Thursday, June 30, 2016

အားလုံး အာရုံစိုက်ခံရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းခရီးစဉ်

အီဗာ ကူဆူမာ ဆုန်ဒရီ


၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော စစ်အစိုးရက နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ်ကျော်ကြာ ထိန်းသိမ်းထား ခဲ့သည့် နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ဘက်မှ ပုဂ္ဂိုလ်များ ဆက်ဆံရေးနှင့် ပတ်သက်၍ အတွေ့အကြုံ ရှိပြီးသားဖြစ်သည်။ ဆယ်စုနှစ်နှင့် ချီ၍ မြန်မာစစ်ဗိုလ်ချုပ်များနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ သူတို့၏ အုပ်ချုပ်မှု နှင့် တရားဝင်ဖြစ်မှုကို စိန်ခေါ်ခဲ့သည်။ မြန်မာနိုင်ငံမှ လွတ်လပ်ခွင့်တွင် ပူးပေါင်းပါဝင်ရန် ကမ္ဘာတလွှားမှ သြဇာ ကြီးမားသည့် ထောက်ခံသူများ ရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး ၀န်ကြီးအသစ် အနေဖြင့် ဇွန်လ ၂၃ ရက်နေ့တွင် ဘန်ကောက်မြို့သို့ ရောက်ရှိလာသည့် အခါ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအချိန်တွင် ထိုင်းနိုင်ငံကို အုပ်ချုပ်နေသည့် ဗိုလ်ချုပ်ကြီးများ နှင့် တွေ့ဆုံလက်ဆွဲ နှုတ်ဆက်ကာ အလာပ သလ္လာပ စကားများပြောကြမည်၊ အမှတ်တရ ဓာတ်ပုံများ ရိုက်ကြမည် ဖြစ်သည်။ အဆိုပါ မြင်ကွင်းများကို လေ့လာ စောင့်ကြည့်သူများကတော့ သဘောကျကြမည် ဖြစ်သည်။

တချိန်က မြန်မာ၏ တည်ငြိမ်သော ဒီမိုကရက်တစ် အိမ်နီးချင်းနိုင်ငံတခု ဖြစ်သည့် ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် ၂ နှစ် အတွင်းတွင် ရုတ်တရက် နောက်ကြောင်း ပြန်သွားခဲ့ပြီး ၎င်း၏ စစ်အစိုးရသစ်က ယခင် မြန်မာအစိုးရ၏ ဆိုးရွားသော ပုံစံတချို့ကို လက်ခံ ကျင့်သုံးလာခဲ့သည်။ ထိုင်း စစ်အစိုးရက နိုင်ငံရေး အတိုက်အခံများအတွက် နေရာပိတ်ပင်မှုများ၊ ဝေဖန်သူများကို တရားလက်လွတ် ဖမ်းဆီးမှုများ၊ မီဒီယာ လွတ်လပ်ခွင့်ကို တားမြစ်မှုများ ပြုလုပ်ခဲ့သလို ဒီမိုကရေစီ အုပ်ချုပ်မှုသို့ ပြန်သွားရေး အတွက်လည်း အကြိမ်ကြိမ် အချိန်ဆွဲနေခဲ့သည်။

နောက် ၂ လပင် မကြာတော့သည့် အချိန်တွင် ထိုင်းပြည်သူများက ထိုင်းစစ်ဗိုလ်ချုပ်များ ရေးဆွဲထားသည့် အခြေခံ ဥပဒေအတွက် မဲဆန္ဒပေးကြရတော့မည် ဖြစ်သည်။ အခြေခံဥပဒေသစ် အပေါ် ဝေဖန်မှုများ နှင့် ဆန့်ကျင်သည့် လှုပ်ရှားမှုများကို တားမြစ် ပိတ်ပင်ထားသည်။ တားမြစ်မိန့်ကို ချိုးဖောက်သူများကို ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။

လွန်ခဲ့သော ၈ နှစ်က မြန်မာပြည်သူများသည်လည်း သူတို့၏ အခြေခံဥပဒေအတွက် ပြုလုပ်သည့် ဆန္ဒခံယူပွဲတွင် အလားတူ မလွတ်မလပ် အခြေအနေများ အောက်တွင် မဲပေးခဲ့ကြသည်။ ထိုအချိန်ကို ယခုထိ မှတ်မိနေကြဆဲ ဖြစ်သလို သက်ရောက်မှုကိုလည်း ခံစားနေကြရဆဲဖြစ်သည်။ ထို့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက ဒီမိုကရေစီ နည်းမကျသည့် အခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးစားပေးတခုအဖြစ် ထားရှိခဲ့ခြင်း ဖြစ်သည်။ အားလုံးထဲတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးတွင် စစ်တပ်က ကြီးမားသော အခန်းကဏ္ဍဖြင့် အမြဲတမ်း ပါဝင်နေခြင်း အပေါ် ဝေဖန်ခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ အိမ်ရှင် ထိုင်းဗိုလ်ချုပ်ကြီးများကိုလည်း သူက အကြံဥာဏ်အချို့ ပေးကောင်းပေးနိုင်ပါလိမ့်မည်။

ကမ္ဘောဒီးယားနှင့် မလေးရှားကဲ့သို့ အိမ်နီးချင်းနိုင်ငံများတွင် အစိုးရမျာက ၎င်းတို့၏ အာဏာ ခိုင်မြဲရေးနှင့် အတိုက်အခံများကို ဖြိုခွဲရေးများ ပြုလုပ်နေခဲ့ကြသည့် ၂၀၁၄ ခုနှစ် မေလတွင် ထိုင်းစစ်တပ်က ရွေးကောက်ခံ အရပ်သား အစိုးရကို ဖြုတ်ချလိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်၌ မြန်မာနိုင်ငံကမူ ပြောင်းပြန်ဖြစ်နေပြီး တိုးတက်ခြင်းဘက်သို့ ရောက်နေသည်။ နောက်ဆုံးတွင် NLD အာဏာရလာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည်။ ထိုအဖြစ်က မြန်မာနိုင်ငံ၏ ခေါင်းဆောင်ပိုင်းကို အရှေ့တောင်အာရှ ဒေသအတွင်းမှ ဖိနှိပ်ခံပြည်သူများအတွက် ဒေသတွင်းတွင် စိတ်ကူးကြည့်စရာ အဆင့်သစ်တခုသို့ ရောက်ရှိစေခဲ့သည်။

သူက တက်ကြွလှုပ်ရှားသူ တယောက် မဟုတ်ကြောင်း၊ တိုင်းပြည်အတွက် ကောင်းမွန်မည့် ခက်ခဲသော ရွေးချယ်မှုများကို ပြုလုပ်ရမည့် နိုင်ငံရေးသမား တယောက်သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။ ထိုနေရာတွင် ရှိနေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အချေအတင် ပြောဆိုရမှုများ ရှိလာနိုင်သည်။ လက်တွေ့နိုင်ငံရေး ကစားပွဲတွင် ကစားရတော့မည် ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ပွင့်ပွင့်လင်းလင်း ဝေဖန်မှုများကို ရှောင်ရှားရတော့မည် ဖြစ်သည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အာဆီယံ အသိုင်းအ၀ိုင်းအတွင်း သူ၏ ပြိုင်ဘက်မရှိ အနေအထားကိုလည်း အသိအမှတ် ပြုရတော့မည် ဖြစ်သည်။ အာဆီယံဒေသ အတွင်းမှ သန်းပေါင်းများစွာသော ပြည်သူများက သူ့ကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားမျှတမှု၏ စံပြတယောက်အဖြစ် ရှုမြင်နေကြဆဲ ဖြစ်သည်။ သူ့ကို မဲဆန္ဒပေးခဲ့ကြသည့် မြန်မာပြည်သူများအပြင် ဒေသတွင်း ခေါင်းဆောင် တယောက် အနေဖြင့် သူ့တွင် တခြားဒေသတွင်း ပြည်သူများ အတွက်လည်း တာဝန် ရှိလာသည်။

အင်ဒိုနီးရှား လွှတ်တော်အတွင်းမှ ကျမ၏ လုပ်ဖော်ကိုင်ဖက်များ နှင့် အာဆီယံအတွင်းမှ တခြား လွှတ်တော်များနှင့် အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို အထောက်အကူပေးရန် ကျမ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေးနှင့် အာဏာစွန့်လွှတ်ရေး အတွက် ဖိအားပေးရန် ဒေသတွင်း အစိုးရများကို တောင်းဆိုခဲ့ကြပါသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုသည်မှာ ကျမတို့ နိုင်ငံ၏ နယ်နိမိတ်တွင်သာ အဆုံး သတ်သွားခြင်းမဟုတ်ဟု ယူဆသည့်အတွက် ထိုသို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်က သူ၏ ပြိုင်ဘက်ကင်းနေရာကို အသုံးပြု၍ ဆက်လက် တိုက်ပွဲဝင်လိမ့်မည်။ သူ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို အသုံးပြု၍ တခြားသူများ (မြန်မာနိုင်ငံ နယ်နိမိတ် အပြင်တွင်ရှိနေသူများ အပါအ၀င်) ၏ လွတ်မြောက်ရေး အတွက် ဆက်လက် ထောက်ခံသွားမည်ဟု ကျမ မျှော်လင့်မိပါသည်။

အာဆီယံက ဒေသတွင်း ပေါင်းစည်းရေးသို့ ဦးတည်နေသည့် အချိန်တွင် ဒေသ၏ ဂုဏ်ပုဒ် အမှတ်အသားတခုကို ပုံဖော်ရန် အရေးပါမူက ထင်ရှားလာပါသည်။ အဆိုပါ ဂုဏ်ပုဒ် အမှတ်အသားတွင် ဒီမိုကရေစီ၊ အခြေခံ အခွင့်အရေးများ နှင့် လူသား ဂုဏ်သိက္ခာကို အလေးထားမှုက အစိတ်အပိုင်း တရပ်အနေဖြင့် ပါဝင်သည့်ပါသည်။ ထို့အပြင် အလယ်အလတ်ကျမှုကို ထောက်ခံရေးနှင့် အစွန်းရောက်မှုပုံစံ အမျိုးမျိုးကို ဆန့်ကျင်ရေးများလည်း ပါဝင်သင့်ပါသည်။

ဖိနှိပ်ခံ အသိုင်းအ၀ိုင်းများအတွက် ထောက်ခံပြောဆိုပေးခြင်း နှင့် ပြည်တွင်းနှင့် ပြည်ပမှ နမူနာများအရ ဦးဆောင်ခြင်းများဖြင့် ဒေါ်အောင်ဆန်းစုကြည်တွင် ဒေသတွင်း ခေါင်းဆောင်တယောက် ဖြစ်လာနိုင်သည့် အခွင့်အရေးတခု ရှိနေပါသည်။

ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ အစိုးရများနှင့် အဆုံးဖြတ်ပေးသည့် နေရာများတွင် အမျိုးသမီးများ ကိုယ်စားပြုခွင့် နည်းနေသေးသည်ကို သတိပြုမိပြီး အမျိုးသမီးတို့၏ အခွင့်အရေးအတွက် ဆောင်ရွက်ပေးနိုင်မည့် ဒေသတွင်း ခေါင်းဆောင် တယောက် ဖြစ်လာရန် အလားအလာလည်း ရှိနေပါသည်။ အမျိုးသားများ ကြီးစိုးထားသည့် အာဆီယံနိုင်ငံရေး လောကတွင် ဦးဆောင်ရာ၌ သူကတိပြုခဲ့သည့် လမ်းစဉ်တခု ဖြစ်သော အကြမ်းမဖက်ဘဲ တိုက်ပွဲဝင်ခြင်းကို ဒေါ်အောင်ဆန်းစုကြည် မစွန့်လွှတ်သင့်ပါ။

နိုင်ငံရေးသမား၏ အခန်းကဏ္ဍနှင့် စံပြပုံရိပ်တခု၏ အခန်းကဏ္ဍက လမ်းကြောင်း လုံးဝကွဲလွဲနေခြင်း မရှိပါ။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူ့ကို ရွေးကောက် တင်မြှောက်လိုက်သည့် မြန်မာပြည်သူတို့၏ အကျိုးစီးပွားကို ကိုယ်စားပြု ဆောင်ရွက်ရင်း အရှေ့တောင်အာရှမှ တခြားသူများ၏ အခွင့်အရေးအတွက်လည်း ရပ်တည် ဆောင်ရွက်ပေးနိုင်ပါသည်။ အဆိုပါ နေရာမှာ မြန်မာနိုင်ငံ၏ ဒေသတွင်း ခေါင်းဆောင်မှုကို ပိုမိုခိုင်မာစေမည့် အခွင့်အလမ်းတခု ဖြစ်ပါသည်။ ထို့ပြင် အတိတ်က အာဏာရှင် နေ့ရက်များဆီသို့ ပြန်ရောက်သွားမည့် ချောက်ကမ်းပါးတွင် ရောက်လုလု ဖြစ်နေသည့် အသွင်ရှိနေသော အာဆီယံဒေသတွင်းမှ အမှန်တရားများကို ရင်ဆိုင်ရန်လည်း ပြင်းပြင်းထန်ထန် လိုအပ်နေပါသည်။

No comments: