Thursday, June 30, 2016

မြန်မာအပါဝင် ရွှေတြိဂံတွင် ဆယ်နှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၃ ဆမြင့်တက်

အောင်ကိုကိုလတ်


မူးယစ်ဆေးဝါး ပြဿနာဟာ ပဋိပက္ခ ဖြစ်ပွားမှုတွေနဲ့ ဆက်စပ်နေပြီး မြန်မာနိုင်ငံ အပါအ၀င် ရွှေတြိဂံဒေသမှာ ဆယ်စုနှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၃ ဆ တိုးမြင့်လာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ အပါအ၀င် ရွှေတြိဂံဒေသတွေမှာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ဘိန်းစိုက်ပျိုးမှု ၃ ဆ မြင့်တက်ခဲ့တာဖြစ်ပြီး ကမ္ဘာတ၀န်းလုံးရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်းဟာ ရွှေတြိဂံနယ်မြေဒေသက ထွက်ရှိနေတာဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာက ဆိုပါတယ်။

ကျန် ၈၀ ရာခိုင်နှုန်းကတော့ အာဖဂန်နစ္စတန်နိုင်ငံက ထွက်ရှိနေတာ ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

ကမ္ဘာ့လူဦးရေ ၅ ဒသမ ၂ ရာခိုင်နှုန်းက မူးယစ်ဆေးဝါး သုံးစွဲနေကြပြီး အဲဒီအထဲက ၂၉ သန်းကတော့ မူးယစ်ဆေးဝါးသုံးစွဲမှု ပြဿနာရှိသူတွေနဲ့ ကြုံတွေ့နေရတာဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (ယူအန်အိုဒီစီ) ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ယူအန်အိုဒီစီ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ဂျယ်ရမီ ဒေါက်ဂလတ်စ် (Mr.Jeremy Douglas) က “ရှမ်းမြောက်မှာ နှစ်စဉ်တိုးပြီး ထုတ်လုပ်နေတာ တွေ့ရမှာပါ။ ပြည်ထဲရေးဝန်ကြီးဌာနက ပြောသလို မူးယစ်ဆေးဝါးပြဿနာနဲ့ ပဋိပက္ခတွေဟာ ဆက်စပ်မှုရှိနေတာကို တွေ့ရမှာပါ။ မူးယစ်ဆေးဝါး ထုတ်လုပ်တာ များပြားတဲ့ ဒေသတွေမှာ ပဋိပက္ခဖြစ်ပွားမှု များပြားနေတာ တွေ့ရှိရပါတယ်။ မဲခေါင်ဒေသမှာ နှစ်စဉ် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု တိုးတက်လျက်ရှိနေတာ တွေ့ရပါတယ်” လို့ ပြောပါတယ်။

မူးယစ်ဆေးဝါးပြဿနာဟာ နိုင်ငံတခုတည်းနဲ့ မသက်ဆိုင်ဘဲ ဒေသတွင်း ပြဿနာအဖြစ်ကို ပြောင်းလဲလာတာ တွေ့ရတယ်လို့လည်း သူက ထောက်ပြပါတယ်။

သူက ဆက်လက်ပြီး “စိတ်ကိုပြောင်းလဲစေတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရရှိမှုဟာ တကမ္ဘာလုံးမှာ နှစ်စဉ် တိုးတက်လာတာကို တွေ့ရမှာပါ။ အရှေ့တောင်အာရှမှာဆိုရင် ဖမ်းဆီးရရှိမှုဟာ ၁၉၉၈ ခုနှစ်ကနေ ဒီနေ့အချိန်အထိ ၇ ဆခန့် ပိုမိုမြင့်တက်လာတာ တွေ့ရမှာပါ” လို့ ပြောပါတယ်။

ကမ္ဘာတ၀န်းမှာ ဘိန်းသုံးစွဲမှု ကျဆင်းလာခဲ့ပေမယ့် စိတ်ကြွရူးသွပ်ဆေးဝါး သုံးစွဲမှု ပိုမိုမြင့်တက်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ ကုန်ကြမ်းတွေက ဆေးဝါးထုတ်လုပ်မှုများတဲ့ အိမ်နီးချင်းနိုင်ငံတွေက ၀င်ရောက်လာတဲ့အတွက် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ အကြံပြု ပြောဆိုခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက “မူးယစ်ဆေးဝါး ရောင်းလိုအားနဲ့ ဈေးကွက်များ ခေါင်းစဉ်အောက်မှာ ကမ္ဘာ့မူးယစ်ဆေးဝါး ပြဿနာ နဲ့ ရေရှည်တည့်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများ၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အမျိုးသမီးနဲ့ ကလေးသူငယ်များကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည့်တံ့မှု၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းများပါဝင်မှု၊ အကြမ်းဖက်မှု၊ တရားဥပဒေစိုးမိုးရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ တရားမ၀င်ငွေကြေး စီးဆင်းမှု စတဲ့ ခေါင်းစဉ်ခွဲတွေနဲ့ အကျယ်တ၀င့် အစီရင်ခံထားတာကို တွေ့ရပါတယ်” လို့ ပြောပါတယ်။

မူးယစ်ဆေးစွဲနေသူတွေ ကုသမှုဟာဆိုရင် ၂၀၀၈ ခုနှစ်က လူဦးရေ ၃ သိန်း ဆေးကုသခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ၉ သိန်းအထိ ဆေးကုသမှု ခံယူလာတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ထိန်းသိမ်းရမှုတွေကလည်း တိုးတက်လာခဲ့ရာမှာ ၂၀၀၈ ခုနှစ်က လူ ၃ သိန်းကျော် ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ၄ သိန်းခွဲလောက်အထိ ဖမ်းဆီးရမိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ယူအန်အိုဒီစီရဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ထုတ်ပြန်ချက်မှာ ရွှေတြိဂံဒေသအတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ မြန်မာနိုင်ငံက ဟက်တာ ငါးသောင်းငါးထောင်၊ လာအိုနိုင်ငံက ငါးထောင့်ခုနှစ်ရာ စိုက်ကြတယ်လို့ ပါရှိပြီး နှစ်နိုင်ငံပေါင်း ဘိန်းထွက်ပမာဏဟာ မက်ထရစ်တန်ချိန် ၇၃၁ နဲ့ ၈၂၃ အကြား ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

မစ္စတာ ဂျယ်ရမီ ဒေါက်ဂလတ်စ်က “ရွှေတြိဂံဒေသရဲ့ ဘိန်းထုတ်လုပ်မှု၊ ဓာတုဆေးရည် တင်သွင်းမှုနဲ့ ဘိန်းဖြူထုတ်လုပ်မှုဟာ တရာဥပဒေစိုးမိုးမှုနဲ့ ထုတ်လုပ်တဲ့ဒေသတွေရဲ့ အေးချမ်းတည်ငြိမ်မှုကို ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဘိန်းဖြူလိုအပ်ချက် မြင့်မားမှုဟာ လက်မခံနိုင်လောက်စရာဖြစ်ပြီး ရာဇ၀တ်အုပ်စုတွေအနေနဲ့ ဒီအပေါ်ကနေ အကျိုးအမြတ် အကြီးအကျယ် ရနေကြတယ်လို့လည်း ဆိုပါတယ်။

ပဋိပက္ခဧရိယာလည်းဖြစ်၊ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့တွေ အခြေချတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဟာ မြန်မာနိုင်ငံရဲ့ ဘိန်းနဲ့ ဘိန်းဖြူကုန်သွယ်ရေးရဲ့ အချက်အချာအဖြစ် ကျန်နေဆဲဖြစ်ပြီး ရွှေတြိဂံဒေသက ဘိန်းထွက်ရှိမှုရဲ့ ၉၁ ရာခိုင်နှုန်း ထွက်တယ်လို့ ဆိုပါတယ်။ လာအိုမှာတော့ မြောက်ပိုင်းခရိုင်ခုနှစ်ခုမှာ စိုက်ပျိုးကြတယ်လို့ ဆိုပါတယ်။

ဆင်းရဲမွဲတေမှု၊ ခက်ခဲတဲ့ ဘ၀အခြေအနေမှာ နေထိုင်ရမှု၊ မိသားစုတွေ အကြွေးတင်မှုနဲ့ တခြားဝင်ငွေရလမ်း မသေချာ မရေရာမှုတွေဟာ ဘိန်းစိုက်ပျိုးမှုနဲ့ ထဲထဲဝင်ဝင် ချိတ်ဆက်နေတယ်လို့လည်း ထောက်ပြထားပါတယ်။

No comments: