ဇော်ခမ်းဟိန်း
ပြီးခဲ့သည့်နှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကောင်းခါးကျေးရွာ၌ ဆရာမနှစ်ဦးဖြစ် သည့် ဆရာမ မရန်လုရာနှင့် ဆရာမခေါန်နန်စင် တို့အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုတွင် သက်ဆိုင်ရာတပ်မတော် ယာဉ်မောင်းသုံးဦးအား စုံစမ်းမေးမြန်းခွင့် ရလျှင် အမှုမှန်ပေါ်ပေါက်လာနိုင်သည်ဟု တစ်နှစ်ပြည့်ဆုတောင်းပွဲပြုလုပ်သူများက ပြောကြားသည်။
ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်တွင်ဇန်နဝါရီ ၁၉ရက်နေ့က ဆရာမနှစ်ဦး၏ တစ်နှစ် ပြည့်အောက်မေ့ဘွယ် ဆုတောင်းပွဲနှင့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခြင်းဖြစ်သည်။
"သံသယရှိသည့် တပ်ပိုင်းဆိုင်ရာက လူများကို လွတ်လွတ်လပ်လပ်မေးခွင့်မရ ဘူး"ဟု အမှုမှန်ဖော်ထုတ်ရေးကော်မတီဝင် သိက္ခာတော်ရ ဆရာဦးဇော်ရာက မဇ္ဈိမသို့ပြောသည်။
ယင်းအမှုအား လိုက်ပါဆောင်ရွက်ပေးနေသော ရှမ်းပြည်နယ်ကချင်ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးဘရန်ဒီးကလည်း ယင်းအမှုနှင့် ပတ်သက်၍ အရေးကြီးသည်ဟု ယူဆထားသော ကားဆရာ ၃ ယောက်နှင့် တွေ့ခွင့်မရခြင်းမှာ အမှု၏ အရေးကြီးသောအချက် ဖြစ်သည်ဟု ဆိုသည်။
''ဗျူဟာမှူး အောက်က အရာရှိတွေနဲ့ တစ်ယောက်မှတွေ့ခွင့်မရဘူး။ ယာဉ်မောင်းသုံးဦးနဲ့သာ တွေ့ဆုံ မေးမြန်းခွင့်ရမယ်ဆိုရင် အမှုကပြောင်းလဲသွားနိုင်တယ်။ မြန်မြန်ဆန်ဆန် အမှုမှန်ပေါ်ပေါက်လာနိုင် တယ်။ ကျွန်တော်တို့ ရွာသား (၄၇) ယောက်ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။'' ဟု ၄င်းကဆိုသည်။
သမ္မတရုံးသို့ ၆ ကြိမ် စာတင်ခဲ့ရာ ဘာမှမထူးသေးကြောင်း၊ အမှုနှင့် ပတ်သက်သည့် အရာရှိ အရာခံ အကြပ်တပ်သားများအား တွေ့ဆုံမေးမြန်းခွင့်ရမည် ဆိုလျှင် ရွာသူရွာသားများအား မေးမြန်းထားချက်နှင့် ပေါင်းလိုက်ပါက အမှုမှန် ပေါ်ပေါက်ရန် ရာခိုင်နှုန်း ဖြင့်မပြောနိုင်တောင် တစုံတစ်ခုတော့ အကောင်အထည်ပေါ်လာမည်ဟု ၄င်းက ဆက်လက် ပြောကြားသည်။
''တွေဆုံဖြစ်ခဲ့မယ်ဆိုရင် စုံစမ်းရေးအဖွဲ့အတွက် အများကြီးအထောက်အကူဖြစ်မယ်။ အမှုမှန်အတွက် အထောက်အကူပြုမယ်။ အစိုးရဘက်ကလည်း ကူညီပေးတာရှိပါတယ်။ တချို့ကိစ္စတွေသူတို့ လက်လှမ်းမမှီ တာလဲရှိမှာပေါ့။ ခမရ (၅၀၃) အရာရှိ အရာခံတွေကို တွေ့ဆုံဖို့ကြိုးစားတယ် မရဘူး၊ တွေ့ချင်တဲ့သူကို ကျွန်တော်တို့ ခေါ်တွေ့လို့ရတဲ့ လုပ်ပိုင်ခွင့်လဲမရှိဘူးလေ'' ဟု၎င်းက ပြောကြားသည်။
အမှုမှန်ဖော်ထုတ်ရေးကော်မတီက အခင်းဖြစ်ချိန် ကောင်းခါးကျေးရွာတွင်စခန်းချနေထိုင်ခဲ့သည့် ခမရ(၅၀၃) မှ စစ်ကြောင်းမှူး ဗိုလ်မှူးအောင်ဖြိုးမြင့် ညအိပ်တည်းခိုနေထိုင်သည့် ဦးဆိုင်းနော်အိမ်ရှေ့ တွင် မုံးပေါ်ဘက်မှ ဆင်းလာသည့်မော်တော်ယာဉ် ၃ စီးအနက် ၂ စီးမှာရပ်တန်ပြီး တပ်မတော် စစ်သည်များကိုသယ်ဆောင်သွား၍ ထိုယာဉ်မောင်း (၃) ဦးကိုမဖြစ်မနေတွေ့ဆုံရန်လိုအပ်သည်ဟု ထုတ်ပြန်ထားသည်။
ရှမ်းပြည်မြောက်ပိုင်း၊ ပန်ဆိုင်းမြို့နယ်၊ ကောင်းခါးရွာတွင် စေတနာဆရာမနှစ်ဦး အဓမ္မကျင့် သတ်ဖြတ်ခံရမှုအား ပန်ဆိုင်း(ကြူကုတ်) နယ်မြေရဲစခန်းတွင် (ပ) ၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂/၃၇၆ ဖြင့် ကောင်းခါးနယ်မြေမှူး ဦးဇင်ထုံးလက တရားလိုပြုတိုင်တန်းခဲ့သည်။
၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ၏မှတ်ချက်များဆိုကာ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးထံသို့ လိပ်မူ၍ ဆရာမနှစ်ဦးအတွက် စိတ်မကောင်းဖြစ်ရပြီး နိုင်ငံတော်အစိုးရအနေဖြင့် အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေးနှင့် ကျူးလွန်သူ များကိုတရားဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရန်ဆောင်လျှက်ရှိကြောင်း တရားခံဟုယူဆရသူ (၁) ဦး ထွက်ပြေးတိမ်းရှောင်လျှက်ရှိပြီး ပြစ်မှုကျူးလွန်သူအပေါ် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းခွဲခြားမည်မဟုတ်ဘဲ ဥပဒေကြောင်းအရ ထိရောက်စွာဖော်ထုတ်အရေးယူမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းကပေးပို့ထားသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဒေါက်တာခလမ်ဆမ်ဆွန် က ''ဘုရားကို ယုံကြည်တယ်။ အမှုလိုက်ဆောင်ရွက်ပေးတဲ့ လူကြီးတွေ၊ ရှေ့နေတွေကိုလည်း ယုံကြည်လို့ အမှုမှန်ပေါ်ပေါက်လာမယ်လို့ယုံကြည်ပါတယ်။ ရွာသားတွေကလည်း အစိမ်းရောင်မြင်ရင် ကြောက်တယ်။ သူတို့ရဲ့လုံခြုံရေးလဲလိုအပ်ပါတယ်။'' ဟုမိန့်ကြားသည်။
No comments:
Post a Comment