Monday, January 25, 2016

အရေးပေါ်ညီလာခံကျင်းပရန် ကြံ့ခိုင်ရေးပါတီ ဆွေးနွေး

မင်းမင်း

ပါတီ၏ ဖွဲ့စည်းပုံအား ပယ်ဖျက်၊ ဖြည့်စွက်မည့် ညီလာခံတစ်ရပ် ကျင်းပရေးအတွက် ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ တံ ခါးပိတ်အစည်းအဝေးတွင် ဇန်နဝါရီ ၁၉ရက်က ဆွေးနွေးကြသည်ဟု ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးလှသိန်း ဆွေက ပြောသည်။

"ညီလာခံကို အရေးပေါ်ညီလာခံလုပ်မလား၊ ပုံမှန်ငါးနှစ်တစ်ကြိမ်လုပ်မလား အဲ့ဒါကိုပဲ ဆွေးနွေးတာကို မပြတ်ဘူး" ဟု ဦးလှသိန်းဆွေက ပြောသည်။

ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်ပြုလုပ်သော တိုင်းနှင့်ပြည်နယ်များမှ ပါတီဥက္ကဌများဖြစ်သူ ဝန်ကြီးချုပ်များ တက်ရောက်သည့် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ဇန်နဝါရီ ၁၉ရက်က ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"အရေးပေါ်ညီလာခံဆိုလို့ရှိရင် ဗဟိုကော်မတီဝင်တွေနဲ့ အဲ့ဒါတွေနဲ့ လုပ်လိုက်လို့ရတယ်လေ။ ပြီးတော့မှ ဖွံ့စည်းပုံစည်းမျဉ်းကို ပြင်စရာရှိတာတွေ ပြင်မယ်။ အဲ့ဒါကို အတည်ပြုမယ်။ ပြီးတော့မှ ဒီအတိုင်းလေးသွားနေပြီးမှ နောက်တစ်လနှစ်လကြာတဲ့အချိန်မှာ တို့ညီလာခံကြီးပေါ့နော်။ ငါးနှစ်သက်တမ်းအတွက် ညီလာခံကြီး လုပ်မယ်ပေါ့နော်။ အများစုကတော့ အဲ့လို သဘောတူကျတယ်။ တစ်ချို့ကျတော့လည်း နှစ်ခါခေါ်ရင် နှစ်ခါ ပင်ပန်းတယ်။ တစ်ခါထဲ အချိန်အတိုင်းအတာတစ်ခု သတ်မှတ်ပြီးတော့မှ ညီလာခံကြီး တစ်ခါထဲလုပ်ရင် ကောင်းမယ်ဆိုပြီးတော့ အဲ့ဒီညီလာခံလုပ်ဖို့ကို မပြတ်ဘူး" ဟု ဦးလှသိန်းဆွေက ဆိုသည်။

ထို့ကြောင့် အစည်းအဝေးကို လာမည့် နှစ်ပတ်အတွင်း ထပ်မံကျင်းပရန် လျာထားသည်။

ဇန်နဝါရီ ၁၉ရက် အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၂ဦးခန့်ကို ပါတီမှ ထုတ်ပယ်မည်ဟု ပြင်ပတွင် သတင်းများထွက်ပေါ်နေသည့် အ ကြောင်း အရာများအား ဆွေးနွေးခဲ့ခြင်း မရှိခဲ့ဟု ဦးလှသိန်းဆွေက ပြောသည်။

ပါတီဝင်တစ်ဦးဖြစ်သည့် ဇေကမ္ဘာကုမ္ပဏီအကြီးအကဲ ဦးခင်ရွှေကမူ တရားဝင်အကြောင်းကြားစာ မရောက်လာသော်လည်း ၎င်းကို ပါတီမှ ထုတ်ပယ်သည်ဟူသည့် သတင်းများထွက်ပေါ်နေသည်ဟု သတင်းထောက်များကို ပြီးခဲ့သည့်ရက်က ပြောဆိုထားသည်။

No comments: