ရွှေအောင်
ဇွန် ၂၀ ရက်က စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အတွင်း သစ်ခိုးထုတ်သူများက အုပ်စုဖွဲ့ရိုက်နှက်ခံရလို့ သေဆုံးခဲ့တဲ့ တောအုပ်အလောင်းကို ရှာမတွေ့သေးသလို အုပ်စုဖွဲ့ရိုက်နှက်ခဲ့သူတွေကိုလည်း ဒီနေ့ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။
ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့အောက်ဘက် ၅ မိုင်ခန့်အကွာ ဧရာဝတီမြစ်ပြင်မှာ ၀ါးဖောင်နဲ့ သစ်ခိုးထုတ်လာသူတွေကို တောအုပ် ဦးမျိုးမင်းကြိုင်ခေါင်းဆောင်တဲ့ သစ်တောဝန်ထမ်းများက ဟန့်တားစဉ် အခင်းဖြစ်ပွားခဲ့တာလို့ ရွှေဘိုက တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူက ပြောပါတယ်။
“သစ်တောလှေ ဖောင်နားကပ်သွားတော့ သစ်ခိုးထုတ်တဲ့သူတွေက အောက်ဘက်မှာရှိတဲ့ သူတို့ လူတွေကို လှမ်းခေါ်တယ်။ လှမ်းခေါ်တော့ မော်တော် ၂ စီးနဲ့ လူ ၂၀ လောက် ရောက်လာ ပြီးတော့ ဆွဲကပ်မလိုလုပ်နေတဲ့ သစ်တောအဖွဲ့က လူတွေကို ၀ိုင်းရိုက်ကြတာ၊ အဲ့ဒီမှာတင် ကိုမျိုးမင်းကြိုင်က ရေထဲကျသွားတာ၊ ရေထဲကျပြီး ပြန်တက်အလာကို တခါ ၀ါးနဲ့ ထပ်ထိုးမြုပ် ပစ်တာ၊၂ချက် ၃ချက်လောက် ၀ါးနဲ့ ထပ်ထိုးမြုပ်ပစ်လိုက်တော့ တောအုပ်က ရေထဲမြုပ်သွားပြီး ပြန်ကို မပေါ်တော့တာ။”
သစ်တောအဖွဲ့က ၀န်ထမ်း ၆ယောက်စလုံး အရိုက်ခံရပြီး ၂ ယောက် ဒဏ်ရာပြင်းလို့ ရွှေဘိုဆေးရုံတင် ကုသခဲ့ရပါတယ်။
သစ်တောဝန်ထမ်းများကို အုပ်စုဖွဲ့ရိုက်နှက်ခဲ့သူတွေကို ဖမ်းမိရေးအတွက် ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး အပူတပြင်း စုံစမ်းစစ်ဆေးနေပေမယ့် ထွက်ပြေးလွတ်မြောက်နေကြတုန်း ဖြစ်ပါ တယ်။
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြင့်နိုင်ဟာ မြစ်ထဲမျောပါပျောက်ဆုံးနေတဲ့ တောအုပ် ဦးမျိုးမင်းကြိုင် ရဲ့ ကျန်ရစ်တဲ့ မိသားစုထံ ဇွန် ၂၁ ရက်က သွားရောက်အားပေး နှစ်သိမ့်ကူညီပေးခဲ့ပါတယ်။
ဒဏ်ရာရရှိသူတွေကိုလည်း ရွှေဘိုဆေးရုံးမှာ သွားရောက်ကြည့်ရှုံ အားပေးခဲ့ပြီး တရားခံတွေ အမြန်ဆုံးဖမ်းမိဖို့ ၀န်ကြီးချုပ်က တွန်းအားပေး ပြောဆိုထားပါတယ်။
စစ်ကိုင်းတိုင်းအတွင်း သစ်ခိုးထုတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး အလားတူ အဖြစ်မျိုး ဖြစ်ပွားလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

No comments:
Post a Comment