Tuesday, December 29, 2015

အမှိုက်ကောက်ခြင်းသည် နိုင်ငံရေး

ကိုအောင်


ဒေါ်အောင်ဆန်းစုကြည်က အမှိုက်ကောက်ခြင်းကို သူ၏ အမှာစကားတွင် ထည့်သွင်း ပြောကြားလိုက် သောအခါ တတိုင်းပြည်လုံး ပါဝင်သော လှုပ်ရှားမှုတခု ဖြစ်သွားသည်။ မိမိကိုယ်ကိုယ် အစိုးရခန့်ထားသူများ အပါအဝင် တခြားနိုင်ငံရေး ခေါင်းဆောင်များက ဆော်သြလျှင် ပြည်သူများ ဤမျှလောက် အုံအုံကြွကြွ ပါဝင်ကြမည်မဟုတ်။

ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ တိုက်တွန်း ပြောကြားပြီးသည့်နောက် အရပ်သားပြည်သူများ၊ လူမှုအဖွဲ့အစည်းများ သာမက အစိုးရ၀န်ထမ်းများနှင့် ဌာနဆိုင်ရာ တချို့သည်ပင်လျှင် ရပ်ရွာဝန်းကျင် သန့်ရှင်းရေး၊ ဌာနသန့်ရှင်းရေးများကို စိတ်ပါလက်ပါ ပြုလုပ်လာသည်ကို တွေ့ရသည်။

ထိုသည်က ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးသြဇာ အရှိန်အဝါ အရမ်းကြီးသည်ကို ပြသလိုက်သည့် အချက်ဖြစ်သည်။ လူထုက သူ့နောက်တွင် ပါနေသည်ကို ပြသလိုက်ခြင်း ဖြစ်သည်။ တိုင်းပြည်ခေါင်းဆောင် တဦးက ပြုပြင်ပြောင်းလဲရေးတွင် အောက်ခြေသိမ်း အလုပ်က စရန် အချက်ပေးလိုက်ခြင်း ဖြစ်သည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံကို တည်ဆောက်ဖို့ဆိုလျှင် ခေါင်းဆောင်က အမြင်ရှိမှ ဖြစ်မည်။ နျူကလီးယားပါဝါ တည်ဆောက်ဖို့၊ ဂြိုလ်တုလွှတ်တင်ဖို့ လေကြီးမိုးကြီး ပြောနေပြီး ပြည်သူပြည်သားကိုမူ ကြက်ဆူပင် စိုက်ခိုင်းသည့်ခေတ် ကုန်သွားပါပြီ။

အမှိုက်ကောက်ပြီးလျှင် တခြားအမှိုက်တွေ ရှင်းရ ကောက်ရဦးမည်။ ရပ်ကွက်ထဲက Noise Pollution အဖြစ် နားဒုက္ခပေးသော ဆူညံသံ အကြီးအကျယ် ဖြစ်စေသည့် လော်စပီကာကိစ္စ၊ နေရာတိုင်းမှာ ဝါးလုံးတားပြီး ဂိတ်ထိုးကာ ပိုက်ဆံကောက်နေသည့် ၀ါးတားဂိတ် ပြဿနာ၊ ကွမ်းတံတွေး စည်းကမ်းမဲ့ထွေးခြင်း စသည့်ကိစ္စ များစွာမှသည် ယုတ်စွအဆုံး ပြည်သူ့နီတိ ကင်းမဲ့နေမှုများက ဖြေရှင်းပေးရန် စောင့်မျှော် နေကြပါသေးသည်ဟု ဆိုပါရစေ။

No comments: