Monday, January 25, 2016

ရခိုင်ပြည်နယ် မြောက်ဦးနှင့် ကျောက်ဖြူတွင် စစ်ပွဲရပ်စဲရေး တောင်းဆို ဆန္ဒပြ

လူသာကျော် (ရခိုင်)


ရခိုင်ပြည်နယ်က မြို့ကြီးအတော်တော်များတွင် ရခိုင်ပြည်နယ် အတွင်း မြန်မာ အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်အကြား ဖြစ်ပွားနေသည့် စစ်ပွဲများကို အမြန်ဆုံး ရပ်ဆိုင်းရန် တောင်းဆို ဆန္ဒပြပွဲများ ပေါ်ပေါက်နေကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီလ ၁၀ ရက်နေ့က ခရိုင်မြို့များ ဖြစ်ကြသော မြောက်ဦးနှင့် ကျောက်ဖြူမြို့တို့တွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး ရာနှင့်ချီ ရှိသော ဒေသခံများသည် လမ်းမများပေါ် ထွက်လာကာ စစ်ပွဲများကို ရပ်စဲရန် တောင်းဆိုခဲ့ကြသည်။

မြောက်ဦးမြို့တွင် ပြုလုပ်သောဆန္ဒပြပွဲတွင် လူပေါင်း တစ်ထောင်ခန့် ပူးပေါင်းပါဝင်ခဲ့ပြီး ကျောက်ဖြူတွင် လူပေါင်း သုံးရာကျော် ပါဝင်ခဲ့ကာ စစ်ပွဲများရပ်ဆိုင်းရန်၊ ငြိမ်းချမ်းရေး တည်ဆောက်ရန် ပိုစတာများ၊ ဆိုင်းဘုတ်များကို ကိုင်ပြီး တောင်းဆိုဆန္ဒပြခဲ့ကြသည်။

“ ကျွန်တော်တို့က စစ်ပွဲတွေကို မလိုလားဘူး။ ငြိမ်းချမ်းရေးကိုဘဲလိုလားတယ်။ ဒါကြောင့် ခုလို ပြည်သူ ထောင်နဲ့ချီပါဝင်ပြီး စစ်ပွဲတွေကို ရပ်ဆိုင်းဖို့ မြောက်ဦးမြို့မှာ တောင်းဆိုရတာပါ” ဟု မြောက်ဦးနာရေး ကူညီမှုအသင်း ဒုဥက္ကဋ္ဌ ဦးအောင်သိန်းက ပြောသည်။

တောလက်ကျေးရွာများနှင့် မြောက်ဦးမြို့ပေါ်မှ လူပေါင်း တစ်ထောင်ခန့်သည် နေ့လယ် တစ်နာရီခန့်တွင် ရှစ်သောင်းဘုရားရှေ့တွင် စုရုံးပြီး မြောက်ဦးမြို့ကို တစ်ပတ် ပတ်ကာ စစ်ပွဲရပ်စဲရေးကို တောင်းဆို ဆန္ဒပြခဲ့ကြသည်။

ကျောက်ဖြူမြို့တွင် ပြုလုပ်သော ဆန္ဒပြချီတက်ပွဲတွင် လူပေါင်း ၃၀၀ ကျော်ခန့်သည် ပြည်တွင်းစစ်ရပ်ပေးပါ၊ ပြည်တွင်းစစ် ချက်ချင်းရပ်၊ stop civil war စသည့် ပိုစတာများကို ကိုင်ဆောင်ပြီး ဘုရားကြီးတောင်ကွင်းမှ စတင်၍ မြို့တွင်းလှည့်လည်ကာ စစ်ပွဲများ ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြသည်။

ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည် သွားနေချိန်တွင် ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော် တိုက်ပွဲတွေဖြစ်နေသဖြင့် ဖွံ့ဖြိုးရေးဆိုတာရှိလာမှာမဟုတ်ကြောင်း ငြိမ်းချမ်းမှုမရှိဘဲ ဖွံ့ဖြိုးမှုမရှိနိုင်ကြောင်း ဦးဆောင်ရာတွင် ပါဝင်သူ ကိုထွန်းကြည်က ပြောဆိုသည်။

“ ဖွံ့ဖြိုးတိုးတက်ရေးဆီသွားနေပါတယ်လို့ ပြောနေတဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်း စစ်တွေ ဖြစ်နေတာကို တွေ့နေရတယ်။ စစ်ဖြစ်နေရင် ဖွံ့ဖြိုးတိုးတက်ရေးဆိုတာလည်း ရှိလာမှာမဟုတ်ပါဘူး။ ဒါကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆီကို အမြန်သွားချင်ပါတယ်။ စစ်ပွဲ အမြန်ရပ်ပေးပါလို့ တောင်းဆို ပါတယ်” ဟု ကိုထွန်းကြည် ကပြောသည်။

ကျောက်ဖြူ ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ဒေါ်ကြည်ကြည်နှင်းကလည်း “ ပြသနာကို လက်နက်နဲ့ ဖြေရှင်းလို့ မရနိုင်ပါ။ ဆွေးနွေးပြီးမှသာ အဖြေရှာသင့်ပါတယ်။ အပြတ် ချေမှုန်းရေး ဆိုတဲ့ အနေအထားနဲ့ ရှေ့ကို ဆက်မသွားစေချင်တော့ဘူး။ ဒီလိုလုပ်နေရင် စစ်ပွဲတာရှည်နိုင်တယ်။ လူတွေလည်း ဒုက္ခ ရောက်တယ်။ ဆွေးနွေးပြီး စစ်ပွဲကို အမြန်ဆုံး ရပ်တန့်ပေးပါလို့ တောင်းဆိုပါတယ်” ဟု ဒေါ်ကြည်ကြည်နှင်း ကပြောသည်။

အလားတူ ဆန္ဒပြတောင်းဆိုမှုကို ကျောက်တော်မြို့တွင်လည်း လူပေါင်း ၅၀၀ ခန့်က ဇန်န၀ါရီလ ၂ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

No comments: