ထက်ထက်အောင်
ပညာရေးဥပဒေကို ကန့်ကွက်လှုပ်ရှားခဲ့သည့် မြင်းခြံ နည်းပညာတက္ကသိုလ်မှ ကျောင်းသား ၁၀ဦးကို ပုဒ်မ ၁၈ထုဖြင့် မြင်းခြံအမှတ် (၁)ရဲစခန်းက အမှုဖွင့်ထားပြီး ဧပြီ ၂ရက်တွင် စခန်းမှ ဆင့်ခေါ်ထားသော်လည်း သွားရောက်တွေ့မည်မဟုတ်ဟု မြင်းခြံကျောင်းသားလှုပ်ရှားမှုအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုဟန်ဖြိုးဝေက ဧပြီ ၁ရက်တွင် မဇ္ဈိမကို ပြောသည်။
ကိုဟန်ဖြိုးဝေက "ကျွန်တော်တို့ကို မနက်ဖြန်လာတွေ့ဖို့ စာပေးထားတယ်။ သွားမတွေ့ဘူးလို့ ဆုံးဖြတ်ချက်လိုက်ကြပါပြီ။အရေးယူမယ်ဆိုရင်လည်း အရေးယူပါစေ။ အာမခံဖို့သွားပြီး လက်မှတ်ထိုးမှာ မဟုတ်ပါဘူး”ဟုဆိုသည်။
ကျောင်းသားများက ၎င်းတို့အား ပုဒ်မ ၁၈ဖြင့် အရေးယူမှုအပေါ် အသိအမှတ်မပြုသည့်အတွက် ရဲစခန်းကို မသွားခြင်းဖြစ်သည်။ ကျောင်းသားများအား ယင်းသို့ ပုဒ်မတပ်ထားခြင်းကို တာဝန်ရှိသူများက အသိပေးခဲ့ခြင်း မရှိဘဲ စာမေးပွဲ နောက်ဆုံးနေ့ အရောက်မှသာ အခန်းစောင့် ဆရာမကတစ်ဆင့် အကြားကြားစာပါသည့် စာအိတ်ကို လာရောက်ပေးခြင်းသာ ရှိသည်ဟုလည်း ကျောင်းသားများက ဆိုသည်။
မြင်းခြံအမှတ်(၁)ရဲစခန်းမှ စခန်းမှူး မြင့်နိုင်က "ပညာရေးဥပဒေနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုလုပ်ခဲ့တဲ့ ဂျီတီစီ ကျောင်းသား ၁၀ဦးကို ပုဒ်မ၁၈အတွက် စာမေးပွဲဖြေပြီးရင် လာခဲ့ပါ အာမခံပေးပါ့မယ်လို့ကျောင်းအုပ်နဲ့ပြောထားတယ်။ ကျောင်းအုပ်ကလည်း လက်ခံတယ်" ဟုဆိုသည်။
မြင်းခြံနည်းပညာတက္ကသိုလ်မှ ကျောင်းသား ၁၀ဦးသည် လက်ပံတန်းကျောင်းသားသပိတ် ပိတ်ဆို့ခံရမှုအတွက် ကန့်ကွက်ကြောင်း မြင်းခြံမြို့တွင် မတ် ၃ရက်က ဆန္ဒဖော်ထုတ်ခဲ့ပြီး မတ် ၁၀ရက်ကလည်း ပင်မကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှုတို့အတွက် ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့် ပုဒ်မ ၁၈ဖြင့် အမှုဖွင့်ခံရခြင်းဖြစ်သည်။
No comments:
Post a Comment