Wednesday, August 19, 2015

MNA လေကြောင်းလိုင်း စင်္ကာပူသို့ စတင် ပြေးဆွဲ

မေစိုးစံ

Myanmar National Airlines(MNA) လေကြောင်းလိုင်းက ပထမဆုံး ရန်ကုန်-စင်္ကာပူ ခရီးစဉ်သစ်ကို သြဂုတ်လ ၁၇ ရက်တွင် စတင် ပျံသန်း ပြေးဆွဲ ကြောင်း သိရသည်။

“Boeing 737-800NG လေယာဉ်သစ်နဲ့အတူ ရန်ကုန်နဲ့ ဒေသတွင်း သွားရောက်လည်ပတ်မှု အများဆုံးဖြစ်တဲ့ စင်္ကာပူနိုင်ငံကို ပျံသန်း ပြီး လေယာဉ်တွင်း အဆင့်မြင့် ၀န်ဆောင်မှုတွေ ပေးသွားမယ်”ဟု MNA လေကြောင်းလိုင်း၏ အမှုဆောင် အရာရှိချုပ် ကပ္ပတိန် ဦးသန်းထွန်းက သြဂုတ် ၁၇ ရက် သတင်းထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ယင်း ရန်ကုန်-စင်္ကာပူ ခရီးစဉ်သစ် ဖွင့်ပွဲကိုလည်း သြဂုတ် ၁၇ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်၌ MNA လေကြောင်းလိုင်းက လက်မှတ်ဈေးနှုန်းများမှာ စင်္ကာပူ-ရန်ကုန်-စင်္ကာပူ အသွားအပြန် ခရီးစဉ် အတွက် စင်္ကာပူဒေါ်လာ ၂၈၉ (အမေရိကန် ဒေါ်လာ ၂၀၅.၄၃ ခန့်)၊ ရန်ကုန်-စင်္ကာပူ-ရန်ကုန် အသွားအပြန် ခရီးစဉ်အတွက် အမေရိကန် ဒေါ်လာ ၂၃၉ ဒေါ်လာ သတ်မှတ်၍ အထူး ဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ပါရှိသည်။

MNA လေကြောင်းလိုင်းသည် အစိုးရပိုင် လေကြောင်းလိုင်း ဖြစ်ပြီး ၁၉၄၈ ခုနှစ်က စတင်၍ Union of Burma Airways အမည်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၈၉ ခုနှစ်တွင် Myanmar Airways အမည်သို့ ပြောင်းလဲ ပျံသန်းခဲ့ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် MNA အမည်သို့ ပြောင်းလဲ၍ ပြည်တွင်းစတင် ပျံသန်း ပြေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းလေကြောင်းလိုင်းသည် သက်တမ်း ၆၇ နှစ်ကျော် ရှိကြောင်း သိရသည်။

MNA သည် နှစ်ပေါင်း ၂၂ နှစ် အတွင်း ပထမဆုံး နိုင်ငံတကာ ခရီးစဉ်အဖြစ် စင်္ကာပူသို့ စတင် ပျံသန်းပြေးဆွဲခြင်း ဖြစ်ပြီး မြန်မာ အစိုးရ၏ ဦးဆောင်မှုမှ ပထမဆုံး Corporatize (လွတ်လပ်သည့် စီးပွားရေးလုပ်ငန်း) အသွင်သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည့် လေကြောင်းလိုင်း တခု ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

MNA အနေဖြင့် မြန်မာပြည်တွင်း လေယဉ်ခရီးစဉ်များအဖြစ် မြို့ကြီး ၂၆ မြို့သို့ ချိတ်ဆက်ပျံသန်းလျက် ရှိကြောင်းနှင့် တိုးချဲ့လိုက် သည့် နိုင်ငံတကာ ခရီးစဉ်ကွန်ရက်ကို လာမည့် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် အာရှပစိဖိတ် ဒေသတွင်း မြို့ကြီး ၄ မြို့သို့ ထပ်မံပျံသန်း ပြေးဆွဲမည်ဟု သိရသည်။

MNA လေကြောင်းလိုင်းသည် နိုင်ငံတကာ ခရီးစဉ်များ ပျံသန်းပြေးဆွဲရန် အမေရိကန် ထိပ်တန်း ကုမ္ပဏီကြီး General Electric ၏ လုပ်ငန်းခွဲ တခုဖြစ်သည့် General Electric Capital Aviation Services (GECAS) ထံမှ ဆီယက်တဲလ်မြို့ ဘိုရင်း လေယာဉ် စက်ရုံထုတ် ဘိုရင်း 737 ခရီးသည်တင် လေယာဉ်တစီးကို ပြီးခဲ့သည့် ဇွန်လပိုင်းက လွှဲပြောင်းရယူခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

No comments: