Saturday, June 25, 2016

ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ကို ကချင်လူမှုအဖွဲ့အစည်းများက လူ့အခွင့်အရေးချိုးဖေါက်ခံရမှုများ တင်ပြ

ဖနိဒါ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ (Yanghee Lee) ကို ကချင်ပြည်နယ်ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများက အမျိုး သ မီး အခွင့်အရေးဆုံးရှုံးမှု၊ အကြမ်းဖက်ခံရမှု၊ စစ် ပြေး ဒုက္ခသည်များအရေးနှင့် လူ့အခွင့်အရေးချိုးဖောက် ခံရမှုများကို တင် ပြခဲ့သည်ဟု သိရသည်။

ဇွန်လ ၂၄ ရက် ညနေပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မဒီရာဟိုတယ်တွင် ကချင်ပြည်နယ်ရှိ အမျိုးသမီးအရေးဆောင်ရွက်နေသည့်အဖွဲ့၊ ရှေ့နေများ၊ စစ်ပြေးဒုက္ခသည်အား ကူညီ ထောက်ပံ့ပေးနေသည့် Joint strategy Team မှ ကချင်ခရစ်ယာန်အဖွဲ့ချုပ်(KBC)၊ မေတ္တာဖောင်ဒေးရှင်း၊ ငြိမ်းဖောင်ဒေးရှင်းစသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မစ္စယန်ဟီးလီနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့တင်ပြခဲ့ခြင်း ဖြစ်သည်။

“ကျမက အမျိုးသမီး အခွင့်အရေးဆုံးရှုံးမှု၊ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ အရမ်း ရှိ နေလို့ တိုက်ပွဲတွေ ရပ်တန့်ပေးဖို့၊ စစ်တပ်နဲ့ ပတ်သက်လို့ အမှုရင်ဆိုင်ရတဲ့အခါ အရေးယူလို့ မရတဲ့ကိစ္စတွေ၊ ဒါက လူ့အခွင့်အရေး ချိုးဖောက်မှု ဘယ်လောက်ရှိတယ်ဆိုတာတွေ ပြောပြတယ်”ဟု ကချင်ပြည်နယ် အမျိုး သမီးများ ကွန်ရက်မှ ဒေါ်နန်ပူက မဇ္စျိမကို ပြောသည်။

ထို့ပြင် ကချင်ပြည်နယ် လတ်တလော ကွန်ပျူတာသက္ကသိုလ်ကျောင်းသား မောင်ဂွမ်ဆိုင်းအောင် အသတ်ခံရမှု၊ ဖားကန့်မြို့တွင် ရာအိမ်မှူး ဒေါ်နန္ဒာလှိုင် အသတ်ခံရမှု၊ ကာမိုင်းမြို့တွင် အမျိုးသမီးကိုယ်ဝန်သည်တစ်ဦး အ သတ်ခံရမှုများသည် တရားဥပဒေ စိုးမိုးမှု မရှိခြင်းကြောင့်ဖြစ်ကြောင်းလည်း တင်ပြခြဲ့ကသည်။

“သူမေးတာက အရင်အစိုးရထက် ဒီအစိုးရ လက်ထက်မှာ ပိုကောင်းလာသလားဆိုပြီးမေးတယ်။ ကျမကတော့ ပိုတောင် ဆိုးလာတယ်။ အခုထိလည်း အစိုးရသစ်နဲ့ ကျမတို့ တွေ့ဆုံ ဆွေးနွေးခွင့်မရဘူး။ သူတို့ ဘက်ကနေ လည်း ကျမတို့ အရပ်ဘက် အဖွဲ့ အစည်းတွေနဲ့ တွေ့ဖို့ အထက်က ပိတ်ပင်ထားတာတွေ ရှိတယ်ဆိုတာတွေကို သူတို့ကိုယ်တိုင် ဗြောင် ပြောတယ်။ လတ်တလော အသတ်ခံရမှုတွေကို တင်ပြတယ်။ တကယ် စိတ်မကောင်း ပါဘူးလို့ ပြောတယ်။ သူကတော့ သူ့ အစီရင်ခံ စာမှာ ထည့်ပေးမယ်။”ဟု ဒေါ်နန်ပူက ပြောသည်။

စစ်ပြေး ဒုက္ခသည်များအတွက် လုံခြုံမှုမရှိခြင်း၊ စစ်ပြေးဒုက္ခသည်များအား ထောက်ပံ့မှု လျော့နည်းလာမှုများ၊ မြန် မာ့ တပ်မတော်ကြောင့် ပြည်သူလူထု လုံခြုံမှု မရှိခြင်းစသည့် အချက်များကိုလည်း အဖွဲ့အစည်း အသီး သီးက တင်ပြခဲ့ကြောင်းလည်း သိရသည်။

“ကျနော်တို့ ဖားကန့်ဒေမှာ တော်တော်နစ်နာနေတဲ့ မြန်မာပြည်သားတွေရဲ့ အဖြစ်အပျက်တွေကို တင်ပြခဲ့ တယ်။ ကျနော်တို့ ဌာနေသားတွေ ကြံတွေ့နေရတဲ့ အခက်အခဲ ကုမ္ဗဏီတွေကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးဆက် ဥပမာ မြေပြိုတာတို့ ရေကြီးရေ လျှံဖြစ်တာတို့၊ ဗဟိုက ချုပ်ကိုင်တဲ့အတွက် စစ်တပ်က ချုပ်ကိုင်ထား တဲ့အ တွက် တရုတ်ကုမ္ဗဏီတွေ ရောက်လာတဲ့ အကြောင်းတွေ အဲဒါအဓိကထားပြီးတော့ တင်ပြဖြစ်ပါတယ်”ဟု ကချင် အမျိုးသားလူမှုဖောင်ဒေးရှင်းအဖွဲ့မှ ဦးလမောင်လတောင်က ပြောသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် စစ်ပြေးဒုက္ခသည်များနှင့် သွားရောက်တွေ့ဆုံခဲ့သလို၊ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ရောက်ရှိနေသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလူ့ အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စယန်းဟီးလီ Yang hee lee သည် ဇွန်လ ၁၉ ရက်မှ ဇူလိုင်လ ၁ ရက်နေ့ထိ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံတွင် ရောက်ရှိနေခြင်း ဖြစ်သည်။

သူ၏ ခရီးစဉ်တွင် အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ လူ့အခွင့်ရေးချိုးဖေါက်ခံရသူများနှင့် တွေ့ဆုံမည် ဖြစ်ပြီး ရရှိလာသည့် အချက်အလက်များကို အစီရင်ခံစာတစ်စောင်ပြုလုပ်၍ လာမည့် ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် နယူးယောက်မြို့၌ ကျင်းပမည့် ၇၁ ကြိမ်မြောက် ကုသမသဂ္ဂ အထွေထွေ ညီလာခံတွင် ၄င်းအစီရင်ခံစာကို တင်သွင်းမည် ဖြစ်သည်။

သူ၏ ခရီးစဉ်အတွင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရခိုင်ပြည်နယ် စစ်တွေ၊ ရှမ်းပြည်နယ် လားရှိုး၊ ရန်ကုန်၊ နေပြည်တော်တို့သို့ သွားရောက်မည် ဖြစ်ပြီး ယခုအကြိမ်သည် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် လာရောက် သည့် ခရီးစဉ်လည်း ဖြစ်သည်။

No comments: