Tuesday, January 19, 2016

အရှုံးပြနေသည့် စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံများကို အစိုးရသစ်လက်ထက်၌ ရပ်ဆိုင်းသင့်ဟု NLD အမတ်အကြံပြု

ဦးလွင်

အရှုံးပြနေသည့် စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံများကို အစိုးရသစ်လက်ထပ်၌ ရပ်ဆိုင်းသင့်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်က ဒေါ်စန္ဒာမင်းက ဇန်န၀ါရီ ၁၅ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

စက်မှုဝန်ကြီးဌာနအောက်ရှိ အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်းတွင် စက်ရုံ(၉)ရုံရှိကြောင်း နှင့် ယင်းစက်ရုံများအနက် သာဂရ၊ ဆင်တဲ၊ မလွန်စက်ရုံများသည် စီးပွားရေးအရ တွက်ချေကိုက်မှုမရှိသည့်အတွက် ယင်းစက်ရုံများသည် အစိုးရသစ်လက်ထက်တွင် လုံးဝရပ်သင့်သော စီမံကိန်းများဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“စီပွားရေးအရ တွက်ခြေကိုက်မှုမရှိလို့ လုံးဝရပ်တန့်သင့်တဲ့ စီမံကိန်းတွေဖြစ်ကြောင်းကို ကျွန်မ တင်ပြလိုပါတယ်" ဟု NLD အမတ်က ဒေါ်စန္ဒာမင်းက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

ထို့ပြင် အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်းမှ လုပ်ကိုင်နေသည့် မြင်ခြံ၊ ပင်းပတ်သံမဏိစက်ရုံ (၂)ရုံ စီမံကိန်းများအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်းပေါင်း (၂၅,၆၈၈.၀၃) တောင်းခံထားကြောင်းနှင့် ယင်စက်ရုံ (၂) ရုံကို အစိုးရအသစ်က ဆက်လက်လုပ်ကိုင်မည် ဆိုပါကလည်း စီမံကိန်းစစ်ဆေးရေး ပညာရှင်များဖြင့် ဆွေးနွေးပြီးမှသာ ဆောင်ရွက်သင့်ကြောင်းကိုလည်း ၎င်းက ပြောသည်။

ထို့ကြောင့် နောင်ဆက်ခံမည့် အစိုးရအသစ်အနေဖြင့် စီမံကိန်းများကို စီးပွားရေးတွက်ချေမကိုက်ခြင်းကြောင့် ရပ်ဆိုင်းမည်ဆိုလျင်လည်း ဖြစ်ပေါ်လာမည့် အကျိုးဆက်များကိုလည်း ထည့်သွင်း စဉ်းစားရမည်ဟု ဒေါ်စန္ဒာမင်းက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

“အကယ်၍ စက်ရုံတွေကို မပိတ်သိမ်းဘူးဆိုလျင် အစိုးရ Subside (အစိုးရက မထိန်းချုပ်ဘဲ၊ အစိုးရလက်အောက်ခံဆန်ဆန် အဆင့်လျော့တာမျိုး) မလုပ်ပါနဲ့။ Management မလုပ်ပါနဲ့ ကော်ပိုရေးရှင်းဆန်ဆန် ဝန်ထမ်းတွေကို သူတို့ဘာသာ ဈေးကွက်ရှာပြီး လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးကြည့်လိုက်ပါ။ ဝန်ထမ်းတွေကိုလည်း အစုရှယ်ယာထည့်ခိုင်းပါ။ ဝန်ထမ်းစိတ်ဓာတ်နဲ့ ဈေးကွက်စီးပွားရေးကိုမလုပ်ပဲ ပုဂ္ဂလိကဆန်ဆန် လုပ်ကိုင်ကြည့်မယ်ဆိုရင် ဒီအရှုံးပြနေတဲ့စက်ရုံတွေက အမှန်တစ်ကယ် ပြန်လည် ကောင်းမွန်လာနိုင်ပါတယ်" ဟုလည်း NLD အမတ်က ဒေါ်စန္ဒာမင်းက ဆွေးနွေးခဲ့သည်။

စက်မှုဝန်ကြီးဌာနသည် ပြီးခဲ့သည့် ဒီဇင်ဘာလက ရန်ကုန်၊ မကွေး၊ ထုံးဘိုရှိ စက်ချို့ကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။

No comments: