုံးဖြတ်ချက်လိုက်ကြပါပြီ။အရေးယူမယ်ဆိုရင်လည်း အရေးယူပါစေ။ အာမခံဖို့သွားပြီး လက်မှတ်ထိုးမှာ မဟုတ်ပါဘူး”ဟုဆိုသည်။

ကျောင်းသားများက ၎င်းတို့အား ပုဒ်မ ၁၈ဖြင့် အရေးယူမှုအပေါ် အသိအမှတ်မပြုသည့်အတွက် ရဲစခန်းကို မသွားခြင်းဖြစ်သည်။ ကျောင်းသားများအား ယင်းသို့ ပုဒ်မတပ်ထားခြင်းကို တာဝန်ရှိသူများက အသိပေးခဲ့ခြင်း မရှိဘဲ စာမေးပွဲ နောက်ဆုံးနေ့ အရောက်မှသာ အခန်းစောင့် ဆရာမကတစ်ဆင့် အကြားကြားစာပါသည့် စာအိတ်ကို လာရောက်ပေးခြင်းသာ ရှိသည်ဟုလည်း ကျောင်းသားများက ဆိုသည်။

မြင်းခြံအမှတ်(၁)ရဲစခန်းမှ စခန်းမှူး မြင့်နိုင်က "ပညာရေးဥပဒေနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုလုပ်ခဲ့တဲ့ ဂျီတီစီ ကျောင်းသား ၁၀ဦးကို ပုဒ်မ၁၈အတွက် စာမေးပွဲဖြေပြီးရင် လာခဲ့ပါ အာမခံပေးပါ့မယ်လို့ကျောင်းအုပ်နဲ့ပြောထားတယ်။ ကျောင်းအုပ်ကလည်း လက်ခံတယ်" ဟုဆိုသည်။

မြင်းခြံနည်းပညာတက္ကသိုလ်မှ ကျောင်းသား ၁၀ဦးသည် လက်ပံတန်းကျောင်းသားသပိတ် ပိတ်ဆို့ခံရမှုအတွက် ကန့်ကွက်ကြောင်း မြင်းခြံမြို့တွင် မတ် ၃ရက်က ဆန္ဒဖော်ထုတ်ခဲ့ပြီး မတ် ၁၀ရက်ကလည်း ပင်မကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှုတို့အတွက် ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့် ပုဒ်မ ၁၈ဖြင့် အမှုဖွင့်ခံရခြင်းဖြစ်သည်။

တရားခံပြေးများ အိမ်ထောင်စု စာရင်းသွင်းမှု အထက်လူကြီးများ တားဆီးပေးစေလို

နိရဉ္စရာ

ရခိုင်ပြည်နယ် မောင်တော ဒေသခံ တစ်ဦးမှ အောက်ဖော်ပြပါ စာအား နိရဉ္စရာတွင် ထည့်သွင်း ဖော်ပြပေးရန် ပေးပို့လာပါသည်။

စာပါ အကြောင်းအရာမှာ တိုင်းပြည်အတွက် အရေးကြီးသဖြင့် အထက် အစိုးရ တာဝန်ရှိသူများအပြင်၊ အများသူငှာ သိရှိနိုင်စေရန် အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါသည်။



မဟာချက္ကရီ သီရိဒုံမွေးနေ့ ထိုင်း-မြန်မာပူးပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူ


မြန်မာ့ မီဒီယာလောကတွင် အမျိုးသမီးပါဝင်မှု များသော်လည်း ဆုံးဖြတ်ချက်ချသည့် နေရာတွင် လေးရာခိုင်နှုန်းခန့်သာရှိနေ

ထက်ထက်အောင်

မြန်မာ့ မီဒီယာလောကတွင် အမျိုးသမီး များပါဝင်မှု ရာခိုင်နှုန်း များသော်လည်း ဆုံးဖြတ်ချက် ချသည့် ရာထူး များတွင် ပါဝင်မှုမှာလေး ရာခိုင်နှုန်းခန့်သာ ရှိနေသည် ဟုနိုင်ငံတကာ ဂျာနယ်လစ် ဖက်ဒရေးရှင်းမှ (တောင်အာရှဒေသ) ကျားမရေးရာ အတိုင်ပင်ခံနှင့် တွဲဖက်ညှိနှိုင်းရေးမှုး မစ္စဒယ်လ် ရုရှီဟမ် အမ်နက်တီက ဆိုသည်။

မစ္စဒယ်လ်ရုရှီဟမ်အမ်နက်တီက ''မီဒီယာကို စိတ်ဝင်စားပါဝင် လုပ်ကိုင်သူ အမျိုးသမီးတွေ များစွာရှိပေမယ့် သူတို့တွေဟာ ဓလေ့ ထုံးစံနဲ့၊ ကျား၊ မ ကန့်သတ်မှု အမျိုးမျိုးတွေကြောင့် ရာထူးအမြင့် အပိုင်း ကိုရောက်ရှိမှု နည်းပါးတာ ကိုတွေ့ရှိခဲ့တယ် ”ဟု ဆိုသည်။

မြန်မာမီဒီယာ အင်စတီကျုတွင် မတ်လ၃၁ရက်ကပြုလုပ်သည့်gender in the Myanmar media landscape စာတမ်းစာနယ်ဇင်း ရှင်းလင်းပွဲတွင် ၎င်းကပြော ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ ဂျာနယ်လစ်ဖက်ဒရေးရှင်း (တောင်အာရှဒေသ)၊ ဆွီဒင်မှ FOJO မီဒီယာ အင်စတီကျုနှင့်မြန်မာနိုင်ငံမှ rainfall ကျားမရေးရာ သုတေသန အဖွဲ့တို့ ပူးပေါင်း ၍မြန်မာ့ မီဒီယာလောကတွင် ကျားမ ကွဲပြားမှုလျော့ ပါးစေရန် ရည်ရွယ်ကာ ကျားမရေးရာ ကိုယ်စားပြုမှု ဆန်းစစ်လေ့လာ ချက်ကို ၂၀၁၄ခုနှစ် စက် တင်ဘာ မှနိုဝင်ဘာ အထိ သုံးလကြာပြု လုပ်ခဲ့ပြီး အထက်ပါ စာတမ်း ကိုပြုစုခဲ့ခြင်းဖြစ်သည်။

ယင်းသုံးလ အတွင်း မီဒီယာနယ်ပယ်ရှိ ကျား၊မ၁၄၈ ဦးကိုမေးခွန်း ၇၈ ခုမေး၍ စစ်တမ်းကောက်ခဲ့ခြင်းဖြစ်သည်။ စာတမ်းအရမြန်မာ့ မီဒီယာ ကဏ္ဍတွင် အမျိုး သမီး ပါဝင်မှုမှာ ၅၄ ရာခိုင်နှုန်းရှိပြီး အမျိုးသမီး ဂျာနယ် လစ်များ၏ လုပ်ငန်းခွင် အတွင်း လိင်မညီမျှ မှုကြောင့် ခွဲခြား ဆက်ဆံ ခံရမှုများ ကိုခေါင်းစဉ်ခြောက်ခု ခွဲ၍ဖော်ပြ ထားပြီး ယင်းဖော်ပြချက်တွင် စိတ်ကြိုက် သတင်းနယ်ပယ်ရွေး ချယ်နိုင်မှု နည်းပါးကြောင်း၊ နည်းပညာ ကဏ္ဍနှင့်နိုင်ငံရေး ဆန်းစစ်လေ့လာသူ နယ် ပယ်တွင် အင်အားအနည်းဆုံးဖြစ်နေကြောင်းဆိုသည်။

မီဒီယာနယ်ပယ်ရှိ အမျိုးသမီးများ အတွက် အခက်ခဲဆုံး ကိစ္စမှာ မီးဖွား ပြီးနောက် လုပ်ငန်း ခွင်ပြန် လည်ဝင်ရောက်ရေးဖြစ် သည်ဟုဖော်ပြ ထားသည်။ အများ စုသော အမျိုးသမီးဂျာနယ်လစ်များမှာ မီးဖွားရန်ပြင်ဆင် ချိန်တွင် အလုပ်ရပ်နား လိုက်ရခြင်း၊ မီးဖွားပြီး၍ မီဒီယာ နယ်ပယ် တွင်ပြန်လည် လုပ်ကိုင်ပါ ကလည်း မူလရာထူးတွင် ပြန်လည်ရရှိရန် မလွယ်ကူ၍ အစမှပြန်လည် လုပ်ကိုင် ရခြင်း၊ မိသားစုက မီဒီယာ လုပ်ငန်း ဆက်လက် လုပ်ကိုင်ရန် အားပေးကူညီမှု မရှိခြင်း တို့ကြောင့် မီဒီယာ နယ်ပယ်၏ ဆုံးဖြတ် ချက်ချ သူနေရာ တွင်ရောက်ရှိရန် ခက်ခဲနေ ကြသည် ဟုဖော်ပြ ထားသည်။

FOJO မီဒီယာအင်စတီကျုမှ မစ္စအက်နိတာဆိုတာ ဘက်ဂျေကော့ဆင်က “ ဆွီဒင်နိုင်ငံရဲ့ သတင်းလောကမှာ ဆိုရင်တော့ လူထုဆက်ဆံရေး မီဒီယာတွေမှာ အမျိုးသမီးတွေက ထိပ်ပိုင်းရာထူးတွေ ရနေကြပါတယ်။ ဒါက ကလေးမီးဖွားမှုနဲ့ ပတ်သက်ပြီး လုပ်ငန်း ခွင်ဆိုင်ရာ ဥပဒေတွေကို လွှတ်တော် ကသေချာပြဋ္ဌာန်း ထားလို့ဖြစ် တယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းခွင် အမတွင်းရှိ အမျိုးသမီး များ၏ မီးဖွားမှု အပေါ် မီးဖွားခွင့်ဟူ၍ ခွင့်သတ် မှတ်ပြဋ္ဌာန်းထား မှုရှိသော်လည်း လက်ရှိတွင် အစိုးရဌာန ဆိုင်ရာဝန်ထမ်း များသာလျှင် တန်းတူညီမျှ ခံစားခွင့် ရှိနေပြီး ပုဂ္ဂလိက လုပ်ငန်းများတွင် မီးဖွားခွင့်ရရှိမှုမှာ မတူညီဘဲ မီးဖွားခွင့် ရရှိသော လုပ်ငန်းရှိ သကဲ့သို့ မရသောလုပ်ငန်းများလည်း ရှိနေသည်။ အထူးသဖြင့် သတင်းဌာနများတွင် မီးဖွားခွင့်ရရှိမှု နည်းပါးနေသည်ဟု အဆိုပါစာတမ်း တွင်ဖော်ပြ ထားသည်။

Rainfall ကျားမရေးရာ သုတေသနအဖွဲ့မှ သုတေသီ တစ်ဦးဖြစ်သည့် မပျိုးလက်ဟန်က “ မီးဖွားခွင့်ကို အစိုးရ ဌာနတွေ မှာရရင် ကျန်တဲ့ ပုဂ္ဂလိက ဌာနတွေမှာ လည်း ရသင့် ပါတယ်။ ဒီလိုရ ဖို့အတွက် လူမှုဖူလုံရေး ဥပဒေ ကိုသေချာ သက်ဝင်စေဖို့ လိုတယ်။ ဒီအတွက်ပေါ် လစီတွေ တိတိကျကျ ချမှတ် လုပ်ဆောင်ပေးဖို့ လိုပါတယ်” ဟု ဆိုသည်။

မီဒီယာနယ်ပယ်၏ ဆုံးဖြတ်ချက်ချသူနေရာတွင် အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းများလာစေရေးအတွက် အသိပညာပေးမှု များဆောင် ရွက်ပေးရန် လိုအပ်နေပြီး လက်ရှိတွင်မြန်မာ အမျိုးသမီး ဂျာနယ်လစ် များသည် ကျားမရေးရာ တန်းတူညီ မျှမှုဆိုင်ရာ အသိပညာ (Gender)နှင့် လိင်ပိုင်း ဆိုင်ရာနှောင့်ယှက်ခံရမှု ပုံစံအ မျိုးမျိုး ရှိခြင်းနှင့် ယင်းမှ ကာကွယ်ခြင်းဆိုင်ရာ အသိပညာရရှိမှုတွင် အားနည်းနေသေးကြောင်းဖော်ပြ ထားသည်။

ပန်းရောင်ကတ်ရှိ ရွှေ့ပြောင်းအလုပ်သမားများ သက်တမ်းတိုးရန် နေရာများဖွင့်လှစ်

DVB

ထိုင်းနိုင်ငံတွင်း ယာယီနေထိုင်ခွင့်ရှိ ပန်းရောင်အလုပ်သမားကတ်ပြားတွေ သက်တမ်းတိုးဖို့အတွက် ၀မ်းစတော့ပ်ဆားဗစ်စင်တာ လို့ခေါ်တဲ့ တနေရာတည်း အပြီးဆောင်ရွက်ပေးတဲ့ စခန်းတွေကို တနိုင်ငံလုံး ဒီကနေ့စတင်ဖွင့်လှစ်လိုက်ပြီလို့ အိုင်အန်အန် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံတွင်း လူကုန်ကူးမှု ပြဿ နာ၊ တရားမ၀င်အလုပ်သမားပြဿ နာနဲ့ အားနည်းချက်ပေါ် အခွင့်ကောင်းယူပြီး အမြတ်ထုတ်လုပ်စားနေတာတွေ ကာကွယ်ဖို့အတွက် စီစဉ်ပေးတာလို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်းဝိဘွန်း ဆငွန်ဖုန်းက သတင်းထောက်တွေကို ပြောပါတယ်။

ဒီအစီအစဉ်အတွက် အလုပ်သမားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့တကွ အခြားဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒုဝန်ကြီးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇွန်လကနေ အောက်တိုဘာလအတွင်း ယာယီနေထိုင်ခွင့် ပန်းရောင်ကတ် (ထောရော ၃၈ /၁ ) ရှိထားပြီး နိုင်ငံသားစိစစ်ရေး မလျှောက်ထားရသေး တဲ့သူတွေဟာ မိမိနေထိုင်ရာ ခရိုင်ထဲမှာရှိတဲ့ ၀မ်းစတော့ဆားဗစ်စင်တာတွေမှာ သွားရောက်သက်တမ်းတိုးဖို့ ဖြစ်ပါတယ်။

သက်တမ်းတိုးတဲ့အခါ အလုပ်သမားတဦးကို ဘတ် ၃၁၆၀ ကုန်ကျမှာဖြစ်ပြီး အဲဒီထဲမှာ မှတ်ပုံတင်ကြေး၊ ဆေးစစ်ခ၊ ၁ နှစ်စာ ကျန်းမာရေး အာမခံကြေးနဲ့ ၁ နှစ်စာ အလုပ်လုပ်ခွင့်ဝန်ဆောင်ခတွေ ပါဝင်ပါတယ်။

မှီခိုသူ အသက် ၁၅ နှစ်အောက် ကလေးတွေလည်း သက်တမ်းတိုးရမှာဖြစ်ပြီး ကုန်ကျငွေ ဘတ် ၁၁၂၀ ဖြစ်ကာ အဲဒီထဲမှာ မှတ်ပုံတင်ကြေး၊ ဆေးစစ်ခ နဲ့ ၁ နှစ်စာ ကျန်းမာရေး အာမခံကြေးတွေ ပါဝင်ပါတယ်။

ဒီတခေါက် သက်တမ်းတိုးထားတဲ့သူတွေဟာ ထိုင်းနိုင်ငံထဲမှာ လာမယ့် ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ နောက်ထပ် ၁ နှစ် နေထိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

သက်တမ်းတိုးခြင်းကာလကို ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ဇွန်လ ၂၉ ရက်နေ့ထိ သတ်မှတ်ထားပြီး သတ်မှတ်ချိန်တွင်း သက်တမ်း မတိုးရင် ဥပဒေအရ ဖမ်းဆီးကာ နေရင်း နိုင်ငံ ပြန်ပို့ခံရမှာ ဖြစ်ပါတယ်။

အထက်ပါ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ယာယီနိုင်ငံကူးလက်မှတ်ကိုလည်း လုပ်ဆောင်ရမှာဖြစ်ပြီး အဲဒီကိစ္စအတွက် သက်ဆိုင်ရာ သံရုံးမှာ နိုင်ငံသားစိစစ်ရေး လျှောက်ထားရမှာလည်း ဖြစ်ပါတယ်။

ထိုင်းအမျိုးသား ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီအစိုးရရဲ့ အစီအစဉ်နဲ့ မနှစ်က လုပ်ဆောင်ပေးခဲ့တဲ့ ပန်းရောင်ယာယီနေထိုင်ခွင့် ကတ်ပြားရရှိသူတွေထဲမှာ မြန်မာနိုင်ငံသားပေါင်း ၆ သိန်းခွဲ ပါဝင်တယ်လို့ မြန်မာအလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

အချိန်တိုတိုနဲ့ ကုန်စည်တွေ စစ်ဆေးနိုင်ဖို့ ဓာတ်မှန်ရိုက်စက်တွေ အသုံးပြု


ပြည်ထောင်စုအစိုးရ တောင်းခံငွေမှ ကျပ် ၂၁၃ဘီလီယံ ကျော် လွှတ်တော် ဖြတ်တောက်

ဝင်းကိုကိုလတ်

၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏အရအသုံးဆိုင်ရာဥပဒေကြမ်းပါ ထောက်ပံ့ငွေ၊ ငွေလုံး ငွေရင်းသုံးရငွေများ၊ သာမန်အသုံးစရိတ်များ ကျပ် ၂၁၃ ဘီလီယံ ကျော်ကို ပြည်ထောင်စုလွှတ်တော်က ဖြတ်တောက်လိုက်သည်။

ဝန်ကြီးဌာန ၁၁ ခု၏ ထောက်ပံ့ငွေ၊ ငွေလုံးငွေရင်းသုံးငွေများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကျပ်သန်း ၅၁,၀၀၀ ဖြင့် အများဆုံးဖြစ်ကာ ပြန်ကြားရေးဝန်ကြီးဌာနက ၁၈၉ သန်းဖြင့် အနည်းဆုံး အဖြတ်ခံရပြီး စုစုပေါင်း ကျပ် ၁၇၅ ဒသမ ၇၃၁ ဘီလီယံကို ပြည်ထောင်စုလွှတ်တော်က ဖြတ်တောက်ခဲ့သည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ကျေးလက်ယင်လုံအိပ်သာနှင့် ကျေးလက် အိပ်ရာစီမံကိန်းများ တည်ဆောက်ရေးလုပ်ငန်းမှ ကျပ် ၁၁,၂၈၉ သန်းကို ငြင်းပယ်ရန်တင်ပြမှုကို လွှတ်တော်က ကန့်ကွက်ခဲ့သည်။

ဒေါ်စန္ဒာမင်းက "ပါတီစွဲ ပုဂ္ဂိုလ်စွဲနဲ့ မဲပေးတာမျိုးလား၊ အမှန်တကယ်အကျိုးရှိတဲ့၊ အကျိုးမရှိတဲ့ ကိစ္စရပ်မျိုးလားဆိုတာ သေသေချာချာ ဆုံးဖြတ်ဖို့ ကောင်းပါတယ်ဆိုတာ ကျွန်မပြောချင်ပါတယ်’’ ဟု ပြောသည်။

အဆိုပါစီမံကိန်းများသည် ငါးနှစ်စီမံကိန်းဖြစ်သော်လည်း လေးနှစ်ကျော်သည်အထိ အောင်မြင်မှုမရှိခြင်းကြောင့် ဘတ်ဂျက်ငွေတောင်းခံမှု ငြင်းပယ်ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ရှင်းပြသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ကျပ် ၈၅၈ သန်းကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှ ကျပ် ၉၂ သန်းကျော်နှင့် သစ်တောရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများမှ ကျပ် ၁၈,၄၇၄ သန်းကျော် စုစုပေါင်း ကျပ် ၁၉ ဒသမ ၄၂၄ ဘီလီယံဖြတ်တောက်ခဲ့သည်။

ထို့ပြင် ဗဟိုအဖွဲ့အစည်း ၁၁ ခုနှင့် ဝန်ကြီးဌာန ၂၇ ခု၏ သာမန်သုံးငွေမှ ၂ ရာခိုင်နှုန်းစီဖြင့် စုစုပေါင်း ကျပ် ၁၇ ဒဿမ ၉၃၃ ဘီလီယံ ဖြတ်တောက်ခဲ့သည်။

ထို့ကြောင့် သာမန်သုံးငွေမှ ၂ ရာခိုင်နှုန်းဖြင့် ကျပ် ၁၇ ဒဿမ ၉၃၃ ဘီလီယံ၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းပါ သာမန်သုံးငွေမှ ၁၉ ဒဿမ ၄၂၄ ဘီလီယံနှင့် ထောက်ပံ့ငွေ၊ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၁၇၅ ဒဿမ ၇၃၁ ဘီလီယံစုစုပေါင်း ၂၁၃ ဘီလီယံကျပ် ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

ရေဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦးက ယခုနှစ်တွင် အစိုးရအနေဖြင့် သာမန် အသုံးစရိတ် ၁၄,၉၅၀ ဘီလီယံကျပ်၊ ငွေလုံးငွေရင်း အသုံးစရိတ် ၅,၁၈၄ ဘီလီယံကျပ် စုစုပေါင်း ၂၀,၁၃၄ ဘီလီယံကျပ် တောင်းခံခဲ့သည့်အတွက် ယခင်နှစ်ကထက် ကျပ်ဘီလီယံ ၇၀၀ နီးပါး ပိုမိုတောင်းခဲ့သည်ဟု ဆိုသည်။

ဦးဝင်းဦးက ‘‘လွှတ်တော်က ဒီနှစ်အတွက် ကျပ်ဘီလီယံ ၅၀၀ ကနေ ၁,၀၀၀ ကြား လျှော့သုံးဖို့ အကြံပြုထားပေမယ့် မလျှော့တဲ့အပြင် ပိုတောင်းတဲ့အတွက် ဘီလီယံ ၂၀၀ ကျော်ပဲ ဖြတ်တယ်ဆိုတာ နည်းတယ်လို့ ပြောလို့တောင်ရပါတယ်’’ ဟု ဆိုသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အဆိုတင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က ဥပဒေအဖြစ် အတည်ပြုခဲ့သည်။

မြေစာပုံပြို၍ ရေးမဆေးကျောက် ရှာသူများ သေဆုံး

နန်းဆိုင်နွမ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအနီးတွင် မတ် ၃၀ ရက်နေ့တွင် မြေစာပုံ ပြိုကျပြီး ရေမဆေးကျောက် ရှာဖွေသူ ၉ ဦး သေဆုံးသည်ဟု သိရသည်။

အမြင့်ပေ ၃၀၀ ကျော်ရှိပြီး ရာဇာဌာနီ ကုမ္ပဏီမှ စွန့်ပစ်ထားသည့် မြေစာပုံ ပြိုကျခြင်းဖြစ်ကြောင်း၊ မြေစာပုံကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၉ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၂ ဦးကို ပြန်လည်တွေ့ရှိရကြောင်း၊ သေဆုံးသူဦးရေ ဆက်လက်တိုးမြင့်နိုင်ကြောင်း ဖားကန့် လူထုအခြေပြု အဖွဲ့အစည်းမှ ဦးမရန်ဂျာလ က ဧရာဝတီသို့ ပြောသည်။

“မြေစာပုံအောက်မှာ ရေမဆေးကျောက် ရှာတဲ့သူတွေက ၁၀၀ ကျော်ရှိတယ်။ သေတဲ့သူအလောင်း ၉ ဦးပဲ ပြန်ရှာတွေ့တယ်။ ကျနော်အထင် အယောက် ၄၀၊ ၅၀ လောက် ရှိမယ်ထင်တယ်။ ဒီလို မြေစာပုံတွေ မကြာမကြာ ပြိုတာလည်း မဆန်းတော့ဘူး။ မိုးရွာသီဆိုရင် ဒီထက်ပြိုနိုင်တယ်” ဟု ဦးမရန်ဂျာလ က ဆိုသည်။

ထိုမြေစာပုံ အနီးတွင် ပျံကျ ဈေးဆိုင်ခန်းများ ရှိသည်ဟုလည်း သိရသည်။

ဖားကန့်ဒေသတွင် မြေစာပုံများစွာရှိပြီး ယင်းဒေသတွင် ရေမဆေးကျောက် ရှာဖွေသူ ၁ သိန်းနီးပါး ရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇန်န၀ါရီ ၆ ရက်ကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် မြောက်ဘက် မှော်တွင်းတွင် မြေစာပုံ ပြိုကျမှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ပြီး မတ် ၆ ရက်နေ့တွင်လည်း မြေစာပြိုမှုကြောင့် လူ ၂ ဦး သေဆုံးခဲ့သည်။

၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြို၍ လူ ၂၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀၉ ခုနစ်တွင်လည်း မြေပြိုမှုကြောင့် လူဦးရေ ၇၀ ကျော် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

စစ်ရှောင်စခန်းရှိ အမျိုးသမီးများအတွက် မျိုးဆက်ပွားကျန်းမာရေး ၀န်ဆောင်မှု စီမံကိန်း စတင်


လူသေများနှင့် စကားပြောခဲ့သော လီယွမ်ယု

ဧရာဝတီ

စင်ကာပူကို ထိပ်တန်းနိုင်ငံတခုဖြစ်အောင် လုပ်ဆောင်ခဲ့သူ လီကွမ်ယု ကွယ်လွန်သွားသောအခါ ယခင်က သူ၏ တင်းကျပ်သော နိုင်ငံရေးထိန်းချုပ်မှုများ ရှိလင့်ကစား စင်ကာပူနိုင်ငံသားများအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်သည်မှာ သေချာသည်။

စင်ကာပူဝန်ကြီးချုပ်အဖြစ် ၂၅ နှစ်မျှ တာဝန်ယူခဲ့ပြီးနောက် ဆက်လက်၍ ဝါရင့်အဆင့်မြင့်ဝန်ကြီး (Senior Minister)၊ ဦးဆောင်လမ်းပြ ဝန်ကြီး (Minister Mentor) အဖြစ် နိုင်ငံရေးတာဝန်များယူခဲ့သူ လီကွမ်ယုသည် အစောပိုင်း ကာလများတွင် အတိုက်အခံ နိုင်ငံရေးသမားများကို ဥပဒေဘောင် ကျော်လွန်၍ ထောင်ချခြင်း၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ကျင့်စဉ်များကို လျစ်လျှူရှုခြင်း၊ စင်ကာပူ နိုင်ငံရေးကို ထိန်းချုပ်ထားခြင်း၊ အဂတိလိုက်စားမှုများနှင့် အတိုက်အခံကို နှိမ်နင်းသော လီကွမ်ယု အစိုးရအပေါ် ရေးသားသော နိုင်ငံခြားသတင်းစာများကို ဒေဝါလီ ခံရအောင် ခြိမ်းခြောက်တရားစွဲခြင်းများ ရှိခဲ့သော်လည်း တိုင်းပြည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် စီးပွားရေးတွင် ထိုးတက်သွားအောင် စွမ်းဆောင် နိုင်ခဲ့သည်။ ထို့ကြောင့်ပင် လီကွမ်ယုက သူ့ကိုယ်သူ Statesman ဟု ဆိုစေကာမူ စောင့်ကြည့် ဝေဖန်သူများက Benevolent dictator ဟု ကင်ပွန်းတပ်ကြခြင်း ဖြစ်သည်။

အာဏာရှင်ဟောင်း ဦးနေဝင်းနှင့် လီကွမ်ယုတို့သည် အပြန်အလှန် ဆက်ဆံမှု ရှိခဲ့ဖူးသည်။ လီကွမ်ယု မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ၁၉၆၂ ခုနှစ်မှ ၁၉၈၆ ခုနှစ်အတွင်း ခရီးစဉ်များနှင့် ပတ်သက်၍ သူ၏ ကိုယ်တိုင်ရေး From Third World to First စာအုပ်တွင် အနုတ်လက္ခဏာများကိုသာ ဖော်ပြသွားသည်။ မြန်မာအာဏာပိုင် အဆက်ဆက်သည် သူ၏ အကြံပြုချက်များကို အလေးစိုက် နားမထောင်ကြောင်း၊ မြန်မာပြည် ချွတ်ချုံကျသွားကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဘာမျှ မလုပ်နိုင်ခဲ့ကြောင်း စသည်များကို မှတ်တမ်းတင် ထားသည်။

မြန်မာနိုင်ငံအနေဖြင့် အအင်ဒိုနီးရှားနိုင်ငံ ဗိုလ်ချုပ်ကြီး ဆူကာနို လက်ထက် ပြုပြင်ပြောင်းလဲရေးပုံစံကို အတုယူရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အကြံပေးခဲ့သူမှာ လီကွမ်ယူ ဖြစ်ကြောင်းလည်း မမေ့သင့်ပေ။ အင်ဒိုနီးရှားနိုင်ငံ၏ အခြေခံဥပဒေအရ တပ်မတော်ကို အစိုးရအဖွဲ့တွင် အရေးပါသည့် နေရာများတွင် ခန့်အပ်ခြင်း၊ လွှတ်တော်တွင် စစ်တပ် ကိုယ်စားလှယ်များ ပါဝင်စေခြင်း၊ နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတွင် တာဝန်ယူစေခြင်းတို့နှင့် ယှဉ်၍ ယနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို နှိုင်းဆကြည့်နိုင်သည်။

စင်ကာပူသည် စစ်အစိုးရ လက်ထက်တလျှောက် မြန်မာဗိုလ်ချုပ်များ၏ အိုအေစစ်လည်း ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်များ၏ သားသမီး ဆွေမျိုးများ ပညာရေးမှသည် ၎င်းတို့၏ ကျန်းမာရေး၊ ဈေးဝယ်ထွက်ခြင်းအထိ စင်ကာပူသည်သာ ခိုလှုံရာဖြစ်ခဲ့သည်။ ဘိန်းမှောင်ခို ရာဇာဟောင်းများ အပါအဝင် ခရိုနီများ ရုံးစိုက်ရာ၊ ဘဏ်စာရင်းဖွင့်ရာ စင်ကာပူသည် မြန်မာနိုင်ငံအတွက် စစ်အစိုးရခေတ်ဦးက မှောင်ခိုဈေးကွက်မှ စစ်လက်နက်များ ဝယ်ယူရေး ကြားခံပေးသည့် အနေအထားဖြင့် အမျိုးမျိုးအဖုံဖုံ ပါဝင်ပတ်သက်နေခဲ့သည်။

ဦးနေဝင်း လက်ထက်မှသည် ဗိုလ်ချုပ်မှူကြီး သန်းရွှေ လက်ထက်အထိ လီကွမ်ယုသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ခရီးသွားလုပ်ငန်းများ ဖွင့်ပေးရန်၊ စစ်အေးတိုက်ပွဲအပြီး ပေါ်လစီများ ပြန်လည်သုံးသပ်ရန်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပေါ်ထားသည့် သဘောထားကို ပြန်လည် စဉ်းစားရန် တောက်လျှောက် အကြံပေးခဲ့သည်ကို တွေ့ရသည်။ သူအကြံပေးသည်များအနက် တပ်မတော်ကို ဇောင်းပေးသည့် အင်ဒိုနီးရှားပြုပြင် ပြောင်းလဲရေး ပုံစံမှတပါး မြန်မာအစိုးရများက မဆောင်ရွက်သလောက်ပင် ဖြစ်ကြောင်းကိုလည်း သိရှိနိုင်ကြပါသည်။

မြန်မာ အာဏာရှင်များကို နည်းပေးလမ်းပြ လုပ်ခဲ့သော လီကွမ်ယုသည် နောက်ဆုံးတွင် မြန်မာစစ်ဗိုလ်ချုပ်များကို လက်လျှော့လိုက်ပုံရသည်။ ၂၀၁၀ ဒီဇင်ဘာတွင် ပေါက်ကြားသော ဝီကီလိခ်စ် စာတစောင်အရ လီကွမ်ယုက မြန်မာ စစ်ခေါင်းဆောင်များကို ”မိုက်မဲသောသူများ”၊ “ထုံပေ ပေနိုင်သောသူများ” ဟု သုံးသပ်လိုက်ပြီး သူတို့နှင့် ဆက်ဆံရခြင်းမှာ “လူသေတွေနဲ့ စကားပြောရသလိုပဲ” ဟု မှတ်ချက်ချခဲ့ရပေသည်။

လီကွမ်ယု အကြံပေးခဲ့သည့် အတိုင်း မြန်မာအာဏာရှင် အဆက်ဆက်က အနည်းဆုံး လိုက်နာနိုင်ခဲ့ပါလျှင် မြန်မာနိုင်ငံသည် ယခုထိလောက် အခြေအနေအထိ ဆိုးရွားဆုတ်ယုတ်လိမ့်မည် မဟုတ်ဟုပင် သုံးသပ်ရမည် ဖြစ်ပေသည်။

တရားမ၀င် အီရတ်နိုင်ငံသားတဦးကို မြန်မာရဲ ဖမ်းဆီးအရေးယူ

DVB

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေ ကရင်ပြည်နယ် မြ၀တီမြို့ဘက်ကို တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာတဲ့ အီရတ်နိုင်ငံသားတဦးကို မြန်မာရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူထားပါတယ်။

မြ၀တီမြို့ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ရွှေစံအိမ်တည်းခိုခန်းပိုင်ရင်ရဲ့ သတင်းပေးပို့ချက်အရ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ ပြည်ဝင်ခွင့်ဗီဇာမရှိကြောင်း စစ်ဆေးတွေရှိရတဲ့အတွက် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးခဲ့တာလို့ မြ၀တီရဲစခန်း စခန်းမှူး အောင်နိုင်ရွှေက ဒီဗွီဘီကိုပြောပါတယ်။

“အီရတ်နိုင်ငံသားက တရားမ၀င် ၀င်ရောက်လာတဲ့အတွက် ရွှေစံအိမ် ဟိုတယ်မှာ လ၀က စိစစ်တွေ့ရှိရတဲ့အတွက် လ၀က ဥပဒေပုဒ်မ ၁၃ (၁) တရားမ၀င်ဝင်ရောက်မှု အရ အမှုဖွင့်အရေးယူခဲ့တယ်” လို့ပြောပါတယ်။

စစ်ဆေးမေးမြန်းချက်အရ အဆိုပါ အီရတ်နိုင်ငံသား (Amar Qasim Yahy) ဟာ အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မှာ နေထိုင်ခဲ့သူဖြစ်ပြီး မလေးရှားနိုင်ငံမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ယူအန်အိတ်ခ်ျစီအာမှာ ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့သူ ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့တာဝန်ရှိ သူတွေက ဒီဗွီဘီကို ပြောပါတယ်။

မြ၀တီခရိုင်ရဲ တပ်ဖွဲ့ ဒုရဲမှူးကြီးမိုးညိုက “သူက တရားမ၀င်၊ သူ့မှာ ပတ်စ်ပို့ပါတယ်။ မလေးရှား ယူအန်အိပ်ခ်ျစီအာရုံးမှာ ဒုက္ခသည် ယာယီကတ်ပုံစံလုပ်ထားတာရှိတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံကတဆင့် မလေးရှားမှာရှိတဲ့ ယူအန်အိပ်ခ်ျစီအာရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ မှတ်ပုံတင်သွင်းထားခြင်းသာဖြစ်တယ်၊ တရားဝင်ဒုက္ခသည်တော့ မဟုတ်သေးဘူးလို့ ပြန်ကြားတာသိပါတယ်။ သူ့ရဲ့ထွက်ဆိုချက်တွေကတော့ ခုက အမျိုးမျိုးထွက်ဆိုနေတာပေါ့၊ ထိုင်းကလာတယ် ပြောလိုပြော တရုတ်ကလာတယ်ပြောလိုပြော၊ ဖြစ်နိုင်တာကတော့ သူ့ရဲ့ အသုံးအဆောင်တွေ သူ့ဆီမှာရှိတဲ့ သိမ်းဆည်းရမိတဲ့ ဥစ္စာတွေကို ကြည့်ခြင်းအားဖြင့် ထိုင်းနိုင်ငံကနေ တရားမ၀င် ၀င်ရောက်လာတယ်လို့ပဲယူဆပါတယ်’”လို့ ပြောပါတယ်။

လက်ရှိ မြ၀တီမြို့ ရဲစခန်း အချုပ်ခန်းမှာပဲ အီရတ်နိုင်ငံသားကို ဖမ်းချုပ်ထားပြီး မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနဦးစီးမှူးက တရားလိုပြုလုပ်ကာ မြ၀တီတရားရုံးမှာပဲ အမှုဖွင့် အရေးယူထားပါတယ်။

အဂတိလိုက်စားတဲ့ စာရင်းစစ်တွေကို တိုင်ကြားနိုင်


မြေနီကုန်း တွင်မြေပြို၍ အမျိုးသား တစ်ဦး ဒဏ်ရာရ

ကျော်စိုးမိုး

ရန်ကုန်တိုင်း၊ စမ်းချောင်း မြို့နယ် (မြေနီ ကုန်းတောင်ရပ် ကွက် အနီး) အတွင်း တိုက်ဆောက်ရန် အတွက်မြေတူးစဉ်မြေ ကြီးပြိုကျ၍ အမျိုးသား တစ်ဦးဒဏ်ရာ ရရှိခဲ့သည်ဟု အခင်းဖြစ်ပွား ရာနေရာ အနီးရှိ မျက်မြင်အမျိုး သားတစ်ဦး ကပြောသည်။

ဖြစ်စဉ်မှာ မတ် ၃၁ ရက်၊ ညနေ ၄နာရီခွဲခန့်က စမ်းချောင်းမြို့နယ်၊မြေနီ ကုန်းတောင် ရပ်ကွက်၊ အမှတ် ၅၉ တွင် တိုက်ဆောက်ရန် အတွက်မြေတူးနေ စဉ်မြေ ကြိးပြိုကျသဖြင့် အသက် ၄၀ အရွယ်ရှိဦးဝင်းမောင်ဆိုသူ မှာ အဆိုပါ ပြိုကျ သည့်မြေများတွင် ညှပ်မိနေပြီးညာ ဘက်ဒူးတွင် ဒဏ်ရာရရှိ ခဲ့ခြင်းဖြစ်သည်။

ထိုသို့ မြေပြို ခဲ့သဖြင့် မီးသတ် တပ်ဖွဲ့ဝင် များက လာရောက် ကယ်ထုတ် ခဲ့ရပြီး ၅ နာရီခွဲခန့်တွင် ရန်ကုန်ပြည် သူ့ဆေး ရုံကြီးသို့ ပို့ဆောင် လိုက်သည်ဟု အဆို ပါ အမျိုးသားက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ အမှုဖွင့် စစ်ဆေး ရန်မရှိဟု စမ်းချောင်း မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦး ကပြောသည်။

တာချီလိတ်တွင် ကလေးငယ်တဦး အသတ်ခံရမှု ဒေသခံများ ထိတ်လန့်တုန်လှုပ်

နန်းဆိုင်နွမ်

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြန်မာ-နယ်စပ် တာချီလိတ်မြို့တွင် လူပျောက်ကြေညာထားသော အသက် ၆ နှစ်အရွယ် မိန်းကလေး ငယ် တဦး၏ ရုပ်အလောင်းကို မတ်လ ၃၀ ရက်နေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံဘက်တွင် တွေ့ရှိခဲ့ပြီး လတ်တ လော စစ်ဆေးချက်များအရ ကလေးငယ်သည် အသတ်ခံရခြင်းဖြစ်၍ တာချီလိတ်ဒေသခံများအကြား ထိတ်လန့် တုန်လှုပ် လျက် ရှိကြောင်း သိရှိရသည်။

အသက် ၆ နှစ်အရွယ် နန်းဖွေးဟွမ်ဆိုသော မိန်းကလေးငယ်သည် မတ်လ ၂၇ ရက်နေ့တွင် နေအိမ်မှ စတင် ပျောက်ဆုံး သွားခဲ့ပြီး မိသားစုဝင်များက ရဲတပ်ဖွဲ့ထံသို့ လူပျောက်တိုင်ကြားခဲ့ပြီး တာချီလိတ်မြို့တွင် လူပျောက်ကြော်ငြာ ကပ်ခဲ့ ကြောင်း၊ မတ်၃၀ရက်နေ့ ညနေပိုင်းတွင် ကလေးငယ်၏ ရုပ်အလောင်းကို မဲဆိုင်ချောင်းတွင် ပြန်လည်တွေ့ရှိခဲ့ပြီး လည်ပင်း တွင် ကြိုးချည်ထားသော ဒဏ်ရာ ဒဏ်ချက်များ တွေ့ရှိရသဖြင့် အသတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကလေးရဲ့အလောင်းက ထိုင်းမှာတွေ့တာဆိုတော့ ထိုင်းရဲတွေ အရင်ဆေးစစ်ချက်လုပ်ပါတယ်။သူတို့လုပ်ပြီးမှ ကျနော်တို့ ကိုလွှဲပေးတာပါ။သေဆုံးရတဲ့အကြောင်းရင်းကို ဆရာဝန်က အတိအကျ မဖြေပေးသေးပေမယ့် လောလောဆယ်တော့ အဆုတ်မှာရေရှိတယ်။လည်ပင်းမှာအရာတွေ့တယ်။ကျန်တာကတော့ ဘာမှမရှိပါဘူး။ ကာမနဲ့ဆိုင်တာတွေ လည်းမရှိဘူး။ အခု ပုဒ်မ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်။တရားခံကို စုံစမ်းဆဲပါ” ဟု တာချီလိတ် မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ကျော်သန်းက ဧရာဝတီသို့ပြောသည်။

မိန်းကလေးငယ် အသတ်ခံရမှုသည် မျက်ကြည်လွှာနှင့် ကိုယ်တွင်းကလီစာများ ထုတ်ယူ သတ်ဖြတ်ခံရခြင်းဖြစ်သည် ဆိုသော သတင်းများ တာချီလိတ်မြို့ခံများအကြားတွင် ပျံ့နှံ့လျက်ရှိပြီး ကလေးငယ် အသတ်ခံရမှုကြောင့် မြို့ခံများမှာ မိမိတို့၏ သားသမီးများအတွက် စိုးရိမ်မကင်းဖြစ်ကာ ထိတ်လန့်တုန်လှုပ်လျက်ရှိကြောင်း သိရှိရသည်။

“ ကလေးသေဆုံးတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ဒေသခံတွေရဲ့ စိတ်တွေမှာ မလုံခြုံတော့ဘူး လို့ခံစားနေရပါတယ်။ ထိတ်လန့် နေတယ်။ကလေးသတ်ခံရတော့ ဒေသခံတွေ ပိုစိုးရိမ်နေကြတယ်။ မြို့ထဲမှာတော့ ကလေးရဲ့ ကလီစာတွေ ဘာတွေ ထုတ် ရောင်းစားခံနေရတယ်ဆိုပြီး သတင်းပျံ့နေပါတယ်” ဟု တာချီလိတ်ဒေသခံ အမျိုးသား တဦးက ဧရာဝတီ သို့ ပြော သည်။

အသတ်ခံလိုက်ရသော မိန်းကလေးငယ်၏ အသုဘကို ဧပြီလ ၂ ရက်နေ့ နေ့လယ် ၁နာရီတွင် မြို့မသုသာန်တွင် ကျင်းပ မည်ဖြစ်ကြောင်း သိရှိရသည်။

တာချီလိတ်မြို့တွင် မတ်လ ၂၂ ရက်နေ့ကလည်း ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ပြီး တရားခံကို မတ်လ ၂၅ ရက်နေ့တွင် ဖမ်းဆီး ရမိခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့တွင် အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ပျောက်ဆုံးခဲ့ပြီး မတ်လ ၃၀ ရက် နေ့ ညနေပိုင်းတွင် အဆိုပါကလေး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ မတ်လ ၃၁ ရက်နေ့တွင်မူ ထိုင်းနိုင်ငံသား တဦး သေနတ်အပစ်ခံရ၍ သေဆုံးခဲ့ပြီး တရားခံကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

“နယ်စပ်ဒေသဆိုတော ဒီလို လူသတ်မှုက မကြာမကြာ ဖြစ်ပါတယ်။ သေနတ်တွေက လည်း ဈေးပေါပေါနဲ့ ရနေတယ်။ ပြီးတော့ တချို့ စီးပွားရေး ပြိုင်ဖက်တွေက ရန်ငြိုး ရန်စတွေနဲ့ တဦးကို တဦး သတ်တာတွေရှိတယ်။” ဟု ဒုရဲမှူး ကျော်သန်း က ဧရာဝတီသို့ ထပ်မံပြောသည်။

လုပ်ငန်းရှင်နဲ့ အလုပ်သမားတွေကြား တင်းမာမှုကြောင့် ပို့ကုန် ထိခိုက်မှုရှိ


တရားဟောခွင့် ပိတ်ပင်လိုက်ခြင်းသည် နာယကဂုဏ်နှင့် မကိုက်ညီသည့် ပိတ်ပင်တားဆီးမှုဟု ရွှေညဝါ ဆရာတော် မိန့်

ဟိန်းကိုစိုး

ရွှေညဝါဆရာတော်ဟု လူသိများသည့် အရှင်ပညာသီဟသည် ဗုဒ္ဓဘာသာနှင့်မကိုက်ညီသည်များ ဟောကြားသည် ဆိုကာ ဗဟိုသံဃာ့နာယကက တရားဟောခွင့် ပိတ်ပင်လိုက်ခြင်းသည် နာယကဂုဏ်နှင့် ကိုက်ညီမှုမရှိသည့် ပိတ်ပင်တားဆီးမှု ဟု ရွှေညဝါဆရာတော်က တုံ့ပြန်မိန့်ကြားလိုက်သည်။

ရွှေညဝါဆရာတော်သည် တရားဟော ဓမ္မကထိကတစ်ပါး၏ ဂုဏ်အရည်အချင်းများနှင့် ကိုက်ညီမှုမရှိဟုဆိုကာ တစ်နိုင်ငံလုံး တရားဟောခွင့် အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည့်အပေါ် ဆရာတော်က တုံ့ပြန်မိန့်ကြားခြင်းဖြစ်သည်။

“ဆိုဆုံးမမှု ဆိုတာက မိစိတ်၊ ဖစိတ်၊ ဆရာသမားစိတ်၊ လူကြီးသူမ စိတ်ရှိပြီးတော့ မှန်မှန်ကန်ကန် ဆုံးမမယ် ဆိုရင်တော့ မလိုက်နာနိုင်စရာ အကြောင်းမရှိဘူး။ မိစိတ်၊ ဖစိတ်၊ ဆရာစိတ်၊ သမားစိတ် လူကြီးသူမစိတ်မရှိဘဲနဲ့ နာယကဂုဏ် မပြည့်စုံဘဲ ဟိုစည်းမျဉ်းထုတ်၊ ဒီစည်းမျဉ်းထုတ် ဘုရားဟောလည်း မဟုတ်ဘဲနဲ့ ထုတ်ချင်တဲ့ စည်းမျဉ်းထုတ်နေတာ ဘာလို့လိုက်နာရမှာလဲ” ဟု ဆရာတော်က မိန့်သည်။

တရားဟောခွင့် ပိတ်ပင်မှုကို ဖေဖော်ဝါရီလ ၂၃ ရက်တွင် နိုင်ငံတော် သံဃမဟာနာယက ၄၇ ပါး စုံညီအစည်းအဝေးက ဆုံးဖြတ်ခဲ့ကာ မတ်လ ၂၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“ပိတ်တာကို ဝိနိစ္ဆယအဖွဲ့ကပဲ လုပ်တာပါ၊ ပို့တဲ့စာကိုတော့ တိုင်းတွေက ဝိနိစ္ဆယအဖွဲ့တွေကို သာသနာရေးက ပို့ပေးတာပဲရှိတယ်။ တရားဟောခွင့်ကို ဝိနိစ္ဆယက ခွင့်ပြုရင်တော့ ပြန်ဟောခွင့် ရမှာပါ” သာသာနာရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးစိုးမင်းထွန်းက ပြောသည်။

ဗဟိုသံဃာ့နယက၏ တရားဟောခွင့် အကန့်အသတ်မရှိပိတ်မှုကို “မိဘ ဆရာသမားစိတ် တကယ်ရှိရင် တပည့်သား မြေးတွေ တစ်ကြိမ်တစ်ခါမို့ မလိမ္မာတာလေးတွေ သည်းခံလိုက်ပါ။ ခွင့်လွှတ်လိုက်ပါ ဆိုပြီးတော့ အကာအကွယ်ပေးပြီးတော့ ပြောခဲ့တာမျိုး သံဃနာယကတွေမှာ နာယက ဂုဏ်ဆိုတဲ့ ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှုဆိုတဲ့ နာယ ကဂုဏ် ဒီကနေ့ရှိသလား၊ မိစိတ်၊ ဖစိတ်၊ ဆရာသမားစိတ် တကယ်ရှိသလား” ဟု ရွှေညဝါ ဆရာတော်က မေးခွန်းထုတ်သည်။

