မဇ္ဈိမ
လာမည့် ဒုတိယလွှတ်တော် သက်တမ်းတွင် ပြည်သူ့လွှတ်တော်အတွက် ဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် မန်းဝင်းခိုင်သန်းတို့ကို ရွေးချယ်ထားကြောင်း အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဉာဏ်ဝင်းက ပြောဆိုကြောင်း AFP သတင်းတစ်ရပ်တွင် ဖေါ်ပြသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် လျာထားခံရသူ ဦးဝင်းမြင့်သည် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ပုသိမ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ရွေးကောက်ခံ အမတ်ဖြစ်လာခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်မူ ရန်ကုန်မြို့ တာမွေမြို့နယ် မဲဆန္ဒနယ်မှ ပြန်လည်ရွေးချယ်ခံခဲ့ပြီး ထပ်မံအနိုင်ရရှိထားသူဖြစ်သည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် လျာထားခံရသူ မန်းဝင်းခိုင်သန်းမှာ အာဇာနည် ခေါင်းဆောင်တစ်ဦးဖြစ်သည့် မန်းဘခိုင်၏မြေး တော်စပ်သူလည်းဖြစ်သည်။ သူသည် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် အမျိုးသားလွှတ်တော် အမှတ် (၈)၏ ရွေးကောက်ခံ အမတ်လည်းဖြစ်သည်။ ထူးခြားမှုအဖြစ် မန်းဝင်းခိုင်သန်းသည် ဇန်နဝါရီ ၂၀ ရက်က လွှတ်တော်သို့ သွားရောက် လေ့လာခဲ့သည်ကိုလည်း တွေ့ရှိရသည်။
လွှတ်တော်များ၏ ဒုတိယ ဥက္ကဋ္ဌများကို ရခိုင်နှင့် ကချင်တိုင်းရင်းသားများထဲမှ ရွေးချယ်ထားသည် ဆိုသော်လည်း မည်သူ ဖြစ်သည်ကိုမူ အတိအကျ မသိရသေးပါ။
နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦး အနိုင်ရရှိထားသည့် ANP ပါတီကမူ “ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား ဦးဆောင်ဖွဲ့စည်းခွင့် မရရှိပါက ရခိုင်အမျိုးသား ပါတီသည် မည်သည့်အစိုးရ အဖွဲ့အစည်း တွင်မဆို လုံးဝပါဝင်ခြင်းမပြုဘဲ ရခိုင် အမျိုးသား အကျိုးစီးပွားအတွက် အတိုက်အခံ နိုင်ငံရေး ပါတီအဖြစ် ရပ်တည်သွားမည်” ဇန်နဝါရီ ၁၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစဉ်တစ်စိုက် ရပ်တည်လာခဲ့သော ဒီမိုရေစီ ဖက်ဒရယ် ပြည်ထောင်စု ဆိုသည့် မူအရ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အတွင်း မဲအများဆုံး အနိုင်ရရှိထားသော ရခိုင်အမျိုးသားပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖြစ်ရမည်ဟု ရပ်တည် ဆုံးဖြတ်ထားသည်” ဟုလည်း ANP၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
No comments:
Post a Comment