Wednesday, June 22, 2016

စစ်တွေမြို့ပေါ်တွင် NVC ကတ်အား လာရောက်ထုတ်ယူသူနည်းပါး

ကျော်မင်း (စစ်တွေ)

စစ်တွေမြို့ပေါ်ရှိ အစ္စလမ်ဘာသာဝင်များ နေထိုင်ရာ ရပ်ကွက်ဖြစ်သည် အေင်မင်္ဂလာရပ်ကွက်နှင့် ဒုက္ခသည် စခန်းအနီး သက္ကယ်ပြင် ကျေးရွာများတွင် ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးဆောင်ပြီး NVC ကတ်ထုတ်ပေးမှု လုပ်ငန်းများကို ဇွန်လ ၂၁ ရက်က စတင် ဆောင်ရွက်ခဲ့သည်။

NVC ကတ်မှာ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် မှုစလင်များကို ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေအရနိုင်ငံသားဖြစ်မှု ထပ်မံစိစစ်နိုင်ရန် ကောက်ခံခြင်းဖြစ်ပြီး ရရှိသော စာရင်းများကို ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီသို့ တင်ပြသွားမည်ဖြစ်ကာ နိုင်ငံသားဖြစ်ခွင့်ရှိသူများကို နိုင်ငံသားအဖြစ် ခွင့်ပြုနိုင်ရန်အတွက် ပြုလုပ်ဆာင်ရွက်နေခြင်းဖြစ်သည်။

သို့ရာတွင် NVC ကတ်တွင် လူမျိုးဘာသာ အမည်စာရင်းမပါရှိသဖြင့် အစ္စလမ်ဘာသာဝင်အချို့က လက်မခံဘဲ ငြင်းဆန်မှုများ ရှိနေသည်။

စစ်တွေမြို့နယ် အောင်မင်္ဂလာရပ်ကွက်၏ NVC ကတ်ထုတ်ပေးမှု စာရင်းကို လာရောက်ထုတ်ယူသူ မရှိဟု ပြည်နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူး ဦးဝင်းလွင်၏ ပြောကြားချက်အရ သိရှိရပြီး လူဦးရေ ၁၃၀၀၀ ကျော်ရှိတဲ့ သက္ကယ်ပြင်ကျေးရွာတွင် ယမန်နေ့ နေ့လည် ၁ နာရီအထိ NVC ကတ်လာရောက် ထုတ်ယူသူ ၇ ဦးသာ ရှိခဲ့ကြောင်း သက္ကယ်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမြင့်က ပြောသည်။

NVC ကတ်ထုတ်ပေးမှုကို ရခိုင်ပြည်နယ်အတွင်း ပထမ အဆင့်အနေနှင့် ကျောက်ဖြူ၊မြေပုံ၊ပုဏ္ဏားကျွန်းမြို့နယ်များတွင် စတင်ဆောင်ရွက်ခဲ့သော်လည်း ပုဏ္ဏားကျွန်းမြို့နယ် NVC ကတ်ထုတ်ပေးမှုလုပ်ငန်းကို ရပ်နားထားကြောင်း ဇွန်လ ၇ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးဝင်းလွင်ကပြောကြားခဲ့သည်။

" ကျနော့်အသက် ၃၇ နှစ်ရှိပြီ။ ကျနော်တို့ ဘယ်တန်းတူအခွင့်အရေးကိုမှ မရရှိပါဘူး။ ခု ဒီကတ်ကို လက်ခံရင်ရော ဘာအခွင့်ရေးတွေက ထူးခြားပြီး ရရှိလာမှာပါလဲ။" ဟု NVC ကတ်ကို လာရောက်ထုတ်ယူရန် ငြင်းဆိုခဲ့သူ သက္ကယ်ပြင်ရွာသားတစ်ဦးဖြစ်သူ မာမတ်လာယူက ပြောသည်။

ရခိုင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ကျောက်ဖြူမြို့နယ်၌ ဇွန် ၇ ရက်မှ ၁၄ အထိ အမျိုးသား ၂၄ဝ ၊ အမျိုးသမီး ၃၁၃ ဦး စုစုပေါင်း ၅၅၃ ဦး၊မြေပုံမြို့နယ်၌ အမျိုးသား ၂၄၅ ဦး၊ အမျိုးသမီး ၃၁၉ ဦး စုစုပေါင်း ၅၆၄ ဦးကို စိစစ်ဆောင်ရွက်ပြီးဖြစ်ကြောင်း ဇွန်လ ၁၆ ရက်နေ့ အထိ ကောက်ခံရရှိပြီး စာရင်းများအရ သိရသည်။

No comments: