မဇ္ဈိမ
ကမ္ဘာ့ လောင်စာဆီဈေး ကျဆင်းနေချိန်တွင် မြန်မာနိုင်ငံတွင် သတ်မှတ်ဈေးနှုန်းအတိုင်း မရောင်းပါက တိုင်ကြားကြရန် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက ဆော်သြလိုက်သည်။
“သတ်မှတ် ဆီဈေးနှုန်းအတိုင်း၊ သတ်မှတ်ဆီအရည်အသွေးအတိုင်း၊ သတ်မှတ်ဆီ အချင်အတွယ် အတိုင်း ရောင်းချခြင်းမရှိသော ဆီဆိုင်များအား တိုင်ကြားခြင်းဖြင့် ထိန်းကျောင်း ပေးကြပါရန်” ဟု ဆိုသည်။
စက်သုံးဆီဈေး တင်ရောင်းသူများကို မြန်မာနိုင်ငံ စက်သုံးဆီ ဖြန့်ဖြူးရောင်းသူများ အသင်းထံသို့ တင်ကြားနိုင်ပြီး အရေးယူသွားမည်ဟုဆိုသည်။ တိုင်ကြားရာတွင် “ဆီအရောင်း ပြေစာများ [ပြေစာမရှိပါက ယင်းဆီဆိုင်တွင် ချိတ်ဆွဲထားသော ဆီဈေးနှုန်း မှတ်တမ်းဓါတ်ပုံများ] ဆိုင်နာမည်-တည်နေရာ စသည်အားဖြင့် အထောက်အထား ခိုင်လုံစွာဖြင့် တိုင်ကြားကြရန်” ဟုလည်း ဦးဇော်ဋ္ဌေးက တိုက်တွန်းထားသည်။
မြန်မာနိုင်ငံ စက်သုံးဆီ ဖြန့်ဖြူးရောင်းသူများ အသင်း ဖုန်းနံပတ် ၀၉၄၂ ၁၀၀ ၆၇၉၂နှင့် ၀၉၄၂ ၁၀၀ ၆၇၉၅ တို့သို့ အပြင် E-mail လိပ်စာ mpta.office@gmail.com သို့လည်း စာရေးသား ပေးပို့ တိုင်ကြားနိုင်သည်။
တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်ပေါက်ဈေးကို မြန်မာနိုင်ငံ စက်သုံးဆီ ဖြန့်ဖြူး ရောင်းသူများ အသင်း လူမှုကွန်ယက်စာမျက်နှာ MPTA တွင် သွားရောက် ကြည့်ရှုကာ စက်သုံးဆီ ဈေးနှုန်းကို တိုက်ဆိုင် စစ်ဆေးနိုင်ကြသည်။
မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက ဇန်နဝါရီလ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန် ကြေညာချက်တွင် ဒီဇယ် တစ်လီတာကို ၅၀၀ ကျပ်၊ Ron 92 တစ်လီတာလျင် ၅၅၀ ကျပ်၊ အဆင့်မြင့် ဒီဇယ်ဆီ တစ်လီတာလျင် ၅၆၀ ကျပ်နှင့် Ron 95 တစ်လီတာလျင် ၆၆၀ ကျပ် သတ်မှတ်ထားသည်။
အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော လက်လီ ဈေးနှုန်းမှာ လက်ရှိတွင် များစွာ ကွာဟလျက်ရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် အများပြည်သူများ ဝယ်ယူသုံးစွဲမှု အဆင်ပြေစေရန် သတ်မှတ်ထားသည့် ဈေးနှုန်းများဖြင့်သာ ရောင်းချပေးရန် စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက တိုက်တွန်းထားသည်။
No comments:
Post a Comment