Wednesday, August 19, 2015

ရှမ်းတိုင်းရင်းသားပါတီများ၏ အဓိကပြိုင်ဘက် မှာပြည်ခိုင်ဖြိုးသာဖြစ်

ဇော်ခမ်းဟိန်း

၂၀၁၅ ရွှေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ရှမ်းပါတီကြီးနှစ်ခု အနေနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှလွဲ၍ ကျန်နယ်မြေများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား စိုးရိမ်စရာမရှိဟု ဆိုသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်-(ကျားခေါင်း) က လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၅၈ ဦး စာရင်းပေးသွင်းထားပြီး လားရှိုးမြို့ပေါ်တွင် ပြည်ခိုင်ဖြိုးနှင့် NLD အားယှဉ်ပြိုင် ရမည်ဖြစ်သော်လည်း ကျန်မဲဆန္ဒနယ်များတွင် NLD အား စိုးရိမ်စရာမရှိဟု ၄င်းပါတီပြန်ကြားရေး ဦးစိုင်းလိတ်ကပြောသည်။

''လားရှိုးမှာတော့ ပြည်ခိုင်ဖြိုးနဲ့ NLD ပေါ့။ ကျန်နယ်တွေမှာ NLD ကို ရင်ခုန်စရာ မရှိပါဘူး။'' ဟု ၄င်းကဆိုသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ကလည်း စုစုပေါင်း ကိုယ်စားလှယ် ၂၁၀ ဦး ယှဉ်ပြိုင်မည်ဖြစ်ပြီး မဲဆန္ဒနယ်အများစုမှာ ပြည်ခိုင်ဖြိုးနှင့်သာ အဓိကယှဉ်ပြိုင်ရမှာဖြစ်ပြီး NLD နှင့် အဓိကပြိုင်ရမည်မဟုတ်ဟု ပါတီပြန်ကြားရေး ဦးစိုင်းမောင်တင့်က မဇ္ဈိမသို့ ပြောသည်။

တချို့မဲဆန္ဒနယ်များတွင်မူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) နှင့်ယှဉ်ပြိုင်ရမည် ဟု ဆိုသည်။

ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီမှာ ရှမ်း/မြောက်တွင် စုစုပေါင်း ၆ ဦးဝင်ပြိုင်မည်ဖြစ်ကာ ယင်းပါတီသည် ပြည်ခိုင်ဖြိုးပါတီနှင့် နီးစပ်သည်ဟု လားရှိုးမြို့မှ သုံးသပ်မှုများရှိနေသည်။

No comments: