ဖနိဒါ
ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေး (Kachin Defene Army-KDA) ခေါ် ကောင်းခါးဌာနေပြည်သူ့စစ်(KDA) အထူးဒေသ (၅) က ယခင် အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သော ၂၅ နှစ်ပြည့် အထိမ်းအမှတ် ငွေဂျူဗလီပွဲ အခမ်းအနား မနောပွဲကို ဇန်နဝါရီ ၁၅ရက်က စည်စည်းကားကားကျင်းပခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့သစ်တွင် ဇန်နဝါရီလ ၁၅ ရက်တွင် KDA ၏ စစ်အင်အား ၅၀၀ ဖြင့် စစ်ရေးပြ အခမ်းအနားတွင် ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးယူချိန်တွင် အစိုးရမှ ချုပ်ချယ်မှုမရှိဘဲ လွတ်လပ်စွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခဲ့သည်ဟု KDA ၏ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး မထုနော်က မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
“၂၅ နှစ်အတွင်း သိပ်ခက်ခဲတာ မရှိဘူး။ ကျနော်တို့ လုပ်နိုင်တောက လမ်း၊ တံတား၊ ကျောင်းတွေဆောက်နိုင်ခဲ့တယ်။ အစိုးရ ဘက်ကတော့ သူတို့တတ်တလောက်တော့ကူညီတယ်။ အများအားဖြင့်တော့ အခွင့်အရေပေးထားလို့ ကျနော်တို့ ကိုယ့်တိုင် ဒေသဖွံဖြိုးလုပ်ငန်းတွေ အမျိုးမျိုး လုပ်ဆောင်နိုင်ခဲ့တယ်”ဟု KDA မှ ပြန်ကြားရေးတာဝန်ခံလည်း ဖြစ်၊ ပြောရေးဆိုခွင့်ရှိသူ ဆရာဘောမ်ခေါက မဇ္ဈိမကို ပြောသည်။
“ငြိမ်းချမ်းရေး ယူခဲ့ချိန်မှ အခုထိ ကျနော်တို့ကို ချုပ်ချယ်တာ မရှိဘဲ ဒေသတွင်း လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်ပြီး ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် အခွင့်အရေးတွေ ပေးနေပြီး အကူအညီတွေ ထောက်ပံ့ပေး နေတယ်။ ဆက်လက်ပြီး ကျနော်တို့ဒေသ အရေးကြီးတဲ့ နိုင်ငံရေး အခွင့်အရေးနဲ့ တခြားအခွင့်အရေးတွေ တောင်းဆိုဖို့က ကျနော်တို့တာဝန်ဖြစ်တယ်၊ ဒါကြောင့် နိုင်ငံတော်အစိုးရကို ကျနော်တို့ကျေးဇူးတင်ရမယ်” ဟု ကချင်ဘာသာဖြင့် ရေးသားထားသော မိန့်ခွန်းတွင် ဖော်ပြထားသည်။
၂၀၀၄ -၂၀၀၅ ခုနှစ်မှစတင်၍ KDA မှ ဘိန်းစိုက်ပျိုးမှုကို တိုက်ဖျက်နိုင်ခဲ့ရာမှ ယခုချိန်တွင် မိမိတို့ ဒေသအတွင်း ဘိန်းစိုက်ပျိုးမှု မရှိတော့ကြောင်းနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်သူ၊ ရောင်းဝယ်သူနှင့် သုံးစွဲသူများကို စစ်ဆေးအရေးယူမှုများ ပြုလုပ်နေပြီး မူးယစ်ဆေးဝါးပပျောက်ရေးကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မိန့်ခွန်းတွင် ဖော်ပြထားသည်။ KDA ဗဟိုကော်မတီကလည်း စည်းလုံးညီညွတ်စွာဖြင့် လက်ရှိ ဒီမိုကရေစီ လုပ်ငန်းစဉ်တိုင်းတွင် စုပေါင်းလုပ်ဆောင်သွားရန်နှင့် လက်ရှိ ရရှိထားသည့် ငြိမ်းချမ်းရေး မပျက်ဆီးစေဘဲ ထိန်းသိမ်း၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လူထုနှင့်အတူ လာမည့် နှစ် ၅၀ ပြည့်သည်ထိ ဆက်လက် ကြိုးပမ်းသွားရန် တိုက်တွန်းထားသည်။
၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၅ရက် တွင် ယခင် မြန်မာအစိုးရနှင့် ကချင်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး (Kachin Defene Army-KDA) အမည်ဖြင့် အပစ်အခတ် ရပ်စဲရေးယူခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်နောက်ပိုင်း အစိုးရက ကောင်းခါးဌာနေပြည်သူ့စစ် အမည်ဖြင့် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်ဟု သိရသည်။ ငြိမ်းချမ်းရေးခဲ့သော ၂၅ နှစ်အတွင်း ကောင်းခါးဌာနပြည်သူ့စစ် ထိန်းချုပ်နယ်မြေအတွင်း ဒေသဖွံ့ဖြိုးရေးများ လုပ်ဆောင်လာခဲ့ရာ ဒေသတွင်းရှိ ကချင်၊ ရှမ်း၊ တအာင်း စသည့်တိုင်းရင်းသားများ၏ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ တရုတ်ဘုံကျောင်းများကို ဆောက်လုပ်ပေးခြင်းဖြင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်ရရှိခဲ့သည်ဟု မိန့်ခွန်းတွင် ဖော်ပြထားသည်။
ပညာရေးနှင့် ပတ်သက်၍ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ ဆောက်လုပ်ပေးခြင်း၊ ဆေးရုံ၊ ဆေးပေးခန်းများ ဖွင့်လှစ်နိုင်ခဲ့ခြင်း၊ လမ်းပန်းဆက်သွယ်ရေးတွင်လည်း ကွတ်ခိုင်မြို့မှ ကောင်းခါးမြို့ထိ ကတ္တရာလမ်းခင်းနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။ လက်ရှိ ဒုတိယ ဗိုလ်ချုပ်ကြီး မထုနော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ် လဖိုင်ဇော်ယွန်၊ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ် လုတ်ဆိန်နော်လီတို့ တာဝန်ယူနေခြင်း ဖြစ်သည်။ ဇန်နဝါရီလ ၁၃ ရက်မှ ၁၆ ရက်ထိ လေးရက်ကြာ ကျင်းပနေပြီး အခမ်းအနားတွင် တိုင်းရင်းသားများဖြစ်သော ကချင်၊ လီဆူး၊ ရှမ်း၊ တအာင်း တိုင်းရင်းသားများနှင့်အတူ သောင်းနှင့် ချီသော ပြည်သူလူထုများ ပါဝင်ဆင်နွဲ့နေသည်ဟု သိရသည်။
အခမ်းအနား နေ့ခင်းပိုင်းတွင် မနောက ကကြပြီး ည ပိုင်းတွင် ကချင်အဆိုတော်များ၊ တိုင်းရင်းသားပေါင်းစုံမှ ယဉ်ကျေးမှု အကပဒေသာများဖြင့် ကပြဖျော်ဖြေရေး အစီအစဉ်များ ပါဝင်ခဲ့သည်ဟု သိရသည်။ ထိုအခမ်းအနားကို ဇန်နဝါရီလ ၁၃ ရက်က လားရှိုးကက်သလစ်ဆရာတော် ဖီးလိပ်နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ သိက္ခာတော်ရ ဆရာတော်တို့ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ထိုအခမ်းအနားတွင် အစိုးရ စစ်တပ်ဘက်မှ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပြည်သူ့စစ်တပ်ဖွဲ့များနှင့် ပတ်သက်၍ တာဝန်ယူနေသူ တစ်ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။
No comments:
Post a Comment