Friday, June 24, 2016

စစ်တပ်နှင့် ဝန်ကြီးဌာနများ သိမ်းယူထားသည့် မြေ ၂၃၂ဧကကျော် ယာယီလုပ်ပိုင်ခွင့်ဖြင့် ပြန်ပေးအပ်

နန်းဝေဖြိုးဇာ


ကရင်ပြည်နယ်အတွင်း အမှတ်(၃၃၈)နှင့် (၃၃၉) ခြေမြန်တပ်ရင်း၊ ပြည်နယ်အကျဉ်းဦးစီးဌာနနှင့် ယခင် အမှတ်-၂ စက်မှုဝန်ကြီး ဌာနတို့ သိမ်းယူထားသည့် မြေ ၂၃၂.၄ဧကကို ပြည်နယ်အစိုးရ၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က မူလပိုင်ရှင် လယ်သမားများထံ ဇွန်လ ၁၇ရက်နေ့တွင် ပြန်လည် ပေးအပ်လိုက်သည်။

အဆိုပါမြေများမှာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံမိုးတောင်ကျေးရွာ၊ ဖားအံမြို့နယ်၊ လက္ခဏကျေးရွာ၊ လှိုင်းဘွဲမြို့ နယ်၊ ကော့လှိုင်းကျေးရွာများမှ မြေယာများဖြစ်ပြီး သိမ်းဆည်းခံမြေများ ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ထိုနေ့မွန်းလွဲ ၁နာရီ မှ ၁နာရီခွဲထိ ကရင်ပြည်နယ်၊ ဖားအံမြို့၊ ကန်သာယာခန်းမ၌ ပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြသည်။

ပြည်နယ် လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနမှူး ဦးနိုင်အောင်က “အခု ပြန်ပေးတဲ့မြေတွေက အမှန် စိစစ်ပြီး အသုံးမလို တဲ့မြေတွေကို ပြန်လည် စွန့်လွှတ်တာဖြစ်တယ်။ လက်ရှိ တောင်သူတွေ ဝင်လုပ်တဲ့အပေါ်မှာ သူတို့ရဲ့လုပ်ကိုင်မှုကို ကြည့်ပြီး တော့မှ ပြန်စွန့်တာ။ တရားဝင် အမည်ပေါက် လုပ်မယ်ဆိုရင် ဥပဒေအရ အနိမ့်ဆုံး တစ်လကြာ ကန့်ကွက်စာခေါ်တယ်။ အဆင့် ဆင့်သွားမယ်ဆိုရင် ၈၉ရက်လောက် ကြာမယ်။ ဒီတော့သူတို့အတွက် စိုက်ပျိုးချိန်မှီအောင် အခုယာယီလုပ်ပိုင်ခွင့် လက်မှတ်ပေး တယ်၊ ပြီးရင် တရားဝင်အမည်ပေါက်ကို ဥပဒေနဲ့အညီ အမြန်ဆုံး ဆောင်ရွက်ပေးမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မူလ ပိုင်ရှင်များထံ ပြန်ပေးသည့် မြေ ၂၃၂.၄ဧကမှာ သိမ်းယူခံရသည့် လယ်မြေအနည်းငယ်သာ ဖြစ်သလို မူလပိုင်ရှင် များထံ ပြန်ပေးအပ်ရန် လယ်၊ ယာ၊ မြေ များစွာကျန်သေးသည်ဟု လယ်၊ယာ၊မြေ သိမ်းဆည်းခံရသည့် ဒေသခံများက ယခုလို ပြောသည်။

“အခု ပြန်ပေးတဲ့မြေတွေက နည်းနည်းပဲ။ ကျနော်တို့ရွာမှာ စစ်တပ်သိမ်းယူပြီး ဘာမှမလုပ်ဘဲ ထားတဲ့လယ်တွေ အများကြီးရှိ တယ်။ အခုပြန်ပေးတဲ့ လယ်တွေက ရွာနဲ့ အဝေးကြီး။ ဘာမှ စိုက်လို့မကောင်းတဲ့ လယ်တွေ ပြန်ရတော့ ဘာလုပ်ရမလဲ။ ပေးရင် လည်း တူတူပေး၊ မျက်နှာလုပ်ပြီး မပေးပါနဲ့။ တကယ်သွားစစ်ဆေးပြီးမှ ပြန်ပေးပါလို့ ပြောချင်ပါတယ်။ ကျနော်ဆို လယ်အသိမ်း ခံရတာ အများကြီး။ စွန့်လွှတ်တဲ့အထဲမှာ တစ်ကွက်မှ ပြန်မရဘူး”ဟု လှိုင်းဘွဲမြို့နယ်၊ ကော့လှိုင်းကျေးရွာသား စောပေါက်ပြား က ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်အတွင်း ၁၉၉၁ခုနှစ်ကတည်းက အစိုးရမှာ သိမ်းယူထားသည့် မြေများစွာရှိသလို ယင်းမြေများကို မူလပိုင်ရှင်များ ထံ အမြန်ဆုံးပေးအပ်ရန် ဒေသခံများက လိုလားနေသလို လယ်၊ ယာ၊ မြေ ပြန်မရသေးသည့် ဒေသခံများက ပြောဆိုသည်။

No comments: