Tuesday, December 29, 2015

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ဂိတ် ပြန်ဖွင့်ပြီ

ဦးလွင်

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလီတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်တံတား အမှတ်(၁) တွင် လိပ်ကျွန်းလူသတ်မှုအရေး မြန်မာနှစ်ဦးကို သေဒဏ်ချမှတ်သည့်အပေါ် မကျေနပ်၍ ဒီဇင်ဘာ ၂၆ရက် နံနက်က ဆန္ဒထုတ်ဖော်မှုကြောင့် ယင်းနယ်စပ်ဂိတ်ကို တစ်နာရီကျော်ကြာ ပိတ်ခဲ့ရသည်ဟု တာချီလိတ် မြို့မရဲစခန်းက တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

“ဟိုဘက်ကလည်း အေးဆေးပါပဲ၊ ပြန်ဖွင့်ပါပြီ။ ဆန္ဒပြတဲ့အချိန်မှာ လူသွားလူလာ အခက်အခဲဖြစ်မှာကြောင့်မို့ ခဏရပ် လိုက်တာ၊ ဆန္ဒပြတဲ့အချိန်ကျတော့ လူဝင်၊ လူထွက် ယာဉ်ဝင်ယာဉ်ထွက်လုပ်လို့မရဘူး။ အဲ့တွက်ကြောင့် တံခါးကို ယာယီ ခဏပိတ်လိုက်တာပါ “ ဟု မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

မြန်မာအလုပ်သမား လူငယ်နှစ်ဦးကို ထိုင်းနိုင်ငံ ကော့စမွီတရားရုံးက ဒီဇင်ဘာ ၂၄ရက်က သေဒဏ်ချ မှတ်မှုကြောင့် ဒေသခံများက ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ဆန္ဒဖော်ထုတ်မှုကို ဒီဇင်ဘာ ၂၆ရက် နံနက် ၉နာရီအချိန်တွင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌လူစု၍ (၉)နာရီခွဲအချိန်တွင် ရှမ်းရိုးမကွင်းမှ စတင်ထွက်ခွာခဲ့ပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်တံတား အမှတ်(၁) သွားရောက်၍ ငြိမ်းချမ်းစွာ ၎င်းတို့၏ ဆန္ဒကို ထုတ်ဖော်ခဲ့ကြောင်း မြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆန္ဒဖော်ထုတ်မှုကို တရားဝင်ခွင့်ပြုမိန့်တင်ပြီး ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်းနှင့် အင်အားငါးထောင်ခန့်ဖြင့် ၉နာရီခွဲမှ ၁၀နာရီ ၅၀ မိနစ်ထိ တစ်နာရီကျော်ကြာခဲ့သည်ဟု ၎င်းက ဆိုသည်။

ထိုသို့ ဆန္ဒထုတ်ဖော်သည့် အချိန်တွင်း နယ်စပ်ဂိတ်ကို ပိတ်ထားခြင်းဖြစ်သည်။

ကော့စမွီတရားရုံး၏ အမိန့်ချမှတ်မှုကို မကျေနပ်မှုကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့နယ်များတွင် ဆန္ဒပြမှုများ ဒီဇင်ဘာ ၂၄ရက်မှ စတင်ကာ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။

No comments: