ဦးလွင်
ပြည်ခိုင်ဖြိုးပါတီကို ဦးဆောင်သည့် ခေါင်ဆောင်များ နှစ်ပိုးင်းကွဲခြင်းမျိုးမရှိကြောင်းနှင့် ၎င်းတို့ပါတီမှလည်း မည်သူကိုမျှ ထုတ်ပယ်ထားခြင်း မရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးက ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားစဉ် သတင်းထောက်များကို ပြောကြားခဲ့သည်။
“ဒီကနေ့ထိ တရားဝင်ထုတ်ပယ်တာတွေမရှိဘူး။ ဒါတွေက စာတွေနဲ့သွားရတာလေ။ လုံးဝမဟုတ်ပါဘူး။ ပြီးတော့ ပါတီမှာ ခေါင်းဆောင်ပိုင်းနှစ်ပိုင်းကွဲတယ်ဆိုတာလည်း ကျွန်တော်တို့ဆီမှာ မရှိပါဘူး။”ဟု ၎င်းက ဇန်နဝါရီလ ၁၉ရက်က သတင်းထောက်များကို ပြောသည်။
ပါတီဗဟိုကော်မတီဝင်များကို ပါတီထုံးစံအရ ငါးနှစ်တစ်ကြိမ်ရွေးချယ်ခြင်းသာဖြစ်ပြီး လက်ရှိအချိန်တွင် ပါတီဝင် တစ်ဦးတစ်ယောက်မျှ တရားဝင် ထုတ်ပယ်ထားခြင်းမရှိဟု ပြောသည်။
လက်တလောတွင် ပါတီပူးတွဲဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း နှင့် ၎င်း၏ ခမည်းခမက်တော်သူ ဇေကမ္ဘာဦးခင်ရွှေတို့ကို ပါတီမှ ထုတ်ပယ်သည်ဟူသည့် ကောလာဟလများ ထွက်ပေါ်နေပြီး ထိုကိစ္စနှင့် ပတ်သက်၍ သတင်းထောက်များ၏ အမေးကို ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
ပြည်ခိုင်းဖြိုးပါတီခေါင်းဆောင်များသည် လွှတ်တော်တက်ရာ၌ ပါတီတံဆိပ် တပ်ခြင်း၊ မတပ်ခြင်းများကို ကြည့်၍ ၎င်းပါတီ၌ ခေါင်းဆောင်ပိုင်းများ နှစ်ပိုင်းကွဲနေသည်ဆိုသည့် အနေအထားမျိုးပြော၍ မရကြောင်းလည်း ၎င်းက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးဇော်မြင့်ဖေကလည်း ၎င်းတို့ပါတီကို ဖြစ်စေချင်သည်မှာ ပါတီတစ်ရပ်မှ ချမှတ်ထားသည့် ဖွဲ့စည်းပုံစည်းမျဉ်းအတိုင်း ဆက်လက်လျောက်စေခြင်းကြောင်းနှင့် ပါတီဆက်လက် ရှင်သန်ဖို့လိုကြောင်း ဇန်နဝါရီ ၁၅ ရက်က သတင်းထောက်များကို ပြောကြားထားသည်။
No comments:
Post a Comment