အောင်ကိုဦး
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်းကျေးရွာအုပ်စု၊ မြန်ပြည်သာကျေးရွာရှိအိမ်ခြေ ၁၅၇ အိမ်အား ဇန်နဝါရီလ ၂၀ ရက်နေ့နောက်ဆုံးထားဖယ်ရှားပေးရန် ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် လွန်ကောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ တစ်အိမ်တက်ဆင်းအကြောင်းကြားစာများ လိုက်လံကပ်လျှက်ရှိသည်။
အဆိုပါကျေးရွာသည် နိုင်ငံတော်ပိုင်မြေများအတွင်း ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ နေအိမ်များတည်ဆောက်နေခြင်းကြောင့် ယနေ့မှစ၍ ၂၀ ရက်နေ့နောက်ဆုံးထားဖယ်ရှား ရှင်းလင်းထွက်သွားရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေနှင့် အညီထိရောက်စွာဆောင်ရွက် သွားမည်ဖြစ်ကြောင်း အကြောင်းကြားစာထဲတွင်ပါရှိသည်။
"ဘာမှမသိပါဘူး။ မြို့နယ်ကကပ်ခိုင်းလို့လာကပ်တာပါ။နောက်ဆုံးသတ်မှတ်ရက်မှာ ဖယ်မပေးဘူးဆိုရင်တော့ ဥပဒေအတိုင်းဆောင်ရွက်သွားမှာပါ။"ဟု အကြောင်းကြာစာလာကပ်သည့် အုပ်စုအုပ်ချုပ်ရေးမှူး ဦးပေါဆင့် က မဇ္ဈိမ ကိုပြောသည်။
ထိုကျေးရွာမှဒေသခံများအနေဖြင့် သတ်မှတ်ရက်တွင်ဖယ်ရှားပေးသွားမှာမဟုတ်ဘဲ ဆက်လက်နေထိုင်သွားမည်ဟု တစ်ညီတစ်ညွှတ်တည်းဆိုသည်။
အဆိုပါကျေးရွာမှရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးဝင်းမောင်မောင်က "ဖယ်မပေးပါဘူး။ဆက်နေမယ်။ရင်ဆိုင်မယ်။ရွာမြေချထားပေးဖို့လည်း စာတင်ထားတယ်။"ဟု ပြောသည်။
အဆိုပါကျေးရွာအားရွာမြေအဖြစ်ချထားပေးရန်အတွက် ၂၀၁၅ခုနှစ်၊ဒီဇင်ဘာလက ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးတွင် စာတင်ထားပြီးဖြစ်သည်ဟု ဒေသခံများ ကဆိုသည်။
အဆိုပါကျေးရွာတည်ထားသောမြေများသည် ယခင်က ဒေသခံတောင်သူများပိုင်ဆိုင်ခဲ့ပြီး ၂၀၀၀ခုနှစ်တွင် အမှတ်(၉၅၁)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင်းမှ ဧက ၁၀၀၀ ကျော်သိမ်းယူခဲ့ခြင်းဖြစ်သည်။ ယနေ့အချိန်ထိ စီမံကိန်း ဆောင်ရွက်ခဲ့ ခြင်းမရှိသောကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသည့် မူလပိုင်ရှင်ဒေသခံတောင်သူများ က၂၀၁၅ခုနှစ်၊နိုဝင်ဘာလမှ စတင်၍ ပြန်လည်ဝင်ရောက် နေထိုင်ခြင်းဖြစ်သည် ဟု ဒေသခံများကဆိုသည်။
"ကျွန်မတို့က သူတို့မြေသိမ်းကတည်းက ကြုံရာကျပန်းလုပ်စားခဲ့ရပြီး ခြေသလုံးအိမ်တိုင်ဘဝနဲ့နေခဲ့ရတာလည်းကြာပြီ။ အခု ကိုယ်မြေလေးတွေထဲဝင်ပြီး လာနေတာပဲ။ ဒီလိုနေလို့ ဖမ်းရင်လည်းခံမယ်။ ဖယ်မပေးနိုင်တော့ဘူး။"ဟု ဒေသခံမဖြူဖြူကပြောသည်။
အဆိုပါကျေးရွာရှိ သုခမင်္ဂလာကျောင်းတိုက်ဆရာတော် ဦးဣဋ္ဌသာရ (ဆူးခါး ဗုဒ္ဓတက္ကသိုလ် ကထိက )က"ဖယ်ပေးဖို့ဆိုတာတော့ခက်တယ်။သူတို့မှာ အတော်ဒုက္ခရောက်နေကြတာလေ။ အခုလိုလေးနေ ထိုင်နေတာမြင်တော့ ဘုန်းကြီးစိတ်ချမ်းသာတယ်။ ဒီနေရာကိုဖယ်ခိုင်းပြီး အခုမှသူတို့ကဘာလုပ်မှာလဲ။ ဘုန်ကြီးအနေနဲ့တော့ မေတ္တာနဲ့ အစွမ်းကုန်စောင့်ရှောက်ပေးသွားမယ်။" ဟုမိန့်ကြားသည်။
No comments:
Post a Comment