ဗဟိုသံဃာ့နယက၏ ထုတ်ပြန်မှုတွင် ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်သည့် တရားများ ဟောကြားသည်ဟု ထည့်သွင်း ဖော်ပြထားရာ “ပါဠိတော်တွေ မြတ်စွာဘုရားဟောခဲ့တဲ့ တရားတော်တွေကို မူရင်းအတိုင်း လတ်တလော အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ စကားပြောသလို ဟောသွားတာ။ အောက်ခြေ လူတန်းစာတွေ နားလည်နိုင်ဖို့ အများကြီး ဟောခဲ့ ပြောခဲ့တယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဖြစ်စဉ်တွေ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး အတုယူဖွယ်တွေ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သတ္တိတွေ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြင့်မြတ်တဲ့ စိတ်ထား ရိုးသားကြိုးစားမှုတွေနဲ့ သူ့ရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ စိတ်တွေကိုဟောတာ။ အဲဒါကို သဘောမကျတာ” ဟုလည်း ရွှေညဝါဆရာတော်က မိန့်ကြားသည်။

ရွှေညဝါဆရာတော်သည် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလကလည်း သီတင်းသုံးရာ ကြည့်မြင်တိုင်ကျောင်းတိုက်မှ ထွတ်ခွာ ရန်နှင့် တရားဟောခွင့် တစ်နှစ် ပိတ်ပင်ခံခဲ့ရသေးသည်။

ပင်ပန်းသမျှ ရွှင်လန်းသွားစေသော မော်တင်စွန်း ဘုရားပွဲ

ဆလိုင်းသန့်စင်

ကျနော့်မမ ပုသိမ်သူ၊ ချောပုံ ယဉ်ပုံလှပုံ တမူ၊ အများနဲ့မတူ အလှဘွဲ့ယူ…. အစချီပြီး “မော်တင်စွန်း ဘုရားပွဲ လိုက်ခဲ့ပါ ခေါ်သူ…” ဆိုသော စာသားများနှင့် ဖွဲ့သီထားသည့် အဆိုတော် သန်းထွန်းလေး ၏ မမပုသိမ်သူ သီချင်းကိုဖွင့်လျက် ပုသိမ်မြို့မှ ထွက်ခွာလာ သော နှစ်ထပ်ခွဲ သင်္ဘောကြီးက ငပုတောမြို့နယ်ရှိ မြစ်ကြောင်းအတွင်း၌ တရွေ့ရွေ့ ခုတ်မောင်းနေသည်။

သာသနာ့အလံငယ်လေးများ တလူလူလွှင့်ထူထားသည့် သင်္ဘောကြီးက ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း မြို့နယ်ခွဲတွင် တည်ရှိသည့် မော်တင်စွန်းဘုရားဆီသို့ ဦးတည် ခုတ်မောင်းနေခြင်းဖြစ်ပြီး သင်္ဘောပေါ်၌ အနယ်နယ်အရပ်ရပ်မှ လာရောက် ကြသည့် ဘုရားဖူးခရီးသည်များ လိုက်ပါလာခဲ့ကြသည်။

“ကျနော်တို့ မိသားစုက နှစ်တိုင်းမော်တင်ဘုရားပွဲကို လာဖြစ်တယ်။ ဒီနှစ်နဲ့ဆို ၄ နှစ်မြောက်ပေါ့။ မော်တင်စွန်းဘုရားပွဲက တနှစ် လာပြီးတာနဲ့ နှစ်တိုင်း ဘုရားပွဲအချိန်ရောက်ပြီဆိုတာနဲ့ မလာဘဲကို မနေနိုင်ဘူး”ဟု ရန်ကုန်မြို့မှ လာရောက်သည့် ကိုကျော်စည်သူက ပြောပြသည်။

မြန်မာပြည်၏ တန်ခိုးကြီးဘုရားတဆူဖြစ်ပြီး လူသိထင်ရှားသည့် မြတ်မော်တင်စွန်း ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်း လဆန်း ၁ ရက်နေ့(ဖေဖော်ဝါရီ ၁၈ ရက်)မှ တပေါင်းလပြည့်နေ့(မတ် ၄ ရက်)အထိ ၁၅ ရက် ကျင်းပခဲ့ရာမှ ယခုနှစ်တွင် တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့(ဖေဖော်ဝါရီ ၄ ရက်)မှ တပေါင်းလပြည့်နေ့(မတ် ၄ ရက်)အထိ ရက်ပေါင်း ၃၀ ကျင်းပခဲ့သည်။

ဘုရားပွဲတော် စတင်သည်နှင့် လျှပ်ပြေးရေယာဉ်များ၊ နှစ်ထပ်ခွဲ သင်္ဘောကြီးများဖြင့် ပုသိမ်မြို့ဆိပ်ကမ်းမှ ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ ခမောက်မော် ကျေးရွာအထိ တိုက်ရိုက်ပြေးဆွဲပေးသည်။ အိပ်စင်များ ပါဝင်ပြီး သန့်ရှင်းသပ်ရပ်စွာ မွမ်းမံ ပြင်ဆင်ထားသည့် သင်္ဘောကြီးများက ဘုရားဖူးခရီးသည်များအတွက် သွားလာရေး အဆင်ပြေစေသကဲ့သို့ လမ်းတလျှောက်၌လည်း မော်တင်စွန်းဘုရားပွဲအကြောင်း သီဆိုထားသည့် သီချင်းများ ဖွင့်ပေးထားသည့်အတွက် မော်တင်စွန်း ဘုရားဖူးခရီးစဉ်အတွင်း သင်္ဘောစီးရသည်က ပျော်ရွှင်ကြည်နူးဖွယ်ရာ ဖြစ်သည်။

ခမောက်မော် ကျေးရွာအနီးရှိ ပင်လယ်ကမ်းစပ်၌ သင်္ဘောများ ခရီးဆုံးအဖြစ် ဆိုက်ကပ်သည်နှင့် မော်တင်ဘုရားနှင့် ခမောက်မော် ရွာအကြား ပြေးဆွဲသည့်လိုင်းကားများက ဘုရားဖူး ခရီးသည်များကို သူ့ထက်ငါ အလုအယက် ခေါ်ယူကြသည်။ ခရီးသည်ပြည့် သည် နှင့် မောင်းထွက်ကြပြီး ရေကျချိန်ဆိုလျှင် သောင်ပြင်ကမ်းစပ် အတိုင်းမောင်းကာ၊ ရေတက်ချိန် ဆိုလျှင်တော့ ခမောက်မော်၊ ကံချိုင်စသည့် ရွာတွင်းလမ်းများမှ မောင်းလေ့ရှိကြသည်။

ရေကျချိန် သောင်ပြင်လမ်းအတိုင်း မောင်းသည့်အခါတွင် အခက်အခဲမဖြစ်သော်လည်း ရေတက်ချိန် ရွာတွင်းလမ်းများ အတိုင်း မောင်းသည့်အခါတွင် လမ်းပိုင်းနေရာ တော်တော်များများ ပျက်စီးနေပြီး လမ်းကြမ်းသည့်အတွက် ခမောက်မော် – မော်တင်လမ်း ၃ မိုင် ခရီးအား ဘုရားဖူးဧည့်သည်များ ခက်ခဲပင်ပန်းစွာ သွားလာနေသည်ကို တွေ့ရသည်။ လိုင်းကားမစီးလို၍ ဆိုင်ကယ် တက္ကစီဖြင့် သွားကြသူများလည်း ရှိသည်။ မော်တင်စွန်းဘုရားပွဲသို့ လာရောက်၍ ပြေးဆွဲသည့် လိုင်းကားအစီးပေါင်း ၁၈၀ ကျော်ရှိပြီး ဆိုင် ကယ် တက္ကစီအစီးရေ ၁၀၀၀ ကျော် ရှိကြောင်း သိရသည်။

“ဘုရားဖူး ဧည့်သည်တွေများတဲ့အချိန်၊ လူစည်ကားတဲ့အချိန်တွေမှာ ကားတွေ၊ ဆိုင်ကယ်တွေက မဆင်မခြင် မောင်းတော့ သေဆုံး ဒဏ်ရာရတာတွေ ရှိတယ်။ တချို့ကလည်း ကမ်းခြေမှာ ဆိုင်ကယ်မမောင်းတတ်တော့ မှောက်ကြတာတွေ ရှိတယ်။ ဒီနှစ်လည်း ယာဉ်တိုက်မှုဖြစ်တာ လူတယောက် သေသွားတယ်”ဟု လိုင်းကား စပယ်ယာတဦးက ပြောပြသည်။

ရပ်ဝေးမှ လာရောက်ကြသည့် ဘုရားဖူးဧည့်သည်များ ညအိပ်တည်းခိုရန် ဘုရားပွဲဈေးတန်း အတွင်း၌ တည်းခိုဆောင်များ အသီး သီး ဖွင့်လှစ်ထားပြီး လူစည်ကားရက်ဖြစ်သည့် တပေါင်းလဆန်း ၁၂၊ ၁၃၊ ၁၄ ရက်များတွင် အခန်းလွတ်ဟူ၍ မရှိသလောက်ဖြစ် အောင် ဘုရားဖူးဧည့်သည်များ လာရောက်ကြသည်။

အခန်းခ ဈေးနှုန်းများမှာလည်း အဆိုပါအချိန်တွင် ၂ ဆ၊ ၃ ဆ မြင့်တက်သွားလေ့ရှိသည်။

ဖုန်းလိုင်းမှာလည်း GSM၊ တယ်လီနော၊ အော်ရီဒူးမည်သည့်ဖုန်းမှ လိုင်းမမိချေ။ ၅ သိန်းတန်ဖုန်းဟု အလွယ်ခေါ်ကြသည့် ၀၉ ၄၉ ဖြင့်စသော CDMA 450 ဖုန်းများသာ လိုင်းမိသဖြင့် ဖုန်းဖြင့်၊ အင်တာနက်ဖြင့် အလုပ်လုပ်သူများ မော်တင်စွန်း ဘုရားပွဲရောက်ချိန် တွင် အခက်တွေ့ကြသည်။ လမ်းဘေးဖုန်း – PCO လည်း မရှိသဖြင့် ဘုရားဖူးဧည့်သည်များမှာ ဘုရားပွဲဈေးတန်းမှ ဈေးသည်တို့၏ ဖုန်းများကို ငှားရမ်၍ ပြောဆို ဆက်သွယ်ကြရသည်။

မော်တင်စွန်း ဘုရားပွဲသို့ လာရောက်သူအားလုံး ညည်းညူကြသည့် ကိစ္စကတော့ ရေချို မရရှိသည့် ပြဿနာဖြစ်သည်။ တည်းခိုဆောင်များကလည်း ညအိပ်ဖို့သာ တာဝန်ယူပြီး ရေချိုအသုံးပြုမှုအတွက် တည်းခိုသူက ရေ ၁ ဇလားလျှင် ၅၀၀ ကျပ်၊ မျက်နှာသစ်၊ ခြေလက်ဆေးလျှင် ၂၀၀ ကျပ်၊ သန့်စင်ခန်းအသုံးပြုလျှင် ၁၀၀ ကျပ် နှုန်းဖြင့် ငွေ သပ်သပ်ပေးရသည်။

ငပုတောမြို့နယ်အတွင်းမှ ဘုရားဖူးလာသည့် ဒေသခံများကတော့ ဖျာများ၊ စောင်များ ယူဆောင်လာကြပြီး ဘုရားရင်ပြင်တော်ပေါ်၌ အသီးသီး စုရုံးအိပ်စက်ကြသည်။ မော်တင်စွန်းသို့ ကားဖြင့်လာရောက်သူ တချို့ကလည်း ကမ်းခြေ သဲသောင်ပြင်ပေါ်၌ ကားထိုး ရပ်ကာ ကားပေါ်၌ပင်အိပ်စက်ကြသည်။

ဘုရားဖူးခရီးစဉ်အတွင်း အခက်အခဲများ၊ အဆင်မပြေမှုများ ရှိစေကာမူ မော်တင်စွန်းဘုရားကို ဖူးမြော်ပြီးနောက် ပင်ပန်းမှုများ၊ အခက်အခဲများ အားလုံး မေ့လျော့ပြေပျောက်သွားသည်ဟု ပဲခူးတိုင်း၊ နတ္တလင်းမြို့မှ ဘုရားဖူး လာရောက်သည့် ဒေါ်စိန်တင်က ပြောပြသည်။

“ဘုရားဖူးရတာ အဆင်မပြေမှုလေးတွေတော့ ရှိတာပေါ့နော်။ ဒါပေမယ့် ဘယ်လိုပဲ ခက်ခဲပင်ပန်းတာတွေ ရှိပေမယ့် ဘုရားကုန်း တော် ပေါ်တက်ပြီး ဝတ်ပြုပြီးတာနဲ့ မောသမျှ၊ ပင်ပန်းသမျှတွေ ပြေပျောက် သွားတယ်”ဟု သူက ဆိုသည်။

မော်တင်စွန်းဘုရားမှာ ပင်လယ်ကမ်းခြေအနီးရှိ တောင်အစွန်း ကုန်းမြင့်ပေါ်တွင် တည်ထားခြင်းဖြစ်ပြီး ရှေးအခါက ယင်းကုန်း တော် ကို သရန တောင်ဟုခေါ်ဆိုကြောင်း ဘုရားသမိုင်းမှတ်တမ်းများအရ သိရသည်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်တွင် တပုဿနှင့် ဘလိက္ကကုန်သည်ညီနောင် ၂ ဦးမှာ မဇ္ဈိမဒေသ (အိန္ဒိယနိုင်ငံ) သို့ ဆန်များ ကူးသန်းရောင်းဝယ်ရန် ရောက်ရှိခဲ့ပြီး ဘုရားအဖြစ်သို့ ရောက်တော်မူသည့် ဂေါတမမြတ်ဗုဒ္ဓကို ပထမဦးဆုံး ဖူးတွေ့ခွင့်ရရှိခဲ့သည်။

ဗုဒ္ဓဘုရားရှင်အား ဖူးတွေ့ရစဉ် နောက်နောင်တွင် ဘုရားရှင်ကိုယ်စား အလေးအမြတ်ထား ကိုးကွယ်ရန် ပေးသနားတော် မူပါဟု တောင်းခံခဲ့ရာ မြတ်ဗုဒ္ဓက ကုန်သည်ညီနောင်အား ဆံတော် ၈ ဆူ ပေးသနားတော် မူခဲ့ပြီး ယင်းဆံတော်များအား လှေဖြင့်တင် ဆောင် ၍ ရွက်လွှင့်လာခဲ့ရာ ကုသိမနဂရ (ခေါ်) ပုသိမ်ဒေသ တောင်ဘက်ပိုင်း နဂရာဇ်မှော် (ခေါ်) မော်တင်စွန်း အငူသို့ ရောက်ရှိကာ ညအိပ်ရပ်နားစဉ် နဂါးတို့၏ဘုရင် ဇေယျသေန နဂါးမင်းက လူအသွင်ဖန်ဆင်း၍ ဆံတော် ၂ ဆူကို ခိုးယူပင့်ဆောင် ထားခဲ့ သည်။

ဇေယျသေန နဂါးမင်းက ယင်းဆံတော်များကို သရနတောင် (ခေါ်) မော်တင်စွန်းအငူ၌ ဌာပနာ၍ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်နေတွင် ဘုရားစေတီအဖြစ် တည်ထားကိုးကွယ်ခဲ့သည်ဟု ဘုရားသမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။ နောက် နောင်တွင် သီရိဓမ္မာသောကမင်း၊ အလောင်းစည်သူမင်းတို့က ဘုရားဒါယကာအဖြစ် ခံယူပြီး ပြုပြင် တည်ဆောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဘုရားသမိုင်းတွင် ဖော်ပြပါရှိသည်။

“မော်တင်စွန်းဘုရားရဲ့ ထူးခြားချက်ကတော့ ဆွမ်းကိုဦးအောင် မကပ်နိုင်ဘူး။ မနက် ၄ နာရီ ဘုရားကို ဆွမ်းကပ်မယ် ပြင်ထားရင် ဆွမ်းပွဲတခုခုက ဘုရားမှာ ကပ်ပြီးသား ဖြစ်နေပြီ။ ဘုရားဖူး ဘယ်လောက်များများ ဘုရားရင်ပြင်တော်က ပြည့်သွားတယ်လို့ မရှိဘူး။ ဘာမုန်တိုင်း တိုက်ပါစေ ဘုရားကို ထိခိုက်တယ် မရှိဘူး။ နာဂစ် မုန်တိုင်း တိုက်တုန်းကတောင် ဘုရားမှာ ကြီးကြီးမားမား ပျက်စီးတာ မရှိခဲ့ဘူး”ဟု ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ငွေက ပြောပြသည်။

နှစ်စဉ် မြန်မာပြည်အနှံ့အပြားမှ ဘုရားဖူး ဧည့်သည်ပေါင်း ၁ သိန်းကျော် လာရောက်လည်ပတ်လေ့ ရှိပြီး ဘုရားသို့ လှူဒါန်းငွေမှာ နှစ်စဉ် ကျပ်သိန်း ၁၀၀ ကျော် ရှိကြောင်း သိရသည်။

နဂါးမင်းတည်သော ဘုရားဟု အစွဲပြုခေါ်ဆိုကြသည့်နည်းတူ နှစ်စဉ် ဘုရားပွဲတော်ကျင်းပသည့် တပေါင်းလတွင် နဂါးများ လာရောက်ဖူးမြော်ကြသည်ဟု ဒေသခံများက အစဉ်အဆက် ယုံကြည်ခဲ့ကြသည်။ နတ်နဂါးတို့အပေါ် ယုံကြည်မှုရှိသူ ဘုရားဖူး ဧည့်သည်များကလည်း မော်တင်စွန်းဘုရားဖူးမြော်ပြီးနောက် ဖောင်တော်ဆိပ် စေတီတော်အနီး၌ နဂါးစာကျွေး၍ အလိုရှိရာဆုများ တောင်းနေကြသည်ကို တွေ့ရသည်။

ငှက်ပျောတုံးလေးများကို ဖောင်သဖွယ်ပြုလုပ်၍ ဖောင်ပေါ်တွင် ထီး၊ တံခွန်၊ အောင်သပြေပန်း၊ သာသနာ့အလံ၊ နွားနို့အိုးနှင့် တခြား လိုအပ်သောပစ္စည်းများ တင်ဆောင်ကာ ပင်လယ်အတွင်းသို့ မျှောပြီး နဂါးစာကျွေးကြခြင်း ဖြစ်သည်။

“လှူဒါန်းတဲ့လူတွေက နဂါးမင်းကို အစာကျွေးပြီး လိုရာဆုတောင်းကြတာပေါ့။ ကျနော်တို့ကတော့ လိုအပ်တာတွေ ကူညီပေးပါတယ်။ နဂါးမင်းကို ပင့်ဖိတ်ပေးတယ်။ ဝိုင်းဝန်း ဆုတောင်းပေးတယ်။ နဂါးစာ ကျွေးခြင်းအားဖြင့် ဇေယျသေန နဂါးမင်းက သူတို့အပေါ် စောင့်ရှောက်တယ်၊ ဝိုင်းဝန်းကူညီပေးတယ်လို့ ယုံကြည်ကြတယ်လေ”ဟု မော်တင်စွန်း ဘုရားပွဲတွင် နဂါးစာကျွေးသည့် ဖောင်များ ပြုလုပ်ရောင်းချသည့် ကိုဇော်ထိုက်က ပြောပြသည်။

ဘုရားဖူး ဧည့်သည်များထဲတွင် လူကြီးပိုင်းက နဂါးစာကျွေးနေချိုန်တွင် လူငယ်များက အလောင်းစည်သူမင်း တည်ထားခဲ့သည့် ဖောင်တော်ဆိပ်စေတီတော် ပတ်ပတ်လည်ရှိ တမျှော်တခေါ် သန္တာကျောက်တန်းများပေါ် လျှောက်သွားရင်း အလှဓာတ်ပုံ ရိုက်သူ ရိုက်၊ ပင်လယ်ရေလှိုင်း ရှုခင်းများ ကြည့်သူကြည့်နှင့် ပျော်ရွှင်နေကြသည်။

မော်တင်စွန်း ဘုရားအနီးတဝိုက်၌ ကုသိုလ်ယူစရာ၊ လေ့လာစရာများ လုပ်ဆောင် ပြီးသွားချိန်တွင် ဘုရားဖူး ဧည့်သည်များမှာ မော်တင်မှ ၇ မိုင်ခန့်ဝေးသည့် ငွေတောင်ရွာအနီးမှ ကမ်းခြေသို့ သွားရောက်ပြီး ပင်လယ်ရေကူးရင်း စိတ်လက် အပန်းဖြေကြသည်။

ပင်လယ်ရေကြည်၍ သောင်ပြင်လည်း ကျယ်ဝန်းသည့် ငွေတောင်ကမ်းခြေက ချောင်းသာနှင့် ခပ်ဆင်ဆင် တူသည်။ ငွေတောင်တွင် ဟိုတယ်တခုသာရှိပြီး ဘုရားဖူး ခရီးသည်အများစုကတော့ သောင်ပြင်ပေါ်တွင် ဖွင့်လှစ်ထားသည့် ရေချိုချိုးသော အခန်းများတွင် ပစ္စည်းများအပ်ကာ ပင်လယ်ရေကူးလိုက်၊ အုန်းစိမ်းရည် သောက်လိုက်ဖြင့် ပင်ပန်းသမျှကို ဖြေဖျောက်ကြသည်။

“ရေကူးရတာ အရမ်း ပျော်ဖို့ကောင်းပါတယ်။ ချောင်းသာရောက်နေသလို ခံစားရတယ်။ မော်တင်စွန်းလာတာက ဘုရားလည်း ဖူးရတယ်၊ ရေလည်းကူးရတယ်။ ကုသိုလ်လည်းရ၊ ပျော်လည်းပျော်ရတာပေါ့။ ဒီနှစ်မှ ကျနော်လည်း ရောက်ဖူးတာ။ အရမ်းပျော်ဖို့ကောင်းတော့ နောင်နှစ်တွေလည်း လာဦးမှာပါ”ဟု ရန်ကုန်မြို့မှ လာရောက် လည်ပတ်သည့် ကိုအောင်ဌေးက ပြောပြသည်။

ဘုရားဖူး ဧည့်သည်များက ပျော်နေကြသော်လည်း ယခုနှစ် မော်တင်စွန်းဘုရားပွဲတော်တွင် ဈေးလာရောင်းကြသည့် ဈေးသည်များ၊ ခမောက်မှော် – မော်တင်ပြေးဆွဲသည့် လိုင်းကားသမားများနှင့် ဆိုင်ကယ်တက္ကစီသမားများက မပျော်နိုင်ကြ။

“ဘုရားပွဲက ရက် ၃၀ ဆိုတော့ စရိတ်ထောင်းတယ်လေ။ အစောပိုင်းရက်တွေက လူမလာကြဘူး။ ဘုရားပွဲတလ ကျင်းပတာကို မသိကြတာရယ်၊ ကလေးတွေစာမေးပွဲတွေနဲ့ တိုက်နေလို့လည်း ဖြစ်မှာပေါ့နော်။ လူမစည်တော့ ဈေးမရောင်းရတဲ့ အခါကျတော့ ဒီမှာက ရေဖိုးနဲ့ စားစရိတ်က နေ့တိုင်းကုန်တယ်။ အဲဒီတော့ ဒီနှစ်က စာရင်း ပြန်ချုပ် လိုက်ရင် မမြတ်တဲ့အပြင် အရှုံးတောင် ပြ တယ်”ဟု ချောင်းသာရွာမှ မော်တင်ဘုရားပွဲသို့ မုန့်ဟင်းခါး၊ ခေါက်ဆွဲ လာရောင်းသည့် ဈေးသည်အမျိုးသမီးတဦးက ပြောသည်။

အရှုံးပေါ်သော်လည်း မော်တင် ဘုရားပွဲရာသီရောက်တိုင်း မလာဘဲမနေနိုင်သဖြင့် လာမည့်နှစ်ဘုရားပွဲချိန်တွင် လာရောက် ဈေးရောင်းဦးမည်သာ ဖြစ်ကြောင်း သူက ဆိုသည်။

ရှုံးသည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ မော်တင်စွန်းဘုရားပွဲက ထောင်သောင်းချီသည့် ဧရာဝတီတိုင်းသားများ အတွက် ကုသိုလ်လည်း ရ၊ ဝမ်းလည်းဝသည့် စီးပွားရေးလုပ်ငန်းများကို နှစ်စဉ် ဖော်ထုတ် ဖန်တီးပေးခဲ့သည်သာ ဖြစ်သည်။

တပေါင်းလပြည့်နေ့ဖြစ်သည့် မတ်လ ၄ ရက်နေ့တွင် မော်တင်စွန်း ဘုရားပွဲ ပြီးဆုံးသွားခဲ့ပြီးနောက် ၃ ရက် အကြာတွင် ဘုရားပွဲကျင်းပခဲ့သည့် သောင်ခုံပေါ်သို့ ပင်လယ်ရေများတက်လာခဲ့ပြီး လူတို့စွန့်ပစ်ခဲ့သည့် အမှိုက်သရိုက်များကို ရေလှိုင်းများက ပင်လယ်ထဲ သို့ ဆွဲယူသွားခဲ့ကြသည်။

ဤသည်က နဂါးတို့က ရေလှိုင်းများဖန်တီး၍ သန့်ရှင်းရေးလုပ်ရင်း ကုသိုလ်ယူခြင်းဖြစ်သည်ဟု ဒေသခံများက ယုံကြည်နေ ကြ သည်။ သိပ္ပံနည်းကျကျ အဖြေကိုသာ ဖော်ထုတ်လက်ခံလိုသူများ အတွက်တော့ ဤကိစ္စက ရယ်မောစရာ တခုလိုသာ ဖြစ်နေပေ လိမ့်မည်။

မည်သို့ဆိုစေ မြန်မာပြည် အနောက်တောင်ဘက်စွန်းရှိ မော်တင်စွန်းဘုရားပွဲကတော့ ဒဏ္ဍာရီဆန်သည့် ယုံကြည် သက်ဝင်မှုများ၊ လှပဆန်းကြယ်မှုများ၊ ပျော်ရွှင်လှိုက်မောဖွယ်ရာများဖြင့် မြန်မာပြည်သားတို့အား နှစ်စဉ် ဆွဲဆောင်နေပါ လိမ့်ဦးမည်။ ။

ရွေးကောက်ပွဲဝန်ထမ်းတွေ ဘက်လိုက်မှုရှိရင် ရာထူးထုတ်ပယ် အရေးယူမည်


အထူးစီးပွားရေး ဇုန်စီမံကိန်းများကြောင့် နိုင်ငံတကာ အထည်ချုပ်လုပ်ငန်း ရင်းနှီးမြုပ်နှံမှုများ ဆက်လက်အားကောင်းမည်

နိုင်နိုင်ဇော်

အထူးစီးပွားရေးဇုန် စီမံကိန်းများနှင့် အထူးအခွန်ကင်းလွတ်ခွင့်များကြောင့် လာမည်နှစ်အတွင်း နိုင်ငံတကာ အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်က ပြောသည်။

မတ်လ ၃၀ ရက် Green Hill ဟိုတယ်၌ ပြုလုပ်သည့် အာရှချည်မျှင်နှင့် အထည်လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စကားဝိုင်းဆွေးနွေးပွဲတွင်မီဒီယာများအား ပြည်ထောင်စုဝန်ကြီးက ပြောဆိုခြင်းဖြစ်သည်။

“အထူးစီးပွားရေးဇုန်တွေ အကောင်ထည်ဖော်သလို အီးယူရဲ့စီးပွားရေး အထူးအခွန်ကင်းလွတ်ခွင့် (GSP) လည်း ရထားတော့နိုင်ငံတကာ အထည်ချုပ်တွေ လာရင်းနှီးဖို့ စိတ်ဝင်စားနေတယ်၊ ၂၀၁၄ နှစ်ကုန်ဆိုရင် ထိုင်းကို အီး ယူကပေးတဲ့ GSP သက်တမ်းကုန်ပြီဆိုတော့ သူနိုင်ငံမှာရင်းနှီးနေတဲ့ လုပ်ငန်းတွေ ကျွန်တော်တို့နိုင်ငံကို ရောက်လာတော့မှာပါ” ဟု ၎င်းက ပြောသည်။

လက်ရှိ အထူးစီးပွားရေးဇုန်များ၏ ကနဦးရင်းနှီးမြုပ်နှံမှုတွင် ဟောင်ကောင် အထည်ချုပ်လုပ်ငန်းများ ဆက်တိုက် ဝင်ရောက်နေပြီဟုလည်း ဝန်ကြီးက ထပ်မံပြောဆိုသည်။

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်စာရင်းများနှင့် အထည်ချုပ်လုပ်ငန်းရှင် အသင်းပြောဆိုမှုအရ ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်းအထည်ချုပ်ရင်းနှီးမြုပ်နှံမှုတွင် နိုင်ငံခြားသားများ၏ ဝင်ရောက်လုပ်ကိုင်မှုမှာ ၉၀ ရာခိုင်နှုန်း အထိမြင့်တက်နေခြင်း ဖြစ်သည်။

နိုင်ငံတွင်းလူဦးရေ၏ ထက်ဝက်နီးပါးမှာ အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်များဖြစ်နေခြင်းကြောင့် မြန်မာ့ အထည်ချုပ်လုပ်ငန်း တိုးတက်ရေး အားသာချက်တစ်ခုဖြစ်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မြန်မာ့ အထည်ချုပ် လုပ်ငန်းအတွင် ၀င်ရောက်လုပ်ကိုင်သည့် နိုင်ငံများတွင် ဟောင်ကောင်၊ တောင်ကိုရီးယား၊ စင်ကာပူနိုင်ငံတို့မှ အထည်ချုပ်လုပ်ငန်းများ ဆက်တိုက်ဝင်ရောက်နေသည်ဟု အထည်ချုပ်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးကပြောသည်။

အလုပ်ရှင်အလုပ်သမား ပြဿနာများပြေလည်သွားပါက မြန်မာ့ အထည်ချုပ်လုပ်ငန်း ပိုမိုတိုးတက်လာမည်ဟုလည်း ယင်းတာဝန်ရှိသူများက ပြောဆိုသည်။