Wednesday, January 20, 2016

အစိုးရသစ်လက်ထက်၌ ပညာရေးနှင့် ကျန်းမာရေး စနစ်ကို ဦးစားပေး ပြင်ဆင်သင့်ဟု ဦးမင်းကိုနိုင်ပြော

မျိုးသူအောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် ပညာရေး နှင့် ကျန်းမာရေးကဏ္ဍကို အဓိကထား ပြင်ဆင်ထားသင့်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားလိုက်သည်။

"၂၀၁၅ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးလားရာ ဆွေးနွေးပွဲ" ကို ဇန်နဝါရီလ ၁၅ရက်နေ့ မွန်းလွဲ ၂နာရီက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဒိုင်းမွန်းကွန်ဒိုတွင် ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲအပြီး သတင်းမီဒီယာများက မေးမြန်းစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော့်အနေနဲ့တော့ ပညာရေးနဲ့ ကျန်းမာရေးစနစ်ကို အရင်ဆုံး ပြောင်းသင့်တယ်လို့ထင်တယ်။ အဓိက ကတော့ ပညာရေးရဲ့ ပြောင်းလည်းမှုဟာ အနှစ်၂၀လောက်မှ မြင်ရမှာဖြစ်တဲ့အတွက် ဒီအစိုးရရဲ့ ငါးနှစ်သက်တမ်းထဲမှာ ဒါမျိုးဖြစ်ရမယ်လို့ ယူဆလို့မရတော့ဘူး။ ဒါပေမယ့် ပြောင်းတယ်ဆိုတဲ့ ပညာရေးရဲ့ အခြေခံအတွေးအခေါ် အယူအဆရော၊ ကျင့်ပုံကျင့်နည်းတွေကအစ ပြောင်းရမှာဖြစ်တဲ့အတွက် အနစ်နာခံပြီးတော့ကို စောင့်ရမယ့်တရားဖြစ်နေတဲ့အတွက် ဒါကိုလည်း ထည့်စဉ်းစားပေးပါလို့ ပြောချင်တယ်"ဟု ဦးမင်းကိုနိုင်ကပြောသည်။

ထို့ပြင် ပြည်သူလူထုအနေဖြင့် မိမိပြောင်းလဲလိုသည့် အချက်များအား ပွင့်ပွင့်လင်းလင်းပြောဆိုကာ အစိုးရသစ်ကို အသိပေးသင့်ပြီး မိမိတာဝန်ယူနိုင်သည့် အခန်းကဏ္ဍတွင်လည်း ပါဝင်လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြည်သူများကို ဖိတ်ခေါ်ခဲ့သေးသည်။

၂၀၁၅ရွေးကောက်ပွဲတွင် အဓိက အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောင်းလည်းချိန်တန်ပြီဆိုသည့် ဆောင်ပုဒ်ဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲအသာစီးရရှိကာ ပြတ်ပြတ်သားသား အနိုင်ရရှိထားခြင်းဖြစ်ပြီး မကြာမှီတွင် အစိုးရသစ်ဖွဲ့စည်းတော့မည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များထဲတွင် ယခင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာအောင်သူ ပါဝင်နေပြီး ၎င်းအနေဖြင့် ပညာရေးကဏ္ဍ အပြောင်းအလဲများ ပြုလုပ်သွားလိုကြောင်း ရွေးကောက်ပွဲအပြီး မဇ္ဈိမနှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။

၂၀၁၅ ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးလားရာ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်ကွန်ရက်က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ပြည်တွင်းအရပ်ဖက် အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

No comments: