Tuesday, December 29, 2015

ကြက်ခြေနီအသင်းအလှူငွေ ကျပ်သန်း ၁၃၀၀ ကျော်သုံးစွဲမှုကိုတင်ပြ

ဇော်ခမ်းဟိန်း

၂၀၁၅ ခုနှစ် ဇွန်၊ ဇူလိုင်လ အတွင်း မြန်မာနိုင်ငံအနှံ့ ရေကြီးနှစ်မြှုပ် စဉ်က လက်ခံရရှိခဲ့သောအလှူငွေ ကျပ်သန်း ၁၃၀၀ ကျော်သုံးစွဲမှုကို မြန်မာနိုင်ငံကြက်ခြေနီအသင်း က ဒီဇင်ဘာ ၂၃ ရက်နေ့ ရန်ကုန်မြို့၊ ဆန်းမစ်ပါ့တ်ဗျူးဟိုတယ်၌ သတင်းမီဒီယာများ၊ အလှူရှင်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။

"အလှူငွေရရှိထားတာ ဒေါ်လာတစ်သန်းပေါ့၊ မြန်မာငွေနဲ့ဆို ကျပ်သန်းပေါင်း ၁၃၀၀ ကျော်တယ်။ အဲ့ဒါဘယ်နေရာမှာပြန်သုံးမယ်ဆိုတာရှင်းပြမှာ '' ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း အရင်းအမြစ်များစုစည်းအသုံးချရေးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုကျော်က မဇ္ဈိမသို့ပြောသည်။ ရေကြီးနစ်မြှပ်ခဲ့သောကြောင့် လူဦးရေ တစ်သန်းကျော်၊ အိမ်ထောင်စု တစ်သိန်းကိုးသောင်းကျော် ထိခိုက်ခဲ့ရကာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ကူညီကယ်ဆယ်ပေးခဲ့ရာတွင် ရေဘေးဒုက္ခရောက် စဉ်တုန့်ပြန်မှု၊ ပြန်လည်ထူထောင်ရေးကာလ၊ မည်သည့်အတိုင်းအတာထိဆောင်ရွက်နေသည်ဆိုသည့် အပိုင်း သုံးပိုင်းကို စီမံကိန်းမန်နေဂျာ ဒေါ်အေးအေးသန်းက ရှင်းပြသည်။

''ဒီဇင်ဘာလလယ်ထိ အလှူငွေလက်ခံရရှိတာက (၁,၃၁၉,၃၉၈,၉၅၇) ကျပ်၊ လက်ရှိသုံးစွဲပြီးတာက (၁၃၅,၀၇၄,၄၇၉) ကျပ်နဲ့ ကျန်ရှိငွေအပေါ်ခန့်မှန်းသုံးစွဲမည့်ရံပုံငွေ (၁,၀၂၁,၇၄၄,၄၇၉) ကျပ်ဖြစ်ပြီး မမျှော်မှန်းနိုင်သော အသုံးစရိတ်ချန်ထားတာက (၁၈၉,၆၇၄,၄၇၈) ဖြစ်ပါတယ်။ မမျှော်မှန်းနိုင်သော ဆိုတာ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာဈေးတက်ကောင်းတက်နိုင်မယ်။ နောက်ပိုင်းလုပ်မယ့်ကိစ္စတွေ မှာဈေးနှုန်းတွက်ချက်တာတွေလုပ်ရအုံးမှာပါ။'' ဟု ၎င်းက ပြောသည်။

အလှူရှင်များ၏ လှူဒါန်းငွေများထဲမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းက လစာလုံးဝ ယူဆောင်ခြင်းမရှိ ဘဲ ရေဘေးဒုက္ခသည်များအတွက်သာ အသုံးချခဲ့သည်ဟု ဒေါ်အေးအေးသန်းက ဆက်လက်ပြော ကြားသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရေကြီးနစ်မြှပ်မှုဒဏ်ခံစားခဲ့ရသော ဧရာဝတီတိုင်းအတွင်း ဟင်္သာတ နှင့် ကျောင်းကုန်း၊ မကွေးတိုင်းအတွင်း ပွင့်ဖြူနှင့် စေတုတ္တရာတို့၌အဓိကလှူဒါန်းခဲ့သည်ဟု သိရသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာသာလှရွှေက ''ကျန်ရှိနေတဲ့အလှူငွေများကို ကျွန်တော်တို့ဆီမှာ အဆိုပြုထားတဲ့ ပန်းတနော်၊ သာပေါင်း၊ လေးမျက်နှာ၊ ဟင်္သာတစတဲ့ ဒေသတွေ မှာဆက်လက်လှူဒါန်းသွားမှာပါ။'' ဟုပြောကြားသည်။

စာသင်ကျောင်း၊ ခုံနှင့် စားပွဲ၊ ရေလောင်းအိမ်သာ၊ ကစားကွင်း ထောက်ပံ့ပစ္စည်း၊ ဆေးခန်း၊ ရေလှောင် ကန်၊ ကျေးရွာချင်းဆက်တံတားနှင့် ဘုန်းကြီးကျောင်းပြုပြင်ရန်တို့ ထပ်မံလိုအပ်လျှက်ရှိသည်ဟု ၎င်းကဆိုသည်။ တက်ရောက်လာသည့်အလှူရှင်တစ်ဦးက မြန်မာနိုင်ငံကြက်ခြေနီအသင်း စီစဉ်ဆောင်ရွက်နေသည် များမှာစနစ်ကျပြီး လှူဒါန်းရသည်မှာ အားရပါကြောင်း၊ တိုင်းဒေသကြီးများသာ လှူဒါန်းမနေဘဲ ရေကြီးနစ်မြှပ်ဒဏ်ခံရသည့် အခြားပြည်နယ်များကိုလည်း လှူဒါန်းသင့်ကြောင်း အကြံပြုခဲ့သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ယခုပြုလုပ်နေသော အကူအညီပေးရေးစီမံချက်ကာလမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၁၆ခုနှစ်မတ်လတွင်ပြီးဆုံးမည်ဖြစ်သည်။

No comments: