Wednesday, June 22, 2016

ချင်းပြည်နယ် စီးပွားရေးလုပ်ငန်းများတွက် ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်မူကြမ်းကို ဂျာမနီ ဘက်က တစ်လအတွင်းရေးဆွဲမည်

ခင်မြတ်မြတ်ဝေ

ချင်းပြည်နယ်အတွင်း အသေးစား ၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မဟာဗျူဟာရေးစီမံချက် ဖိုရမ်၏ ဆွေးနွေးညှိနှိုင်းမှုအရ အခြေခံလိုအပ်ချက် ၂၁ ချက်ထွက်ရှိခဲ့သည်ဟု ချင်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်စည်ပင်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က မဇ္ဈိမကိုပြောသည်။

ဇွန် ၁၅-၁၆ ရက်နေ့က ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် ပြုလုပ်ကျင်းပခဲ့သည့် မဟာဗျူဟာရေး စီမံချက်ရေးဆွဲရန်အတွက် အလုပ်ရုံဆွေးနွေးပွဲ မှ အချက် (၂၁) ချက်ပေါ်မှုတည်၍ ဂျာမနီနိုင်ငံမှ Friedrick Naumann Foundation စီးပွားရေး ပညာရှင်အဖွဲ့က တစ်လတွင်း မူကြမ်းရေးဆွဲသွားမည်ဟု၎င်းကပြောသည်။

"အခုဖိုရမ် ကအခြေခံအချက် ၂၁ ချက်ထွက်တယ်၊ အဲဒီ အချက်ပေါ်မှုတည်ပြီး ဂျာမနီဘက်က ဘယ်လိုလုပ်မယ်ဆိုတာကို မူကြမ်းဆွဲမယ် ပြီးရင် ကျွန်တော်တို့ ၀န်ကြီးဌာနကို ပို့မယ် အဲဒီကမှ ဘယ်ကဏ္ဍကို စတင်လုပ်ရင်အဆင်ပြေမယ်ဆိုတာကို ညှိနှ်ိုင်းအကောင်ထည်ဖော်မယ်"ဟု ၄င်းကပြောသည်။

ဖိုရမ်တွင် ဆွေးနွေးခဲ့ရာတွင် လမ်းပန်းဆက်သွယ်ရေး ၊ လျှပ်စစ်မီး ပုံမှန်ရရှိရေး အပါအ၀င် ရေလုပ်ငန်းများ ၊အသေးစားလုပ်ငန်းရှင်များ အဓိကလိုအပ်ချက်များအပါအ၀င် အချက် ၂၁ ချက်ကို ဆွေးနွေးခဲ့သည်ဟု ဦးတင်ညို (ဒုတိယညွန်ကြား ရေးမှူး၊ စက်မှုကြီးကြပ်၊ ချင်းပြည်နယ်) ကမဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ချင်းပြည်နယ် စက်မှုဝန်ကြီးဌာနမှ အသေးစားအလတ်စားလုပ်ငန်းရှင်များကို နည်းပညာပိုင်းသင်တန်းများပို့ချခြင်းအပါအ၀င်၊ ဌာန member ကဒ်များပြုလုပ်ပေးခြင်းများကို စတင်နေပြီဟု ၎င်းကပြောသည်။

ထို့အပြင် ဂျာမနီ နိုင်ငံ Friedrick Naumann Foundation မှ ထွက်ရှိလာသည့် မူကြမ်းပေါ်မူတည်၍ အကောင်အထည် ဖော်ဆောင်ရေး ကော်မတီ ဖွဲ့ကာ ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားသည်ဟု၎င်းကပြောသည်။

No comments: