Friday, November 4, 2011

သျှမ်းပြည်နယ် လွှတ်တော်အစည်းအဝေး အချိန်နည်းပါး လွှတ်တော်အမတ်များ အားမလိုအားမရ

သျှမ်းသံတော်ဆင့်

အောက်တိုဘာလ ၃၁ ရက်က စတင်သည့် ပထမ အကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၃ ရက် သာ အချိန်ရသဖြင့်တင်ပြလို သည့်အချက်အလက်များ မတင်ပြလိုက်ရသည့် လွှတ်တော် အမတ်များ အားမလိုအား မရဖြစ် နေကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းကပြောပါသည်။

“ စီစဉ်လာတဲ့အချက်တွေ မတင်ပြလိုက်ရတဲ့ အပြင် သက်ဆိုင်ရာပြည်နယ်ဝန်ကြီးတွေ ကဖြေကြားပေး တာ တွေဟာ ကျနော်တို့ သိလိုတဲ့အချက် အလက်တွေနဲ့ အလှမ်းဝေး နေတဲ့အတွက် မကျေနပ်နိုင် တာဖြစ်ပါတယ်” ဟု ကျားဖြူပါတီမှ အမတ်တဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ၃ ရက်တာကာလအတွင်း လွှတ်တော်အမတ်များဖက်မှ အနည်းငယ်သာ တင်ပြနိုင်ခဲ့ပြီး လွှတ်တော်၏ရှင်းလင်းမှု ကိုသာ နားထောင်ခဲ့ရကြောင်း အစည်းအဝေး တက်ရောက်သူ အမတ်များက ပြောသည်။

အမည်မဖော်လိုသည့် ခြင်္သေ့ပါတီမှ အမတ်တဦးကလည်း “လူ့အခွင့်အရေးနဲ့ပတ်သက်ရင် ပြည်တောင် စုလွှတ် တော်ကို တိုက်ရိုက် တင်ရ မယ်လို့ ပြောတယ်။ ပြည်နယ်လွှတ်တော်မှာ လုပ်ပိုင်ခွင့်အာဏာမရှိဘူးတဲ့။ နောက် တခုက သျှမ်းပြည် နယ်အစိုးရဝင်ငွေအတွက် အခွန်ကောက် ခံတဲ့ကိစ္စ။ သွင်းကုန်ပစ္စည်းရဲ့ ၃ % ဘဲဆိုတော့ ဘတ်ဂျက်က အရမ်းနည်းနေ တယ်။ လွတ်တော်အမတ်တိုင်းက စိုးရိမ် နေတဲ့အချက်ပေါ့ ။ ဘာလို့လဲဆို လစာငွေ လုံလုံလောက်လောက် ပေးနိုင်ပါ့မလား ပေါ့ နော်။ ကျန်တဲ့ ရှင်းလင်းချက်တွေ တော့ စိတ်ဝင် စားစရာမရှိဘူး။ လွှတ်တော် အမတ်တွေ တင်ပြဖို့ စီစဉ်သွားကြတဲ့ ခေါင်း စဉ်တွေ တင်ပြချိန်မရှိခဲ့ဘူး” ဟုအတည်ပြုပြော ဆိုသည်။

အစိုးရသစ်တက်လာသည့် ၇ လ ၈ လ တာ ကာလအတွင်း စိတ်တိုင်းကျ လုပ်ပိုင်ခွင့်တင်ပြပိုင်ခွင့်များ မရှိသဖြင့် ကျားဖြူ ပါတီ မှ အမတ်တချို့စိတ်ပျက်နေကြောင်း၊ သို့သော် ပြောင်းလဲမှုအတွက် အချိန် ပေးစောင့်ကြည်ရဦး မည်ဖြစ်ကြောင်း တောင်ကြီးရောက် ကျားဖြူပါတီအမတ်တဦးကလည်းပြောသည်။

တဖက်တလမ်းကလည်း နည်းပါးသော သျှမ်းပြည်အစိုးရဝင်ငွေကြောင့် လာမည့်နှစ် လစာအတွက် စိုးရိမ်နေ သော ကျားဖြူ ပါတီက ၎င်းတို့ထံ ရှယ်ယာဝင်ထားသည့်အစုအဖွဲ့မှ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ်၌ လုပ်ပိုင်ခွင့်ရထားသော ဂေါဒန် ကျောက်တူး ဖော်ရေးစီမံကိန်း အကောင် အထည် ဖော်ရန် စီစဉ်နေသည်ဟုဆိုပါ သည်။

ပထမအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကို အောက်တိုဘာ ၃၁ မှ နိုဝင် ဘာ ၂ ရက် အထိ ၃ ရက်သာ အချိန်ပေးခေါ်ယူခဲ့ပြီး သျှမ်းပြည်ဝန်ကြီးချုပ်စဝ်အောင်မြတ်၊ ပြည်နယ် လွှတ်တော်ဥက္ကဌ စိုင်းလုံးဆိုင်နှင့်လွှတ် တော်ကိုယ်စားလှယ် ၁၃၈ ဦးတက်ရောက်ကြောင်း သိရပါ သည်။

တကယ့်အပြောင်းအလဲ လိုနေပြီ

ဧရာဝတီ

လာမည့်နိုဝင်ဘာ ၇ ရက်နေ့ဆိုလျှင် စစ်အစိုးရ ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲ ၁ နှစ် ပြည့်လေပြီ။

ယင်း ရွေးကောက်ပွဲက ဒီမိုကရေစီ နည်းလမ်းမကျခဲ့သော်လည်း ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် လွှတ်ပေးခဲ့ရာမှ စ၍ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုများ အတွက် မျှော်လင့်ချက်များ ပေးခဲ့သည်။

ထို့ကြောင့် ရွေးကောက်ပွဲအပြီး ၁ နှစ်အတွင်း ပြောင်းလဲဖြစ်ပေါ် လာနေသည့် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ပြည်တွင်းကသာ မကဘဲ နိုင်ငံတကာကပါ စိတ်ဝင်တစား စောင့်ကြည့်နေသည်။

လတ်တလော မြန်မာပြည်မှ ပြန်သွားသည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Marty Natalegawa က မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ တွင်ကျင်းပမည့် အာဆီယံ ဥက္ကဋ္ဌ ရာထူး လွှဲပြောင်းရယူရန် ပြုပြင်ပြောင်းလဲရန် ကြိုးစားလိုမှုများ နောက်ပြန် ဆုတ်လိမ့်မည် မဟုတ်ဟု ယူဆကြောင်း ပြောခဲ့သည်။

အာဆီယံသာမကဘဲ အမေရိကန်နိုင်ငံကလည်း ယခု ရက်ပိုင်းအတွင်း မြန်မာအစိုးရနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန် လာဟန်ရှိပြီး သံတမန်ခရီးစဉ် အကူးအလူး စိပ်လာသည်ကို တွေ့ရသည်။

အင်္ဂါနေ့တွင် အမေရိကန် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးနှင့် အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ် မစ်ချယ်တို့ မြန်မာပြည်သို့ လာဦးမည်ဖြစ်သည်။

ထို့ပြင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီ ဂျေ နမ်ဘီးယား သည်လည်း မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုများကို လေ့လာရန် မြန်မာပြည်သို့ ၅ ရက်ကြာ ခရီးစဉ်အတွက် လာရောက်နေပြီ ဖြစ်သည်။

သံတမန်ရေးရာ ကိစ္စရပ်များတွင် အမေရိကန်အစိုးရ၊ အာဆီယံ တို့နှင့် ပိုမိုနီးစပ်လာခြင်းက တရုတ်နိုင်ငံ တနိုင်ငံတည်းကို အားကိုးအားထား ပြုနေသည့် လမ်းကြောင်းမှ ခွဲထွက်လာခြင်းဖြစ်သည်ဟု လေ့လာသူများက ယူဆနေကြသော်လည်း
ပြည်တွင်း နိုင်ငံရေးဖြစ်ထွန်း တိုးတက်မှုများနှင့် တိုက်ရိုက် စပ်ဆက် နေသည်ဟု ဆိုနိုင်ပါသည်။

လတ်တလော ပြည်တွင်းနိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုများကို ဒေါ်အောင်ဆန်းစုကြည်က သတိကြီးစွာဖြင့် အကောင်း မြင်နေသောကြောင့် အများက ရှေ့ဆက် မျှော်လင့်နေကြသည်မှာလည်း မဆန်းပေ။

မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အခြေစိုက် Wall Street Journal သတင်းစာ တွေ့ဆုံမေးမြန်း ခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းနှင့် မြန်မာအစိုးရ ခေါင်းဆောင်များအကြား စကားပြောဆိုနေခြင်းသည် ၁၉၉၀ ဝန်းကျင်ကာလများက အသားအရောင်ခွဲခြားမှုစနစ်ကို ရပ်စဲရန် တောင်အာဖရိကတွင် နှစ်ဘက်အပြန်အလှန် ညှိနှိုင်းကြခြင်းနှင့် အလားသဏ္ဍန်တူကြောင်း ပြောခဲ့သည်။

ထို့အပြင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာတွင်လည်း မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ရာထူး လွှဲပြောင်းရယူရေးကို ဆန့်ကျင်ခြင်း မရှိခဲ့ပေ။

မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌ ရာထူးကို ဂုဏ်ယူ ဝံ့ကြွားစွာ ရယူနိုင်ရေးအတွက် ပြည်သူပြည်သားများ၏ အင်တိုက် အားတိုက် ထောက်ခံ အားပေးမှုကို လိုအပ်သည့် နည်းတူ ပြည်ပက လေးစားအသိအမှတ်ပြုသည့် ပြုပြင်တိုးတက်မှုများ ရရှိရန်လည်း အဓိကကျသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သည်။

ပြည်တွင်း ပြည်ပက လေးစားအသိအမှတ်ပြုသည့် ပြုပြင်တိုးတက်မှုများဆိုသည်မှာ ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရေးနှင့် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်မက်များကို ရပ်စဲပေးရေးအား ဆိုလိုခြင်းဖြစ်သည်။

သို့ရာတွင် မြန်မာနိုင်ငံရေး ဖြစ်ထွန်း ပြောင်းလဲရေးအတွက် ကျရောက်နေသည့် ဖိအားမှာ မြန်မာအစိုးရ အပေါ်ကိုသာ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် အဓိက အတိုက်အခံပါတီကြီး ဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပေါ်ကိုပါ သက်ရောက်နေကြောင်း မြင်တွေ့ရသည်။

ပါတီ တရားဝင်ရန်အတွက် ပြန်လည် မှတ်ပုံ တင်၊ မတင်ဆိုသည့် အရေးကို NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမြန်ဆုံး စဉ်းစားရတော့မည် ဖြစ်သည်။

အကယ်၍ လွှတ်တော်၌ ပြင်ဆင် အတည်ပြုထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို သမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုးပေးလိုက်သည်နှင့် NLD ပါတီ မှတ်ပုံတင်ရေးနှင့် လာမည့် နိုဝင်ဘာလအတွင်း ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲဝင်၊ မဝင်ကိစ္စ စဉ်းစားဆုံးဖြတ် ရတော့မည်။

အစိုးရအနေဖြင့် NLD ကို အမြန်ဆုံး မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်စေချင်သည့် ဆန္ဒရှိပုံပေါ်သည်။ သို့မှသာ အာဆီယံဥက္ကဋ္ဌ ရာထူး လွှဲပြောင်းရယူရေးနှင့် စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သိမ်းရေး ကြိုးပမ်းမှုများအတွက် မျက်နှာပန်းလှမည် ဖြစ်သည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဘက်က ချိန်ဆနေပုံရသည်။ အဘယ်ကြောင့် ဆိုသော် ယခုထက်ထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အတည် မဖြစ်သေးသကဲ့သို့ နိုင်ငံရေးအကျဉ်းသားများလည်း မလွတ်သေးပေ။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသော နေရာ ၅၀ ခန့်ရှိသောကြောင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒရှိနေ လျှင်ပင် NLD အနေဖြင့် အဆင်သင့်ဖြစ်နိုင်၊ မဖြစ်နိုင်ကို ပါတီတွင်းနှင့် မဟာမိတ်ပါတီများအကြား ဆွေးနွေးနိုင်ဖွယ် ရှိသည်။

နှစ်ပေါင်း ၂၀ ကျော် ဖိနှိပ်ချုပ်ချယ် ခံထားရသည့် ပါတီအား ပြန်လည်ထူထောင်ရန် အချိန်တခု လိုအပ်မည်ဆိုလျှင်လည်း အံ့သြစရာမရှိပေ။

နောက်တချက်မှာ လစ်လပ်နေသည့် နေရာ ၅၀ စလုံး NLD က အနိုင်ရသည် ဆိုလျှင်ပင် လွှတ်တော်အတွင်း ဥပဒေပြုနိုင်သည့် အရေအတွက် မဟုတ်သောကြောင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ရည်မှန်းချက် ထားမည်ဆိုလျှင်လည်း လက်ခံနိုင်စရာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ခိုင်မာသည့် ခြေလှမ်းကို မြန်မာအစိုးရနှင့် အဓိက အတိုက်အခံ ပါတီတို့ နှစ်ဘက်စလုံး လှမ်းကြရတော့မည်မှာ ရှောင်လွှဲမရသည့် ကိစ္စဖြစ်သည်။

ထိုခြေလှမ်းကို နှစ်ဘက်စလုံးက မြန်မြန်ဆန်ဆန်နှင့် ခိုင်ခိုင်မာမာ လှမ်းတက်မည် ဆိုလျှင် တိုင်းပြည်အတွက် ကောင်းမွန်သော အလားအလာကို မြင်တွေ့ကြရမည်ဟု ဧရာဝတီက ယူဆသည်။

ထိုသို့မဟုတ်ဘဲ အချိန်ဆွဲ လေးဖင့်နေမည် ဆိုပါက နှစ်ဦးနှစ်ဘက် သံသယများသာ ပြန်လည်ဦးမော့လာပြီး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆိုသည့် ပန်းတိုင်နှင့် ဝေးနေဦးမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,4th,2011

( 43 )ရန်ကုန်တွင်လိုအပ်နေသည့် ရေဖူလုံရေးအတွက် အဆိုကို ကန့်ကွက်

( 42 )မိသားစု ​၇၀ ကို စည်ပင်က အဓမ္မပြောင်းရွှေ့ခိုင်း

( 41 )Burma: A Year After Elections, Rights Concerns Persist

( 40 )ဘူးဂါးပိုင်လျှပ်စစ်လိုင်း ပြတ်တောက်နေ

( 39 )ဆီး​ဂိမ်း​အဖွင့်​ပွဲစဉ်တွင် မြန်မာအသင်း​က လာအိုကို ၃-၂ ဂိုး​ဖြင့်​ အနိုင်ရရှိ

( 38 )Burma Superstar Comes Down on Burmese Food Truck

( 37 )ပါတီ မှတ်ပုံတင်ဖို့နဲ့ ရွေးကောက်ပွဲကိစ္စ စဉ်းစားဆုံးဖြတ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

( 36 )Burma ambassador's questionable past

( 35 )ဦးခင်အောင်မြင့် ဆုံးဖြတ်ချက်ကို အမျိုးသား လွှတ်တော် အတည်ပြု

( 34 )No reason to celebrate as Myanmar marks anniversary

( 33 )အမေရိကန်တွေလာရောက်မှု အစိုးရဘက်က အကောင်းမြင်

( 32 )Good Seats Still Available as SEA Games Football Kicks Off

( 31 )အစာငတ်ခံ ဆန္ဒပြသူများ ထောင်ဝင်စာ တစ်လပိတ်

( 30 )Women fleeing Myanmar trafficked as China brides

( 29 )NLD ပါတီ မှတ်ပုံမတင်ဖို့ ပါတီဝင် (၃၂) ဦး တိုက်တွန်း

( 28 )မြန်မာ့ငွေကြေးမူဝါဒအတွက် IMF ဆက်လက်ညှိနှိုင်းမည်

( 27 )Contaminating Asean hopes

( 26 )ထိုင်းပြန် မြန်မာအလုပ်သမားအတွက် ချစ်ကြည်ရေးတံတား ခေတ္တဖွင့်

( 25 )Burma Slipped Further Down on UN Development Chart As New Govt. Tries to Reform the Economy . .
A village in Chin State (CHRO)
.

( 24 )ကရင်နီဒုက္ခသည် စခန်းတွင်ရေကြီးပြီးနောက် ကုန်ဈေးနှုန်းမြင့်တက်လာ

( 23 )Burmese gem emporium to be held in November cancelled

( 22 )အစိုးရ နိုင်ငံရေးအမြတ်ထုတ်ဟု KIO စွပ်စွဲ

( 21 )Black Hawk County Burmese population grows

( 20 )ရှမ်းနိုင်ငံရေးအကျဉ်းသားမိသားစုများ မြန်မာ့ လူ့အခွင့် အရေး ကော်မရှင် ထံ တိုင်ကြားစာပို့

( 19 )Burma's Newly Opened Internet Slows to a Crawl

( 18 )နိုဝင်ဘာကျောက်မျက်ပြပွဲ ပျက်ပြား

( 17 )Gold digging takes toll on Irrawaddy river

( 16 )တိုင်းရင်းသားအရေး ဖြေရှင်းပေးရန် ကုလ အထူးကိုယ်စားလှယ်ကို တောင်းဆို

( 15 )Burma returns to popularity

( 14 )နေရပ်ပြန် အလုပ်သမားများအတွက် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားဖွင့်ပေး

( 13 )US officials scrutinising Burma détente

( 12 )မြန်မာရေဘေးဒုက္ခသည်များကို မြန်မာသံရုံးက ယာယီနိုင်ငံကူး လက်မှတ်လုပ်ပေးနေ

( 11 )Burma’s continuing battle for freedom of speech

( 10 )အစိုးရက ကေအိုင်အိုကို ငြိမ်းချမ်းရေး ထပ်မံကမ်းလှမ်း

( 9 )Corruption Scandal Hits Burma's State-Run Newspaper

( 8 )ရန်ကုန်မှာ ရောက်နေတဲ့ မလေးရှား ၀န်ကြီးချုပ်ဟောင်း အဆို

( 7 )Burma making progress on exchange rates

( 6 )အနံ့အသက်မကောင်းသည့် စားအုန်းဆီကိုပြုပြင်ပြီး ပဲဆီအဖြစ် ရောင်းချနေ

( 5 )Burma’s Karen Appeal for Outside Help Against Government Attacks

( 4 )အမေရိကန် ကိုယ်စားလှယ်တွေ NLD ခေါင်းဆောင်တွေနဲ့ တွေ့မည်

( 3 )IMF Officials Complete Three-Week Visit to Burma

( 2 )မတရားတဲ့စီရင်မှု ရှမ်းနိုင်ငံရေးအကျဉ်းသားမိသားစုများ တိုင်ကြား

( 1 )Burma's Internet, Newly Opened, Slows to a Crawl

Thursday, November 3, 2011

ငြိမ်းချမ်းရေး ဆွေးနွေးရန် KIO ကို ထပ်မံကမ်းလှမ်း

သန်းထိုက်ဦး on November 3, 2011


ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ကို အပစ် အခတ် ရပ်စဲရေး အတွက် ထပ်မံ တွေ့ဆုံဆွေး နွေးရန် မြစ်ကြီးနား မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က အောက်တိုဘာ၂၉ ရက်နေ့တွင် စာတစောင် ပေးပို့ ခဲ့သည်။

အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် KIO ကိုယ်စားလှယ်များ လဂျားယန်ဒေသတွင် သြဂုတ်လ ၁ ရက်နေ့က နောက်ဆုံးတွေ့ ဆုံခဲ့သည်။

ယခုပေးပို့သော စာကို ဦးသိန်းဇော် ကိုယ်တိုင်ရေးသားပေးပို့ခြင်း ဖြစ်ပြီး ငြိမ်းချမ်းရေး ကိစ္စများအား လွှတ်တော်အတွင်း နိုင်ငံရေး နည်းလမ်းအရ ဆွေးနွေး အဖြေရှာရန် တိုက်တွန်းထားကြောင်း သိရသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ၀ပြည် သွေးစည်းညီညွတ် ရေး တပ်မတော်(UWSA)၊ မိုင်းလားအခြေစိုက် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA) စသည့် အဖွဲ့တို့က အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင် ဦးသိန်းဇော် ပေးပို့သောစာတွင် ဖော်ပြထားသည်။

KIOက အင်္ဂါနေ့တွင် ဦးသိန်းဇော်ထံသို့ အကြောင်းပြန်လိုက်သည်။

“ငြိမ်းချမ်းမှု ဆိုတာထက် နိုင်ငံရေး ဆွေးနွေးမှုကို လိုချင်တဲ့ သဘောဆန္ဒတွေကို စာနဲ့ ရေးပြီတော့ အကြောင်းပြန်လိုက်တယ်၊ ဘယ်လိုတွေ့ရအောင်၊ ဆုံရအောင်၊ ပြောဆိုရအောင် ဘာမှ မပါဘူး”ဟု KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြော သည်။

ဦးသိန်းဇော် ရေးပို့သည့် စာဖြစ်သောကြောင့် KIO ဘက်ကလည်း ပုဂ္ဂိုလ်ရေးအရ စာပြန်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းစာပေးပို့မှုသည် လတ်တလော မြန်မာနိုင်ငံသို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီ နာတာလီဂါဝါ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ၊ အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ်တို့ ရောက်ရှိနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

“ဒီလိုမျိုး ပုဂ္ဂိုလ်တွေ လာတဲ့အချိန်မှာ သူကတော့ ဒီလက်နက်ကိုင် အင်အားစုတွေနဲ့ အဆက်အသွယ်လုပ်ပြီးတော့ ငြိမ်းချမ်းရေးရ အောင် ပြုလုပ်နေကြပါတယ်ဆိုတဲ့ ဟာမျိုးကို လုပ်တယ်လို့ပဲ မြင်တယ်”ဟု ဦးလနန်က ရှင်းပြသည်။

ထိုလုပ်ရပ်သည် နိုင်ငံခြား သံတမန်များကို အစိုးရက နိုင်ငံရေး လှည့်ကွက်တခုပြခြင်းပင် ဖြစ်ကြောင်း၊ ယခုရက်ပိုင်း အတွင်း ကချင်ပြည်နယ် KIO ထိန်းချုပ်ဒေသတွင် အစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းများက စစ်သည် အင်အားတိုး ချဲ့နေကြောင်း လည်း ၎င်းက ဆိုသည်။

ဤအတောအတွင်း ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်တွင် အစိုးရ ခြေလျင်တပ်ရင်း (ခမရ) အမှတ် ၃၂၁ တပ်ဖွဲ့က နယ်မြေရှင်းလင်း ရေး ပြုလုပ်ခဲ့ရာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲများကြောင့် KIAက မြစ်ကြီးနားမြို့ပေါ်သို့ ပေးထားသော လျှပ်စစ်ဓာတ်အားများ ပြတ်တောက်သွားပြီး ဓာတ်ဆီ နှင့် မီးစက်များ ဈေးတက်သွားကြောင်း ဒေသခံများက ပြောသည်။

မြစ်ကြီးနားမြို့ ဒေသခံတဦးက မီးပျက်သွားသည့် နေရာသို့ သွားရောက်ပြင်ဆင်နေကြောင်း၊ ယနေ့ ညနေပိုင်တွင် မီးပြန်လာနိုင် ကြာင်း ပြောဆိုနေကြသည်ဟု ဆိုသည်။

KIO ခေါင်းဆောင်များက ယခင်စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ခဲ့သည့် နောက်ပိုင်း ထိုလျှပ်စစ်ဓာတ်အားကို မလိချောင်း ရေအားလျှပ်စစ်မှ ထုတ်ယူခဲ့ပြီး၂၀၀၅ – ၂၀၀၆ ခုနှစ်က ကချင်ဒေသရှိ ပြည်သူများကို လျှပ်စစ်ဓာတ်အား စတင် ဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။

ဦးလနန်က“သက်ဆိုင်ရာကလည်း ဒီကစ္စကို အမြန်ဖြေရှင်ပေးပြီးတော့ လုပ်တော့လုပ်မယ် ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့ ဌာနဆိုင်ရာတွေရော ဒီမီးကိုပဲ အားကိုးပြီးတော့ သုံးနေကြတယ်၊ ဒီမီးကို အကြာကြီး အပျက်ခံလိမ့်မယ်လို့ မထင်ဘူး”ဟု ဆို သည်။

KIO သည် ၁၉၆၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ယခင်စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် အစိုးရက မိုးမောက်မြို့နယ် တာပိန် ရေအားလျှပ်စစ် စီမံကိန်း အနီးရှိ KIA တပ်များအား လုံခြုံရေး အရ စိတ်မချရဟု အကြောင်းပြကာ ထွက်ခွာရန် ပြောဆိုခဲ့ရာမှ နှစ်ဘက်တိုက်ပွဲများ ပြင်ထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြယ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မဟာသီယာ ရန်ကုန်မှာတွေ့

ရန်ပိုင် on November 3, 2011


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်တို့ ယနေ့ညနေ ၄ နာရီမှစတင်၍တနာရီ နီးပါးခန့် ရန်ကုန်မြို့ကုန်သည်ကြီးများ ဟိုတယ်တွင် တွေ့ဆုံကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အသိုင်းအ၀န်းက ပြောသည်။

မည်သည့် အကြောင်းအရာများ ဆွေးနွေးသည်ကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

ဝန်ကြီးချုပ်ဟောင်း မဟာသီယာသည် လက်ရှိတွင် မလေးရှားနိုင်ငံ ပက်ထရွန် ကားကုမ္ပဏီ ၏ အကြံပေးအရာရှိအဖြစ် ဆောင်ရွက် နေပြီး မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းချုပ်မှ ဖိတ်ကြားသည့်အတွက် ရောက်ရှိလာခြင်းဖြစ် သည်။

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၌ ကားအရောင်းပြခန်းများ ဖွင့်လှစ်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် စားအုန်းဆီ တင် သွင်း မှုနှင့် ပတ်သက်၍လည်း ဆွေးနွေး နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအ၀န်းကို ကိုးကား၍ အမေရိကန် အခြေစိုက် VOA သတင်းဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံသည် မြန်မာကုန်သွယ်ဘက်နိုင်ငံများတွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံပြီးလျှင် အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ် သည်။

အသက် ၇၆နှစ် အရွယ်ရှိ မဟာသီယာ မိုဟာမက်သည် ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ မလေးရှား ၀န်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင် ခဲ့ရာ မြန်မာ နိုင်ငံသို့ အစိုးရ တရားဝင် ခရီးစဉ် အဖြစ် သုံးကြိမ် လာရောက် လည်ပတ်ခဲ့ သူလည်း ဖြစ်သည်။

၁၉၉၇ ခုနှစ်တွင် မြန်မာ နိုင်ငံကို အာဆီယံ အဖွဲ့သို့ ၀င်ခွင့်ပြု ရာ၌ အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့ သူဖြစ်ပြီး မြန်မာ စစ် အစိုးရနှင့် နီးစပ် သူတဦး ဖြစ်သည်ဟု လူသိ များသည့် အာဆီယံ ခေါင်းဆောင် တဦးဖြစ်သည်။ အလားတူ မြန်မာပြည် အရေးနှင့် ပတ်သက်ပြီး ကုလ သမဂ္ဂ အထွေထွေ အတွင်း ရေးမှူး ချုပ်၏ အထူး ကိုယ်စားလှယ် ရာဇာလီ အစ္စမေးလ် သည်လည်း မလေးရှား ထိပ်တန်း နိုင်ငံခြား ရေး သံတမန် တဦးပင်ဖြစ်သည်။

မဟာသီယာ သည် စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန်နှင့် ရင်းနှီးသူ တဦး လည်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်း စုကြည် အကြား တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ပေါ် လာစေရန် ကြိုးစား ခဲ့ဖူးသည်။

သို့သော် ၂၀၀၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ယာဉ်တန်းကို စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ အနီးတွင် တိုက်ခံခံရပြီးသည့်နောက်ပိုင်း စစ်အစိုးရအပေါ် စိတ်ပျက်သွားဟန်ရှိပြီး အာဆီယံ အသင်းမှ မြန်မာနိုင်ငံကို ထုတ်ပယ်ပစ်ရန် တောင်းဆိုခဲ့သည်။

ထိုအချိန်က မြန်မာနှင့် ဆက်ဆံရေး အနည်းငယ်ပျက်ပြားသွားခဲ့သည်။ ၂၀၀၃ နှစ်မှာပင် မဟာသီယာသည် ၀န်ကြီးချုပ် တာဝန် မှ အနားယူခဲ့သည်။

မဟာသီယာ မိုဟာမက်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရက မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်းကို လွန် ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက ကြိုတင်ပြောဆိုခဲ့သူ ဖြစ်ပြီး ယခုခရီးစဉ်၌ နေပြည်တော်သို့ သွားရောက်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် တွေ့ဆုံမှု ရှိမရှိကိုမူ မသိရပေ။

မဟာသီယာ အပါအ၀င် ယခုရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဂျာမနီနိုင်ငံ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ဒေါက်တာ ၀ါနာဟိုယာ၊ နော်ဝေနိုင်ငံ ပတ်ဝန်းကျင်နှင့် အပြည်ပြည်ဆိုင်ရာ ဖွံဖြိုးမှု ၀န်ကြီး အဲရစ် ဆိုဟိန်း (Mr Erik Soheim)၊ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ် ပို့စနာနှင့် အမေရိကန်အစိုးရ အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဂျေဗီ နမ်ဘီးယားနှင့်လည်း တွေ့ဆုံခဲ့သေးသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပိုမိုပူးပေါင်းရန်လိုကြောင်း မဟာသီယာ တိုက်တွန်း

ဒီဗွီဘီ

မြန်မာဟာ အာဆီယံနဲ့အတူ ပိုမိုတက်ကြွတဲ့ ပူးပေါင်းပါဝင်မှုတွေ လုပ်ဖို့လိုကြောင်း ရန်ကုန် စီးပွားရေးဆွေးနွေးပွဲတခုမှာ မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာက ပြောလိုက်ပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့က ကုန်သည်ကြီးများ ဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ စီးပွားရေးဆိုင်ရာ ​ဆွေး​​နွေး​ပွဲ​မှာ​ ​ဒေါက်တာမဟာသီယာက သူ့ရဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အမြင်များကို ဆွေးနွေးခဲ့တာပါ။

အာဆီယံအဖွဲ့​၀င် နိုင်ငံ​အား​လုံး​အ​နေ​နဲ့​​ ​ဒေ​သ​အ​ကျိုး​စီး​ပွား​အ​တွက်​ ​တ​သံ​တည်း​​ ​အ​တူ​တ​ကွ​ရှိကြမယ်ဆိုရင် အောင်မြင်မှုတွေ ပိုမို ရရှိ လာနိုင် မယ်လို့ ပြောပါတယ်။ ဒီဆွေး နွေးပွဲကို မြန်မာ နိုင်ငံက နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် တော်တော် များများ တက်ရောက် လာပါတယ်။

ခရီးစဉ်အတွင်း သူနဲ့အတူ မလေးရှားနိုင်ငံက လုပ်ငန်းရှင်တွေလည်း လိုက်ပါလာပါတယ်။ မြန်မာမလေးရှား စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ ၄ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

မြန်မာနိုင်ငံကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဒေါက်တာမဟာသီယာဟာ မြန်မာနိုင်ငံမှာ သုံးရက်ကြာနေမှာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဒီကနေ့ ညနေပိုင်းမှာ တွေ့ဆုံပါတယ်။

နေပြည်တော်ကို သွားရောက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဖို့ ရှိတယ်လို့လည်း မလေးရှား သံအမတ်က သူ့ခရီးစဉ် မစတင်ခင်က ပြောဆိုထားပါတယ်။

ငွေစာရင်း ကွာဟမှုကြောင့် မြန်မာ့အလင်းသတင်းစာ ၀န်ထမ်း ၃ ဦး အဖမ်းခံရ

မြတ်မိုး on November 3, 2011

မြန်မာ့ အလင်း သတင်းစာ တိုက်တွင် ငွေ ကျပ် သိန်း ၈၀၀၀ စာရင်း ကွာဟ နေမှုကြောင့် ၀န်ထမ်း သုံးဦးကို တရားစွဲ ထားကြောင်း စုံစမ်း သိရှိရသည်။

ငွေကိုင် မန်နေဂျာ၊ စာရင်း ကိုင်နှင့် ဖြန့်ချိရေး တာဝန်ခံ သုံးဦးကို ရန်ကုန်မြို့ ဗဟန်း မြို့နယ် ရဲစခန်းတွင် အမှုဖွင့် တရားစွဲ ထားခြင်းဖြစ် သည်။

၂၀၁၀ -၂၀၁၁ ငွေစာရင်း ရှင်းတန်း၌ သိန်း ၈၀၀၀ စာရင်း ကွာဟ နေမှုကို စစ်ဆေး တွေ့ရှိ ခဲ့ခြင်းဖြစ် ကြောင်း၊ အဆိုပါ ငွေစာရင်း ကွာဟ မှုတွင် ပါဝင် ပတ်သက် သူများကို ဆက်လက် စစ်ဆေး ဖော်ထုတ် နေကြောင်း သိရသည်။

“ဘယ်အချိန် ကတည်းက စာရင်း တွေကွာ နေလဲ မသိဘူး၊ ဒီနှစ်မှ သိရတာ၊ အကြီး ပိုင်းတွေ ပါဝင် ပတ်သက် နေလို့ စစ်ဆေး မှုတွေ လုပ်နေတယ်”ဟု မြန်မာ့ အလင်း သတင်းစာ တိုက်မှ စာတည်းမှူး တဦးက ပြောဆိုသည်။

ငွေစာရင်းကွာဟမှုကြောင့် တရားစွဲခံထားရသော ၀န်ထမ်းသုံးဦးသည် အင်းစိန်အကျဉ်းထောင်တွင် အချုပ်ကျခံနေရသည်ဟု ၀န်ထမ်းမိသားစုများက ပြောသည်။

“သူ့ရဲ့ အလုပ်ကို နားမလည်ပေမယ့် သိန်း ၈၀၀၀ ဆိုတဲ့ အလွဲသုံးစားမှု သူမလုပ်ပါဘူး”ဟု ငွေစာရင်းကွာဟမှုဖြင့် အချုပ်ကျနေ သော ၀န်ထမ်းတဦး၏ ညီမဖြစ်သူက ပြောဆိုသည်။

ယခု ငွေစာရင်းကွာဟမှု ဖြစ်ပွားနေချိန်သည် ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကျော်ဆန်း ၏ နေရာကို နယ်စပ်ရေးရာ ၀န်ကြီး ဦးသိန်းဌေးက ယာယီ တာဝန်ယူထားသည်ဟူသော သတင်းများ ထွက်ပေါ်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ဗိုလ်ချုပ်ကျော်ဆန်းနှင့် ငွေစာရင်း ကွာဟမှု ပတ်သက်ခြင်း ရှိ မရှိကိုမူ ရှင်းလင်းစွာ မသိရှိရသေးပေ။

မြန်မာ့အလင်း သတင်းစာသည် စောင်ရေ ၁ သိန်း ၆ သောင်းခန့် နှင့် The New Light of Myanmar သည် စောင်ရေ ၁ သိန်းနီးပါး နေ့စဉ် ထုတ်ဝေ ဖြန့်ချိလျက်ရှိကြောင်း သိရသည်။

KIA နှင့်အစိုးရတပ်တို့ မုံးကိုးတွင် တိုက်ပွဲဖြစ်

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ အတွင်းရှိ မန့်စန့်နှင့် မန့်ကွမ့်ရွာအကြားတွင် ယမန် နေ့ မွန်းတည့် ၁၂ ကျော်ခန့် က KIAနှင့် အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရတပ်မှ ၃ ဦးသေ ဆုံး ကြောင်း သိရသည် ။

နှစ်ဘက် တိုက်ပွဲဖြစ်ချိန် ၁၅ မိနစ်ခန့်သာ ကြာမြင့်ပြီး မုံးကိုးဈေးနေ့ဖြစ်သဖြင့် သေနတ်သံများကြားနေရကြောင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“မနေ့က မုံးကိုးဈေးနေ့ဆိုတော့ တိုက်ပွဲဖြစ်တာ သေနတ်သံတွေပါ ကြားရတယ် တိုက်ပွဲဖြစ်ချိန်က ၁၅ မိနစ် လောက်ပဲ ကြာတယ် အစိုးရ တပ်ဘက်က ၃ ဦးသေဆုံးသွားတယ်လို့ သိရတယ် ” ဟု ၎င်းဒေသခံက ဆိုသည် ။

အဆိုပါတိုက်ပွဲအတွင်း KIA နှင့် အစိုးရတပ်များ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြု နိုင်ခြင်း မရှိပါ ။

ဂျာမန် ဒုနိုင်ငံခြားရေးဝန်ကြီး ဒေါ်စုနှင့်တွေ့မည်

ကိုပေါက် | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၀၃ ရက် ၂၀၁၁

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဂျာမဏီနိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဝါနာ ဟိုယာ Dr. Werner Hoyer သည် နေပြည်တော် အစိုးရ အရာရှိများအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်သည်။

၎င်း၏ သုံးရက်ကြာ တောင်အာရှ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ နိုင်ငံခြား ရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်တွေ့ဆုံမည် ဖြစ်ကြောင်း ဒေါက်တာဟိုယာ၏ ဝဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြပါရှိသည်။

“နိုင်ငံရေး အကျဉ်းသား အချို့ လွတ်မြောက်လာမှု အပါအဝင် လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေကို ကြိုဆိုပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံရေးအကျဉ်းသားတွေ အမြောက်အများ ကျန်နေသေးတဲ့ အတွက် သူတို့ အမြန်ဆုံး လွတ်မြောက်ရေး အတွက် ကျနော် အတတ် နိုင်ဆုံး ကြိုးစားသွားမှာပါ” ဟု ဒေါက်တာဟိုယာက ဂျာမန်ဘာသာဖြင့် ရေးသားထားသည်။

တောင်အာရှ ခရီးစဉ်အတွင်း ဒေါက်တာဟိုယာသည် မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့သို့ ရောက်ရှိခဲ့သည်။

အင်ဒိုနီးရှားတွင် အာဆီယံ အထွေထွေအတွင်းရေးမှူး Dr. Surin Pitsuwan နှင့် တွေ့ဆုံကာ အာဆီယံ-ဂျာမဏီ-ဥရောပတို့နှင့် ဆက်ဆံ ရေး ကိစ္စအပြင် အာရှသမူဟ ဖြစ်စဉ်အတွင်း ဒေသတွင်း ဖြစ်ပေါ် တိုးတက်မှုများလည်းဆွေးနွေးခဲ့ကြောင်း FNF အင်တာနက် စာမျက်နှာ တွင် ရေးသားထားသည်။

ဒေါက်တာ ဝါနာဟိုယာသည် ဂျာမန် လစ်ဘရယ်လမ်းစဉ် Free Democratic Party မှ ဖြစ်ပြီး ဥရောပနှင့်တောင်အာရှ စီးပွားရေး ဆက်ဆံ မှုနှင့် လွတ်လပ်စွာ ကုန်သွယ်ရေးကိစ္စအတွက် အမြင်ဖလှယ်မှုတွေကို ပို၍တိုးလို့သာ စဉ်ဆက် မပြတ် ကြိုးပမ်းအားထုတ်သွားဖို့ လိုသေး ကြောင်း ၎င်းခရီးစဉ်အပေါ် မှတ်ချက်ပြုထားသည်။

ကရင်နီဒုက္ခသည် သက်ကြီးရွယ်အို မိမိကိုယ်ကို အဆုံးစီရင်

နှောင်းလှိုင်

ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းရှိ ရပ်ကွက် ၁၃ တွင် နေထိုင်သော အသက် ၆၆ နှစ်အရွယ် အမျိုးသားတဦးသည် မိမိလည်ပင်းတွင် ကြိုးကွင်းစွပ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်သည်။

ယမန်နေ့ နိုဝင်ဘာလ ၂ ရက်နေ့၊ နေ့လည် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ဦးပိုးရယ်သည် မိမိနေအိမ်၌ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းဖြစ်သည်။ အဘယ်ကြောင့် အဆုံးစီရင်ရသည်ကို မိသားစုဝင်များက အကြောင်းတစုံတရာ မသိရကြောင်း ဆိုသည်။

“ကျနော်တို့ ပြန်တွေ့တဲ့အချိန်မှာ အဖေက အသက်တောင် မရှိတော့ဘူး။ သူ့နကိုယ် ကြိုးနဲ့ သတ်သေနေပြီ” ဟု အသက် ၁၉ နှစ်အရွယ် သားဖြစ်သူ ဘော်ရယ်က ပြောသည်။

ခူးပိုးရယ်၏ အလောင်းအား ယနေ့မနက်ပိုင်းတွင် မိသားစုများက ကရင်နီဒုက္ခသည် စခန်း ရပ်ကွက် ၉တွင် မြေမြုပ်သဂြိုလ်လိုက်သည်ဟု သားဖြစ်သူက ပြောသည်။

အခင်းဖြစ်ပွားသည့်အချိန်မှာ အိမ်ထဲတွင် မည်သူ တဦးတယောက်မျှ မရှိကြောင်း၊ ပုံမှန် အမူအယာ မဟုတ်သည့်အတွက် အမျိုးသမီးဖြစ်သူ မော်ပိုးမယ်သည် သမီးအား သွားခေါ်ပြီး ပြန်ရောက်လာသည့်အချိန်တွင် အသက်ဆုံးသွားပြီဟု ဆိုသည်။

ကွယ်လွန်ချိန်တွင် ခူးပိုးရယ်သည် ဇနီးဖြစ်သူ မော်ပိုးမယ်နှင့်အတူ သား ၃ဦးနှင့် သမီး ၂ ဦး ကျန်ရစ်ခဲ့သည်။

ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းတွင် ရပ်ကွက်အားလုံးပေါင်း ၂၀ ခု ရှိပြီး လူဦးရေ တသောင်းကျော်ခန့်ရှိသည်။

မြန်မာအစိုးရတပ်က KIA အယောင်ဆောင်ပြီး မုံပေါ်ပြည်သူ့စစ်ကို ရန်စ


ရှမ်းပြည်မြောက်ပိုင်း မုံပေါ်ပြည်သူ့ စစ်တပ်ဖွဲ့နှင့် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)ကြား အချင်းချင်း ပစ်ခတ် လာရန် အတွက် မြန်မာ အစိုးရ တပ်မှ KIA ၀တ်စုံ ၀တ်ဆင်ကာ ပြည်သူ့စစ် တပ်စခန်း အနီး ဟန်ပြ ချဉ်းကပ် လာသည်ဟု သိရသည်။

အောက်တိုဘာ (၃၁) ရက်တွင် KIA ၀တ်စုံ ၀တ်ဆင် ထားသည့် မြန်မာ အစိုးရ စစ်သား ၁၀ ဦးခန့် မုံပေါ်ဒေသ ယိန်းဆိုင်း(Ying Seng)ကျေးရွာ ပြည်သူ့စစ် တပ်စခန်း များအနီး တိတ်တဆိတ် ၀င်ရောက် ဖြတ်သန်း သွားသည်ဟု ဆိုသည်။

“အချင်းချင်း ပစ်ခတ်ကြ ဖို့အတွက် လမ်းစ ဖော်ပေး နေတာ” ဟု မုံပေါ်ပြည် သူ့စစ် တပ်ဖွဲ့ဝင် တစ်ဦး ပြောသည်။

ဒူကိန်မိုင် (Du Kying)နှင့် ၎င်း၏ညီ ဒူမွန်း (Du Mun) ဦးဆောင်သော မုံပေါ်ပြည်သူ့ စစ်နှင့် KIA ကြား ထိပ်တိုက် ရင်ဆိုင် တိုက် ခိုက်ကြခြင်း မရှိသည်ကို မြန်မာ အစိုးရ တပ်မှ သိရှိ လာကာ ၎င်းတို့ကြား ပဋိပက္ခဖြစ်ပွားအောင် ယခု ကဲ့သို့ ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆက်ဆိုသည်။

မြန်မာကို တင်ပို့မည့် ရူပီးသိန်း ၄၀၀ ကျော် တန်ဖိုးရှိ သစ်နီများ မီဇိုရမ်တွင်ဖမ်းမိ

Khonumthung News

မြန်မာနိုင်ငံသို့ တင်ပို့မည့် ရူပီးငွေ သိန်း ၄၀၀ ကျော်တန်ဖိုးရှိ (Red Sander Wood) သစ်နီများကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ် အာဏာပိုင်များက ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့က ဖမ်းဆီးခဲ့သည်။

မီဇိုရမ် နယ်စပ်မြို့ Champhai ခရိုင်သစ်တောဌာန၀န်ထမ်းများက သစ်နီ Quintal 90 ခန့် တင်ဆောင်လာသော ကုန်ကား MZ-04 2839တစီးကို အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ အဆင်း ကျန်ဖိုင်းမြို့မှ ၁၅ ကီလိုမီတာအကွာ Melbuk နှင့် Mualkawi ကျေးရွာ ကြားတွင် နံနက် ၁၁ နာရီခန့်ကဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းသစ်နီများကို အိန္ဒိယနိုင်ငံ Andra Pradesh မြို့နယ် မှ သယ်ဆောင်လာပြီး မီဇိုရမ်ပြည်နယ်ရှိ Vairengte၊ Kolasib နှင့် အိုင်ဇောလ် စစ်ဆေးရေးဂိတ် များကို ဖြတ်ကျော်လာပြီး အိုင်ဇောလ်မြို့ Rangvamual ရပ်ကွက်တွင် တခြားကားပေါ် ပြန်တင်ပြီး သယ်ဆောင် လာခြင်းဖြစ်ကြောင်း ဒေသထုတ် သတင်းစာတွင်ဖော်ပြထားသည်။

သစ်နီ ပိုင်ရှင်မှာ တဦးတယောက်တည်းမဟုတ်နိုင်ကြောင်း အာဏာပိုင်များက ယူဆထားသော်လည်း အသေးစိပ်ကိုမူ စုံစမ်းဆဲဖြစ်သည်။

Red Sander Wood ဟုခေါ်သော သစ်နီသည် ရှားပါးပြီး အဖိုးတန် ဖြစ်သောကြောင့် သက်ဆိုင်ရာ အိန္ဒိယ နိုင်ငံ အစိုးရများ၏ ခွင့်ပြုချက်မရဘဲ ခုတ်ယူ ရောင်းချပိုင်ခွင့်မရှိကြောင်းသိရသည်။

သစ်နီများကို အိန္ဒိယနိုင်ငံ Kerala, Andra Pradesh, Tamil Nadu, Karnataka စသည့်ပြည်နယ်အသီးသီး တို့တွင် တွေ့နိုင်ပြီး၊ ရေမွှေး၊ ဆေးဝါး နှင့် nuclear reactor များပြုလုပ်ရာတွင် အသုံးဝင်ကြောင်း ပြောကြသည်။

နိုင်ငံတကာပေါက်ဈေးအရ သစ်နီ ၁ ကီလိုဂရမ်လျင် ရူပီး ၅၀၀၀ ခန့်ရှိပြီး ယခုဖမ်းဆီးထားသော သစ်နီများ၏ တန်ဖိုးမှာ ရူပီးသိန်း ၄၅၀ ခန့်ရှိသည်ဟု သိရသည့် အပြင် အိန္ဒိယမှ မြန်မာပြည်သို့ မှောင်ခိုတင်ပို့လေ့ရှိသည့် သစ်နီများကို တရုတ်ပြည်သို့ထပ်မံ ရောင်းချလေ့ရှိကြောင်း ကုန်သည်များက ဆိုကြသည်။

အစိုးရ ကိုယ်စားလှယ်များနှင့် DKBA ဒုတိယ အကြိမ်တွေ့

ဧရာဝတီ on November 3, 2011

တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုး သား တပ်မတော် (DKBA) ဗိုလ်ချုပ် စောလားပွယ် (နှုတ်ခမ်းမွေး) ဦးဆောင်သည့် အဖွဲ့သည် ငြိမ်းချမ်းရေး ဆွေးနွေး ရန်ပြီး ခဲ့သည့် တပတ် အတွင်း အစိုးရ ကိုယ်စားလှယ် များနှင့်၂ ကြိမ်တွေ့ ဆုံခဲ့သည်။

DKBAအဖွဲ့သည် အစိုးရ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သည့် အဖွဲ့နှင့် ယခင်လ၂၆ ရက်နေ့နှင့် ယခုလ ၁ ရက်နေ့၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သော ဘားအံနှင့် မော်လမြိုင်တို့တွင် တွေ့ဆုံဆွေးနွေးလျက် ရှိသည်။

ယခင်လ၂၆ ရက် ပဏာမမိတ်ဆက်တွေ့ဆုံစဉ်က DKBA ကိုယ်စားလှယ် ၃ ဦးဖြစ်သည့် ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မိုရှေး၊ တပ်မဟာရုံး ထိုင်မှူး ဗိုလ်မှူးစိန်ဝင်းနှင့် ထောက်လှမ်းရေးမှူး ဗိုလ်မှူးပိဒါး တို့ပါဝင်ပြီး အစိုးရ ဘက်မှ ဦးသိန်းဇော်၊ ဦးအောင် သောင်း၊ ဦးမောင် မောင် သိန်း တို့နှင့်အတူ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဦးအောင် လွင်၊ အရှေ့တောင်တိုင်းမှ ဗိုလ်မှူးတင်မောင်ဝင်းနှင့် ငြိမ်းချမ်းရေး အကျိုးဆောင် စောခင်စိုးတို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ထပ်မံဆွေးနွေးရန်အတွက် DKBA အဖွဲ့သည် အင်္ဂါနေ့က မော်လမြိုင်သို့ရောက်ရှိသွားပြီး အရှေ့တောင်တိုင်း တိုင်းမှူးနှင့်တွေ့ဆုံ ကာ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်ဟု ဆွေးနွေးပွဲဖြစ်မြောက်ရန် စီစဉ်ဆောင်ရွက်ပေးသူ တဦးက ပြောသည်။

၎င်းက“ဆွေးနွေးနေကြတုံးပဲ၊၂ ရက် ၃ ရက်လောက်တော့ကြာမယ်၊ အသေးစိတ်ကတော့ သူတို့ပြန်လာမှပဲ သိရမယ်၊ အခြေ အနေ ကောင်းလို့ပဲ ထပ်တွေ့ကြတာ၊ တပ်စခန်း တည်နေရာ၊ နယ်မြေ သတ်မှတ်မှုတွေ၊ ဆက်ဆံရေးရုံးတွေဖွင့်မယ့် ကိစ္စတွေပါတယ် လို့တော့ သိရတယ်”ဟု ပြောဆိုသည်။

DKBA သည် အစိုးရကိုပြန်လည် တိုက်ခိုက်သည့် ယမန်နှစ် နိုဝင်ဘာလ အတွင်းမှစ၍ ယနေ့အထိ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိက လမ်းဖြစ်သော မြ၀တီ-ကော့က ရိတ် လမ်းကြောအတွင်း အစိုးရတပ်များကို မကြာခဏ ထိုးစစ်ဆင်လျက်ရှိသည်။

ကရင်ပြည်နယ်မှ ဆောက်လုပ်ရေး အင်ဂျင်နီယာတဦးက“အစိုးရက DKBA နှုတ်ခမ်းမွေး အဖွဲ့နဲ့ အမြန်ဆုံး ငြိမ်းချမ်းရေးလုပ်မှ
ဖြစ်မယ်ဆိုတာ သိတယ်၊ အဓိက နယ်စပ်ကုန်သွယ်ရေးနဲ့ စီမံကိန်းလုပ်ငန်းတွေကို DKBA ရန်ကြောင့် ဘယ်လိုမှအကောင် အ ထည်ဖော်လို့မရဘူး ဖြစ်နေတယ်၊ ချစ်ကြည်ရေး တံတားဖွင့်လို့ မရသလို၊ ထိုင်းဘက်က လာဖောက်ပေးမယ့် မြ၀တီ၊ သင်္ကန်း ညီနောင်၊ ကော့ကရိတ် ကားလမ်းစီမံကိန်းကိုလည်း ဘယ်လိုမှလုပ်လို့မရဘူး၊ ဒါကြောင့် DKBA ကိုစည်းရုံးနေတာဖြစ်တယ်” ဟု ပြောသည်။

DKBA မှ စစ်ဆင်ရေးမှူး တဦးဖြစ်သည့် ဗိုလ်မှူးဆန်းအောင် က DKBA တဖွဲ့တည်းနှင့် ဆွေးနွေးခြင်းဖြင့် ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးမရရှိနိုင်သောကြောင့် လက်ရှိ အစိုးရအနေနှင့် တနိုင်ငံလုံး ငြိမ်းချမ်းရေးရရှိနိုင်မည့် ရေရှည်အကျိုးကို လုပ်ဆောင် ရန်လိုသည်ဟု ဧရာဝတီသို့ ပြောသည်။

၎င်းကဆက်၍“လက်ရှိ အစိုးရအနေနဲ့ စေတနာမှန်မှန်နဲ့ လုပ်မယ်ဆိုရင် ပြည်တွင်း အပစ်အခတ်ရပ်စဲရေးကို တနိုင်ငံလုံးအတိုင်း အတာနဲ့ လုပ်ရမှာဖြစ်တယ်၊ အရင်လိုပဲ တကွဲတပြားစီဖဲ့ထုတ် စည်းရုံးမှုတွေ လုပ်နေမယ်ဆိုရင်တော့ ဘယ်လိုမှဖြစ်ပေါ်တိုး တက် လာမှာမဟုတ်ဘူး၊ ကရင် အပါအ၀င် အခြားတိုင်းရင်းသား အားလုံးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လိုတယ်”ဟု ပြော သည်။

ယခင် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ကမ်းလှမ်းချက်ကို လက်မခံဘဲ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း အစိုးရကို
ပြန်လည်တိုက်ခိုက်ခဲ့သော ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သည့် DKBA အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပူးပေါင်းပြီး မဟာမိတ်အဖြစ် ရပ်တည်ခဲ့သည်။

သို့သော် လက်ရှိ DKBAအဖွဲ့က အစိုးရကိုယ်စားလှယ်များနှင့် အရှေ့တောင်တိုင်းနယ်မြေအတွင်း သွားရောက်ဆွေးနွေးခြင်းကို KNU နှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိဟု KNU ခေါင်း ဆောင်တဦးက ပြောသည်။

KNU ဘက်ကမူ အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရာတွင် ဦးဆောင်မှုတခု အောက်တွင်သာ ပြုလုပ်သွားရန် ဆန္ဒရှိပြီး ဖဲ့ထုတ် စည်းရုံးမှုနှင့် အဖွဲ့ခွဲများ အမည်အမျိုးမျိုးနှင့် သွားရောက်ဆွေးနွေးမှုများကို မလိုလားကြောင်း သိရှိရသည်။

အစိုးရနှင့် အကြားငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ယခင်လ ၉ ရက်နေ့က မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်း-မြန်မာ နယ်စပ်တွင် KNU အဖွဲ့နှင့် ပဏာမတွေ့ဆုံ ဆွေးနွေးခဲ့ကြသေးသည်။

၎င်းဆွေးနွေးပွဲတွင် KNU မှ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်ပြီး ပဒိုစော အားတိုး၊ ပဒိုစောလှထွန်းတို့ပါရှိကာ အစိုးရ ကိုယ်စားလှယ်အဖွဲ့မှ ၀န်ကြီး ဦးအောင်မင်း၊ တြိဂံ တိုင်းမှူးဟောင်း ဗိုလ်ချုပ် ချစ်သန်း တို့ ပါဝင်ဆွေးနွေး ခဲ့ကြသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ အစိုးရနှင့် KNU အဖွဲ့တို့၏ ငြိမ်းချမ်းရေးထပ်မံ ဆွေးနွေးကြမည့် အခြေအနေမှာ လတ် တလော တွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများမရှိသေးဟု သိရှိရသည်။

ပိုက်လိုင်းများ သွယ်တန်းရန် အတွက် အကြိုအင်ဂျင်နီယာ လုပ်ငန်းများ စတင် ဆောင်ရွက်လျှက်ရှိ

ခိုင်သော်က

ကျောက်ဖြူမြို့မှ နှစ်မိုင်ခန့်အကွာ ကျောက်တလုံးဘုရား အောက်ဖက် ပင်လယ် ကမ်းခြေ နတ်ကျောက် အနီးတွင် ပိုက်လိုင်းများ စတင် သွယ်တန်းရန် အတွက် အကြိုအင်ဂျင်နီယာ လုပ်ငန်းများကို အောက်တိုဘာလ ဒုတိယ အပတ်မှ စတင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ကမ်းလွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်အမှတ် (A-1) နှင့်(A-3) တို့မှ သွယ်တန်း လာမည့် ပိုက်လိုင်း လမ်းကြောင်းနှင့် ကုန်းတွင်းပိုင်း ပိုက်လိုင်း လမ်းကြောင်းတို့ ဆက်သွယ်မည့် နေရာဖြစ်ပြီး လက်ရှိတွင် ကမ်းဦးရေတိမ်ပိုင်း ရေလမ်းကြောင်း ရှင်းလင်းခြင်းလုပ်ငန်းများကို အိန္ဒိယကုမ္ပဏီ (DDIL Co.,ltd) မှ ဆောင်ရွက်လျှက် ရှိကြောင်း ရေနံ နဲ့သဘာဝ ဓါတ်ငွေ့အကြောင်း လေ့လာနေသူတဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စတင် သွယ်တန်းရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိရာ ရေအောက် ပိုက်လိုင်း သွယ်တန်းမည့် လိုအပ်သော ပစ္စည်းများ ၊ ပိုက်လိုင်း တပ်ဆင်ရန် အထောက်အကူ ပြု ပစ္စည်းများ နှင့် တပ်ဆင်မည့် ပိုက်လိုင်းများ ကို ကျောက်ဖြူမြို့ အမှတ်(၁) ဆိပ်ကမ်းမှ တဆင့် မော်တော် ယာဉ်များဖြင့် သယ်ယူကာ ကျောက်တလုံး ဘုရားရှေ့တွင် စုပုံထားရာ ဘုရား ဂူဝ ပိတ်ဆို့နေသဖြင့် နေ့စဉ် ဘုရားဖူး ဒေသခံ ပြည်သူများမှာလည်း အခက်ကြုံနေရကြောင်း ဒေသခံတဦးမှ ပြောပြသည်။

ရေနက်ပိုင်း ကမ်းလွန် ပိုက်လိုင်း သွယ်တန်းမည့် အကွာအဝေးမှာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ကွက် အမှတ် (A-1) နှင့် (A-3) အထိ (၁၈၀)ကီလိုမီတာခန့်ရှိသည်ဟု လုပ်ငန်း နှင့် နီးစပ်သူ တဦး၏ ပြောပြချက် အရ သိရသည်။

ယင်းမှတဆင့် မလကျွန်း ကျေးရွာအနီးရှိ ရွှေသဘာဝဓါတ်ငွေ့ သန့်စင်စက်ရုံ အထိ ဆက်သွယ်မည့် ကုန်းတွင်းပိုင်း ပိုက်လိုင်း ၄၈ ကီလိုမီတာ အရှည်ရှိသော လမ်းကြောင်းကိုလည်း ဂုန်းချွန်ကျေးရွာ နှင့် ဂန့်ကော်တော ဘုရားကြီးကွင်းတို့မှ စက်ယန္တရားကြီးဖြင့် ဖေါက်လုပ်လျှက် ရှိနေ၍ ရွာသားများ ပိုင် ကွမ်းသီးပင် ၊အုန်းပင်များ ခုတ်ပစ်ခံရနေသည့်အပြင် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထားသော ယာခင်းများ ဖျက်သိမ်းခံနေရသည်ဟု ဂုန်ချွန်ကျေးရွာသားတဦးမှ ပြောပြသည်။

နစက ဗိုလ်တစ်ဦးနှင့် တပ်သား တစ်ဦး မြန်မာ အနောက်ဘက် နယ်စပ်တွင် အသတ်ခံရ

နိရဉ္စရာ

မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် ရသေ့တောင်မြို့နယ်တွင် နယ်စပ်ဒေသ လူဝင်မူကြီးကြပ်ရေး ကွပ်ကဲမူ အဖွဲ့ (နစက)မှ အရာရှိ တစ်ဦးနှင့် တပ်သား တစ်ဦး နိုဝင်္ဘာလ ၁ ရက်နေ့ က အသတ်ခံခဲ့ရကြောင်း သတင်း ရရှိသည်။

အသတ်ခံရသူ နစက အဖွဲ့ဝင်များမှာ ရသေ့တောင် မြို့နယ် အရှေ့တောင်ပိုင်းတွင် တည်ရှိသော အငူမော် တပ်စခန်းမှ ဖြစ်ကြောင်း သရက်ချောင်းကျေးရွာမှ ဒေသခံ တစ်ဦးက ပြောသည်။

" အငူမော် တပ်စခန်းကပါ။ သူတို့က လောင်ချောင်းကျေးရွာ အနီးမှာ တည်ရှိတဲ့ ကြက်ရိုးကုန်တန်း ကုလားရွာမှာ အင်္ဂါနေ့က အသတ်ခံခဲ့ရပါတယ်။ သူတို့က ဘာကြောင့် အဲဒီရွာကို သွားတယ် ဆိုတာကိုတော့ ကျနော်လည်း မသိပါဘူး" ဟု သူက ပြောသည်။

အဆိုပါ ရွာသို့ သွားရောက်သူများမှာ နစက တပ်ဖွဲ့ဝင် (၃) ဦး ဖြစ်ပြီး အဆိုပါ ကျေးရွာသို့ အရောက်တွင် (၂) ဦး အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

"ရွာသားတွေကတော့ တရွာလုံးက ၀ိုင်းပြီး သတ်လိုက်တယ်ဆိုပြီး ပြောပါတယ်။ ကျွန်တော်က ဆိုင်ကယ် မောင်းတော့ အဲဒီရွာကို လူတွေကို သွားပို့စဉ် နစက တပ်ဖွဲ့ဝင်တွေ အများအပြား ရောက်ရှိနေပြီး ရွာသားတွေကို စစ်ဆေးနေတာကို တွေ့ခဲ့ရတယ်။ သတ်တဲ့ အထဲမှာ ပါတဲ့ ရွာသားတွေကတော့ အကုန်လုံး ထွက်ပြေးသွားကြပြီ ဖြစ်ပါတယ်။အမျိုးသမီးတွေနဲ့ အိုနာခါးကုန်း ကုလားတွေဘဲ ကျန်ပါတယ်" ဟု သူက ပြောသည်။

ယနေ့တွင် နစက တပ်ဖွဲ့ဝင် ရာချီ ရောက်ရှိနေပြီး လူသတ်ရာတွင် ပါဝင်သူများ တဘက်နိုင်ငံ ထွက်မပြေးရအောင် နယ်စပ် တောင်ကျော်လမ်းများကို ပိတ်ဆို့ထားကြောင်း သိရသည်။

သေဆုံးသွားသူ နစက အရာရှိများ၏ အလောင်းကို ယနေ့ (နိုဝင်္ဘာလ ၂ ရက်နေ့) က ရသေ့တောင်သို့ ယူဆောင်သွားကြောင်း သိရသည်။ ယခုအခါ အဆိုပါ ကျေးရွာမှ ကျန်နေခဲ့သူ တချို့ကိုလည်း နစကမှ လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။

ပြည့်တန်ဆာများအတွက် ပညာပေးသင်တန်းကို ရဲဝန်ထမ်းပါ တက်ရောက်မည်

နော်ဆဲကလယ် (ကေအိုင်စီ)

ရန်ကုန်မြို့ရှိ အမျိုးသား ကာလသား ခုခံကျ တိုက်ဖျက် ရေးဌာန(NAP) STD Team များရှိရာ မြို့နယ် ၉မြို့ နယ်တွင် ပြည့်တန် ဆာ အမျိုး သမီးများ အတွက် အသိ ပညာပေး သင်တန်း ပြုလုပ်ရန်ရှိပြီး သင်တန်းတွင် ရဲဝန် ထမ်းများပါ တက်ရောက် ဆွေးနွေး မည်ဟု သိရသည်။

သင်တန်းဖြစ်မြောက်အတွက် လူငယ်ထုအတွင်း HIV/AIDs ရောဂါပိုး ကင်းစင်စေရေး လုပ်ဆောင်ပေးလျှက်ရှိသည့် အစိုးရ မဟုတ်သောအဖွဲ့ UNFPA က စီစဉ်ခဲ့ခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာလ ၄ရက်နေ့တွင် လှိုင်သာယာမြို့နယ်မှစ၍ စတင်မည်ဖြစ် သည်။

တက်ရောက်မည့် ပြည့်တန်ဆာများနှင့် ရဲဝန်ထမ်းများအကြား အသိပေး ဆွေးနွေးတင်ပြ တောင်းဆိုခြင်းများ ပြုလုပ်ပေးမည် ဖြစ်သည့်အတွက် သင်တန်းကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ပြည့်တန်ဆာများအတွက် အလုပ်လုပ်ပေးနေသူ Alliance Myanmar မှ မနှင်းနှင်းယုက ပြောသည်

“ပြဿနာဖြစ်ရင် ဥပဒေကြောင်းအရ ရဲတွေနဲ့ ပြည့်တန်ဆာတွေကြားမှာ လွဲမှားနေတာတွေရှိရင် ဘယ်လိုညှိယူမလဲ။ ဒီသင် တန်းတွေမှာ ထူးခြားတာက ပြည့်တန်ဆာတွေကိုယ်တိုင် သင်တန်းအကူတွေအဖြစ် လုပ်မှာ။ နောက် ရဲဝန်ထမ်းတွေကိုပါ တက်စေမှာလေ။”ဟု သူမက ကေအိုင်စီသို့ ပြောသည်။

ယခုလို သင်တန်းမျိုးကို အစိုးရလက်အောက်ခံ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း NGOs များမှ အကြိမ် ကြိမ် ပူးပေါင်း လုပ်ဆောင်ပေးသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

သင်တန်းတက်ရောက်မည့် ပြည့်တန်ဆာ အမျိုးသမီးတဦးက “သင်တန်းမှာ မြို့နယ်ရဲမှုးတွေပါ လာမယ်လို့ကြားတယ်။ သိချင် တာတွေလည်း မေးရမယ်။ ကျမတို့ကို ဘယ်လို ဥပဒေတွေနဲ့ ဖမ်းနိုင်လဲဆိုတာမျိုးပေါ့။”ဟု ပြောသည်။

ပြီးခဲ့သည့်လက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ညနေခင်းတွင် လမ်းလျှောက်နေသည့် ပြည့်တန်ဆာ အမျိုးသမီးတဦးကို သက် ဆိုင်ရာ နယ်မြေခံရဲများက အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်းလည်း သူမက ရှင်းပြသည်။

မြန်မာပြည်တွင် ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးနေရသော အမျိုးသမီးအများစုမှာ ဥပဒေကို နားမလည်သဖြင့် အချို့မှာ ဥပဒေနှင့်မညီစွာ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ကိုယ်ခံအားကျဆင်းရောဂါ (HIV/AIDs) နှင့်ဆိုင်သော ပညာပေးခြင်းအပြင် သားဆက်ခြားခြင်းဆိုင်ရာ ပညာ ပေးမှုများလည်း ပါဝင်မည်ဟု မနှင်းနှင်းယုက ဖြည့်စွက်ပြောဆိုသည်။

သို့သော် သင်တန်းပြုလုပ်မည့် မြို့နယ်မည်မျှရှိသည်ကို သိရှိရန်အတွက် UNFPA ကို ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာ ဖုန်းလိုင်းပြတ်တောက်နေခဲ့သည်။

UNFPA သည် လူငယ်ထုအတွင်း HIV ရောဂါပိုး ကင်းစင်စေရေးအတွက် လုပ်ဆောင်ပေးလျှက်ရှိပြီး အမျိုးသမီးငယ်များနှင့် မိန်းမငယ်များအတွက် HIV ကာကွယ်ရေးအသိပေးဆွေးနွေးခြင်းများကိုလည်း လုပ်ဆောင်နေသည့် NGOs အဖွဲ့တခုဖြစ် သည်။

ဧရာဝတီမြစ်ဆုံတွင် ရွှေကျင်သူ ၆ ဦး ဖမ်းဆီးငွေဒဏ် တပ် ခံ ရ

KNG


ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံ တန်ဖရဲတွင် အစိုးရ ရွှေလုပ်ကွက် စွန့်ပစ်မြေစာပုံပေါ် ရွှေကျင်သူ ကချင်အမျိုးသား ၆ ဦး ဖမ်းဆီးခံရကာ ကျပ်တစ်သိန်းခွဲ စီ ဒဏ်ငွေချမှတ်ခံရသည့်အတွက် ရွေးထုတ်ရန် ငွေကြေးခက်ခဲနေသည်ဟု ၎င်းတို့၏ ဆွေမျိုးများက ပြောသည်။

မြစ်ကြီးနားမြို့နယ် အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင်ခံထားရသူများမှာ လမိုင်အောင်(Slg. Lamai Awng)၊ အူဂ လခွန်း(Slg. Uga La Hkun)၊ အူဂ အန်တူး (Slg. Uga An Tu)၊ အင်ဘရိုင်ဂမ် (Slg. Nbrai Gam)၊ မိဂန်အောင် (Slg. Mi gang Awng)၊ လဖိုင်တူးဂျာ (Slg. Lahpai Tu Ja) တို့ဖြစ်သည်ဟု သိရသည်။

၎င်းတို့အား မြို့နယ်အုပ်ချုပ်ရေးမှူး ငြိမ်းထွန်းကျော်၊ အမှတ် (၁) ရဲစခန်းမှူး၊ လူဝင်မှုကြီးကြပ်ရေး၊ သတ္တုတွင်းနှင့် သစ်တောရေးရာဝန်ကြီးဌာနများမှ ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုကဲ့သို့ မဖမ်းဆီးခင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ “မြစ်ကြီးနားမြို့၊ တန်ဖရဲကျေးရွာအုပ်စုတွင် တရားဝင် ရွှေသတ္တု တူးဖော်ရန် ခွင့်ပြု ထားသည့် ခါကာဘိုကုမ္ပဏီမှလွဲ၍ ကျန်ရှိသော တန်ဖရဲမြစ်ဆုံဒေသတွင် ရွှေသတ္တုတူးဖော်နေသူများ၊ နေထိုင်သူများ၊ လူနေ အဆောက် အဦးများ၊ ဈေးဆိုင်တန်းများသည် သတ်မှတ်လုပ်ငန်းခွင်နယ်နမိတ်အတွင်းမှ (၁၀-၁၀-၂၀၁၁) ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာရန်နှင့် သတ်မှတ်ထားသောရက်အတွင်း ထွက်ခွာမှုမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ကြေငြာအပ်ပါသည်။” ဟု ထုတ်ပြန်ခဲ့သေးသည်။

လတ်တလော ရေကာတာစီမံကိန်းဆိုင်းငံ့ထားသော်လည်း ယခင်က စီမံကိန်းကြောင့် ကျေးရွာပြောင်းရွေ့ခဲ့ရသည့် မြစ်ဆုံ တန်ဖရဲ ဒေသတွင် ယခုအခါ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ခါကာဘို သတ္တုတူးဖော်ရေးကုမ္ပဏီတို့ အကျိုးတူဖက်စပ် ရွှေတူးဖော်နေခြင်းလည်း ဖြစ်သည်။

ကရင်နီပြည် ကောက်ကောက်တွင် ကရင်နီ စစ်ဦးစီးတပ်နှင့် အစိုးရစစ်တပ် ရင်ဆိုင်တိုက်ပွဲဖြစ်

နှောင်းလှိုင်

ကရင်နီပြည် အမှတ် ၁ ခရိုင် မယ်စဲ့မြို့နယ် ကောက်ကောက်တွင် ကရင်နီ တပ်မတော် တပ်နှင့် အစိုးရ စစ်တပ် ထိပ်တိုက် တွေ့ဆုံ၍ တိုက်ပွား ဖြစ်ပွားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁ ရက် နေ့ နံနက် ၉နာရီ မိနစ် ၄၀ အချိန် ကရင်နီ တပ်မတော် ထိန်းချုပ် ရာနယ်မြေ ကောက်ကောက် ( သစ်ပန် ဆိပ်) အနီး၌ ကရင်နီ စစ်ဦးစီး တပ်တခုနှင့် တပ်အင်အား ၂၀ ဦးရှိ ဗိုလ်ငြိမ်းချမ်း ဦးစီးသည့် ခြေမြန် တပ်ရင်း ခမရ( ၅၇၈ ) တပ်ရင်းနှင့် တိုက်ပွဲဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ တပ်တွေက လှုပ်ရှားတယ်။ နယ်မြေတွေ ရှင်းလင်းရင်း တိုက်ပွဲဖြစ် တာပါ” ဟု ကရင်နီ တပ်မတော်မှ စစ်ဦး စီးချုပ် ဗိုလ်ချုပ် ဘီထူးက ပြောသည်။

တိုက်ပွဲတွင် အစိုးရစစ်တပ်မှ တပ်ကြပ်ကြီး ၂ ဦး ကျဆုံးပြီး ကရင်နီတပ်ဖွဲ့မှ တစုံတရာ ထိခိုက်မှုမရှိပဲ MA 1 တလက်၊ ကျည်ကဒ် နှစ်ချပ်နှင့် ကျည်ဆံ ၄၅ တောင့် သိမ်းဆည်းရရှိသည်ဟု ဗိုလ်ချုပ်ဘီထူးကပြောသည်။

ပစ်မှတ်ထဲက မြန်မာပြည်

ဂျိုးဆက်ဖ် ဘော

(စာအုပ်ဝေဖန်ချက်)

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသရှိ သီပေါမြို့ ကလေးတွင် မွန်းလွဲချိန်၌ လက်ဖက် ရည်ဆိုင်၊ သို့မဟုတ် စားသောက်ဆိုင် တခုခု အတွင်း ထိုင်၍ လမ်းမပေါ် ဖြတ်သန်း သွားလာသည့် လူစီး ကားသစ် SUV ယာဉ်တန်းကို ထိုင်ကြည့် နေကြ ရသည်က လူအများ အဖို့ ဝါသနာ တခုလို ဖြစ်လာသည်။

ကားများကို ပလတ်စတစ်စဖြင့် အလုံပိတ်ထားကြပြီး၊ မြန်မာနိုင်ငံတွင် ပြန်ရောင်းချကြ ရန်ဖြစ်သည်။ တရုတ်ပြည်မှနေ၍ တောင်ဘက် မြန်မာ နိုင်ငံအတွင်းသို့ မောင်းနှင်သွားကြသည်။ ထိုမျှသာမက ဈေးချိုချိုဖြင့် ဝယ်ယူလာသည် ဟု ယူဆရသည့် လိမ္မော်သီး ကားတန်း များလည်း ပြည်တွင်းဘက် ဆင်းသွားကြသလို၊ ဆန့်ကျင်ဘက်သို့ ကျွန်းသစ် ယာဉ်တန်းကြီးက ပြန်ဖြတ်သွားကြသည်။ နောက် ၁၅-နှစ်ကြာသည့်အခါ တရုတ်၏စီးပွားရေး မြန်မာနိုင်ငံ အတွင်း သို့ ချဲ့ထွင်လာသည့် အခြေအနေက အဓိကပြောဆိုစရာ အကြောင်းကိစ္စတခု ဖြစ်လာခဲ့သည်။

သမိုင်းပညာရှင်နှင့် စာရေးဆရာဖြစ်သူ ဦးသန့်မြင့်ဦးက သူ၏ နောက်ဆုံးစာအုပ် "တရုတ်ပြည်နှင့် အိန္ဒိယ တွေ့ဆုံ သည့် နေရာ" (Where China Meets India) တွင် သူ၏အဆိုကို တင်ထားသည်။ သူ့အမြင်က အသစ်တော့ မဟုတ်။ ၁၉၉ဝ ခုနှစ်များ နှစ်လည်ပိုင်းမှစ၍ စတင်ဖြစ် ထွန်းလာခဲ့သည့် ရေစီးကြောင်းကို ချဲ့ထွင် မွမ်းမံ၍ တင်ပြခြင်းသာ ဖြစ်သည်။ ရာစု နှစ်ပေါင်းများစွာ တရုတ်ပြည်နှင့် အိန္ဒိယ အကြားတွင် မြန်မာနိုင်ငံက ဆက်စပ်ပေါင်းကူး တံတားထိုး၍ မဖြစ်နိုင်သည့် အခြေအနေရှိခဲ့သည်။

သန့်မြင့်ဦးတင်ပြသည့် သမိုင်းကြောင်းအရဆိုလျှင် မြန်မာနိုင်ငံက များမကြာမီနှစ်များတွင် ပြောင်းလဲလာသည့်အာရှ မြေမျက်နှာ သွင်ပြင်က ဝိုင်းပတ် ထားသည့် ဗဟိုချက်မတွင် ရောက်ရှိနေခဲ့ပြီဟု ဆိုသည်။ အကြောင်းမှာ အာရှ၏ မဟာလူဦးရေ ပိုင်ဆိုင်ထားသည့် အင်အားကြီးနိုင်ငံ နှစ်ခုက လာတွေ့ဆုံသည့် မြန်မာနိုင်ငံကို ခေတ်သစ် တခုအသွင်သို့ တွန်းထိုး ပို့ဆောင်တော့မည် ဖြစ်သောကြောင့်ပင်။

"တရုတ်ပြည်နှင့် အိန္ဒိယတွေ့ဆုံသည့်နေရာ" အမည်ရ စာအုပ်သည်ပြောင်းလဲနေသည့် မြေပုံများနှင့် လူဦးရေများ အကြောင်းကို အများစု ပုံဖော်တင်ပြ ထားခြင်း ဖြစ်သည်။ ကက်ပလန်ဆန်ဆန် ခရီးသွာအတွေ့အကြုံ ဇာတ်ကြောင်း ကို ပြန်ပြောပြရင်း စာအုပ်ကိုသယ်ဆောင်
သွားရာ၊ အချို့သော စာသားများက ထိုနေရာများသို့ ကိုယ်တိုင်ကိုယ်ကျ မရောက်ဘူးသူများအတွက် အထူးအကျိုး ဖြစ်စေမည်မှာ မလွဲပေ။

သို့မဟုတ် တကြိမ်တခါ ရောက်ဖူး၊ တွေ့ကြုံဖူးခဲ့သူများကလည်း နောက်ဆုံး အခြေအနေကို ပြန်၍ နှိုင်းယှဉ်ကြည့်နိုင်လိမ့်မည် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ဦးသန့်မြင့်ဦးက တင်ပြသည့် သုံးသပ်ချက်များ၊ အဆိုပြုချက်များက ယင်းဒေသ၏ ပြောင်းလဲဖြစ်ပေါ်နေသည့် မြေမျက်နှာသွင်ပြင်နှင့် ပတ်သက်၍ အတွင်းကျကျလှုံ့ဆော်မှု အတွေးကို ပေးနိုင်လိမ့်မည် ဖြစ်သည်။

စာအုပ်ကို ကဏ္ဍများခွဲခြားထားပြီး စာရေးသူက သက်ဆိုင်ရာနိုင်ငံများအလိုက် အချိန်ကာလကို အခြေပြု၍ အခန်းခွဲ တင်ပြထားခြင်း ဖြစ်သည်။ တင်ပြထားသည့် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် အခန်းသည် ကြီးထွားလာ သည့် တရုတ်တို့ခြေရာနှင့် မြန်မာပြည်အပေါ် မည်သို့သက်ရောက်စေသည့် အကြောင်းကို အလေးပေး တင်ပြထား သည်။ သို့သော်လည်း မြန်မာနိုင်ငံကို ယခုအခြေအနေသို့ ဆိုက်ရောက်စေခဲ့ရသည့် အဓိက အကြောင်းအချက်များ ကိုမူ အနည်းအကျဉ်းမျှသာ တို့ထိတင်ပြထားသည်။

စာရေးသူကမူ ခေတ်သစ်မြန်မာနိုင်ငံ၏ ကျရှုံးမအောင်မြင်ဖြစ်ရမှုများကို ကိုလိုနီခေတ် နိုင်ငံတော် ကျရှုံးခန်းနှင့် ဒုတိယ ကမ္ဘာစစ်၏ အကျိုးဆက်အဖြစ် ခြေရာကောက် တင်ပြထားသည်။ ဦးသန့်မြင့်ဦးက "ဗြိတိသျှတို့အနေဖြင့် ဆက်၍ကျန်နေပြီး စီးပွားရေး နာလံ ထူနိုင် စေရန် ကူညီနိုင်ဖို့ရှိသည်။ သို့သော်လည်း ဤသို့ မဖြစ်ခဲ့သည်မှာ ပြင်ပ အကြောင်းအချက်များကြောင့် မဟုတ်။ အစွန်းရောက် အမျိုးသားရေးလှုပ်ရှားမှု အားကောင်းလာခဲ့ပြီး၊ ၎င်းတို့က မည်သည့်တန်ဖိုးဖြင့် ဖြစ်စေ ဗြိတိသျှတို့ကို မောင်းနှင်ထုတ်ရန် ဆုံးဖြတ်ခဲ့သောကြောင့် ဖြစ်သည်" ဟု ဆိုထား သည်။

မည်သို့ဖြစ်စေ မြန်မာနိုင်ငံက လွတ်လပ်ရေးပြီးချိန်တွင် ဒယီးဒယိုင်ဖြင့် လျှောက်လှမ်းနိုင်ခဲ့သော်လည်း၊ လက်ရှိနိုင်ငံ၏ အခြေ အနေ ကမူ သူ၏အဆိုအရ ၁၉၉ဝ ခုနှစ်များ အဆန်းပိုင်းနှင့် အလယ်ပိုင်းကာလ ပေးလာသည့် အခွင့်အလမ်းကောင်းများကို မဆုပ်ကိုင်မိသည့် ဖြစ်ရပ်သာဟု သုံးသပ်ဖော်ပြထားသည်။ မြန်မာနိုင်ငံကို သူသုံးသပ်ကြည့်သည့်အချိန်က အခြားနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဗီယက်နမ်၊ အခြားသော အာရှကျားများနှင့် အလားအလာ အရ တန်းတူနီးပါး ပြေးနေခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း မြန်မာနိုင်ငံက စီးပွားရေး တံခါးဖွင့်ရာ လမ်းတွင် ကွဲပြားနေသည့်၊ အပျက်လမ်းသို့ ဦးတည်နေသည့် အခက်အခဲများကို ကျော်လွှားနိုင်ခြင်း မရှိခဲ့၊ ပြင်ပကမ္ဘာနှင့် မချိတ်ဆက်နိုင်ခဲ့ဟု ဆိုသည်။

ဤသုံးသပ်ချက်က ပြောရမည်ဆိုလျှင် စာအုပ်တခုလုံး ဖော်ပြထားသည့် ပင်မ အကြောင်းအရာ အတွက် ဖြည့် ဆည်း ထောက်ပံ့ပေးသည့် အဆိုမျှသာ ဖြစ်သည်။ သူဆိုလိုချင်သည့်အချက်မှာ မြန်မာနိုင်ငံနှင့် စစ်တပ်အပေါ် ချမှတ်ထားသည့် ပစ်ဒဏ်ခတ်ပိတ်ဆို့မှု အကျိုးမဖြစ်ထွန်းပုံနှင့် ဆိုးကျိုးသက်ရောက်စေပုံများ၊ ၎င်းနှင့်အတူ တွဲရှိနေသည့် "အနောက်နိုင်ငံ များမှ လူများကြိုက် ကမ်ပိန်းများ"၊ စစ်အစိုးရကို လူဆိုးဗီလိန်ရုပ်ပုံ ဖော်နေပြီး ပို၍ ပြင်းထန်စွာဒဏ်ခတ်ရန် ဆက်လက် တောင်းဆိုနေမှု စသည့်အချက်များက ပို၍ခိုင်မာသည့် ဆက်ဆံမှုများဖြစ်ပေါ်လာစေမည့်ကိစ္စများအပေါ် အထူးသက်ရောက် ရိုက်ခတ်မှု ရှိနေစေသည်ဟု ဆိုသည်။ စာမျက်နှာ အများစု တွင် ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်အပေါ် စိတ်ပျက်မကျေ နပ်မှုများဖြင့် ပြည့်နေသည်။ ၂ဝဝ၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း ကာလတွင် အကူအညီကိစ္စများကို အဟန့်အတား ဖြစ်စေမှုမှ နေ၍၊ မန္တလေးမြို့ကို တရုတ်စွန့်စား စီးပွားရင်းနှီးမြှုပ်နှံသူများ အကြား ပြိုင်ဘက်မရှိ ပေလျကံ ပစ်ထားခဲ့ရမှုများ အဆုံး ပတ်သက် ဖော်ပြထားသည်ကိုတွေ့ရသည်။

ထို့အပြင် ဆက်လက်အားပြိုင်နေဆဲဖြစ်သည့် တိုင်းရင်းသားအင်အားစုများကို သိမ်းကျုံးစုစည်းနိုင်ရေး ဆက်လက် လှုပ်ရှား ကြိုးပမ်းနေနှင့် ပတ်သက်၍လည်း ဦးသန့်မြင့်ဦးက သူ့အမြင်ကို တင်ပြထားသည်။ တဖက်က ပိတ်ဆို့ ဒဏ်ခတ်ထားချိန်တွင် ကုလသမဂ္ဂက ဖြည့်ဆည်းလှုပ်ရှားမည့် ချည်းကပ်မှု ရှိမနေခြင်း၊ ကမ္ဘာ့ဘဏ် အကူအညီများ ရှိမနေခြင်းတို့ကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများအပြီး၊ ၎င်းနှင့်အတူ ဖွံ့ဖြိုးရေးလုပ်ငန်းများ တန်းတူ ယှဉ်၍ လက်တွေ့မလိုက်နိုင် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

စာအုပ်က ပြောလိုသည့် အဓိကအကြောင်းအရာကို ပြန်၍ သွားရမည်ဆိုလျှင် လက်ရှိအိမ်နီးချင်းနိုင်ငံ နှစ်ခုက လုပ်ဆောင်နေပုံမှာ မြန်မာနိုင်ငံကို ဘေဂျင်းနှင့် နယူးဒေလီက လုယက်ခိုးယူနေကြခြင်း ဆိုသည်ထက် ပိုမိုပြောင်မြောင်မည့် စကားအသုံးအနှုန်း မရှိနိုင်တော့ပါ။ မြန်မာနိုင်ငံ ဇာတ်ကြောင်းတလျှောက်လုံးတွင် တရုတ်က ပါဝင် ပတ်သက်နေသော်လည်း၊ အိန္ဒိယကမူ လွမ်းမောစရာ ကိုလိုနီခေတ် အတိတ်က ဆက်နွယ်ခဲ့မှုများ၊ အစော ပိုင်း လူ့ယဉ်ကျေးမှု ဖြစ်ထွန်းစဉ်ကာလ ဆက်သွယ်မှုများမှလွဲ၍ ပြောစရာ မရှိသလောက် ဖြစ်နေသည်။

အာဏာဆက်၍ ကြီးထွားလာနိုင်မှုနှင့် ပတ်သက်၍ ဖော်ပြ ထားချက်များတွင် လုံခြုံမှုမရှိဟု ခံစားနေရသည့် အိန္ဒိယက လုံခြုံ စိတ်အပြည့် ရှိနေသည့် တရုတ်နှင့် ရင်ဆိုင်နေရသည့် ဝန်းကျင်စိတ်ခံစားမှုကို ထင်ဟပ်နေသည်။ တနည်းဆိုရသော် မြန်မာနိုင်ငံ ရှေ့တန်းမျက်နှာ စာအတွက်မူ မြင်ရ သည့်ပုံကား ချပ်မှာ ထိုးစစ်ဆင်နေသည့် အရှေ့အာရှ အင်အားကြီးနိုင်ငံနှင့် ခုခံကာကွယ်နေရသည့် တောင်အာရှ မဟာအင်အားကြီးကို တွေ့မြင်နိုင်သည်။

တရုတ်နိုင်ငံကို နှိုင်းယှဉ်၍ ဖော်ပြရလျှင် ၂၁ ရာစု၏ ပထမဦးဆုံး ဆယ်စုနှစ် တွင် အခြေခံ အဆောက်အဦ စီမံကိန်း များ တည်ဆောက် နေမှုမှာ ပြီးခဲ့သည့် ရာစုနှစ်များရှိ အမေရိကန်ပြည်ထောင်စု၏ စုစုပေါင်း စီမံကိန်းများထက် များပြားနေသည်ကို မြင်နေရသည်။ အိန္ဒိယကမူ သူ့နိုင်ငံနေရာ အနှံ့အပြားတွင် ပင် ခေတ်သစ် အခြေခံ အဆောက် အဦးများ ကင်းမဲ့နေသေး သည်။ "တရုတ်နိုင်ငံ၏ ပြည်နယ်တခု ဖြစ်သည့် (ယူနန်က များမကြာမီတွင် မန္တလေး သို့ အမြန်ပြေး ကျည်ဆံရထားလမ်း ပေါက်တော့မည် ဖြစ်သော်လည်း၊ အိန္ဒိယ ၏ အရှေ့မြောက်ပိုင်း ပြည်နယ်မြို့ ဖြစ်သည့်) အင်ဖာတွင် ကျေးလက်လမ်း မျှသာ ရှိနေသေးသည်" ဟု ဦးသန့်မြင့်ဦးက သူ၏ လေ့လာတွေ့ရှိချက်ကိုဖော်ပြထား သည်။

ယခုအချိန်တွင်မူ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ အတွေ့အကြုံများ၊ လက်ရှိ သူတို့၏ အကျပ်အတည်းများက မြန်မာနိုင်ငံ အတွက်မူ နောက်ထပ် အခွင့်အလမ်း တံခါးပေါက် ဖြစ်နေစေသည်။

လက်ရှိ ဖြစ်နေဆဲ ဖြစ်သလို၊ မြင်သာနေသည့် တရုတ်နိုင်ငံ တိဘက်နှင့် ရှင်ကျန်းဒေသများမှ မတည်ငြိမ်မှုများနှင့် နှိုင်းယှဉ်၍ ယူနန်က လက်ရှိကာလ တွင် တည်ငြိမ်နေမှုကိုလည်း သူက ဆွေးနွေးထားသည်။ ဦးသန့်မြင့်ဦးက တွက်ဆဖော်ပြရာ၌ တိဘက်နှင့် ရှင်ကျန်းတွင် ပြောရလျှင် တသားတည်း လူမျိုးဝိသေသတူ အတိုက်အခံများ ထက်စာလျှင် ယူနန်ပြည်နယ်ရှိ ကွဲပြားနေသည့် ဝိသေသ လက္ခဏာ ပိုင်ဆိုင်ထားသည့် လူမျိုးများအကြား ယှဉ်ကြည့်ပါက လုံခြုံရေးရှုထောင့်ဘက်မှ ကွဲပြားခြားနားမှုများ မြင်နေရသည်ဟု သုံးသပ်သည်။

သို့ဆိုလျှင် မြန်မာနိုင်ငံအတွက် မည်သို့ အဓိပ္ပါယ် ရသနည်းဟု ဆက်၍ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ တရုတ်နိုင်ငံထက် သေးငယ် သည့် ပထဝီဒေသရှိသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား အုပ်စုများကို တသားတည်း ဝိသေသ တူဟု တွက်ချက်မည်လော၊ ရှုပ်ထွေးသည့် ပြဿနာဟု တွက်ဆမည်လောဟု စောကြောစရာ ဖြစ်စေသည်။သေချာ သည်မှာ ဘေဂျင်းအစိုးရအတွက်မူ နေပြည်တော်၏ ခြောက်အိပ်မက်သည် သူတို့အဖို့ ဆိုဗီယက်ယူနီယံမှ ခွဲထွက်ခဲ့သည့် ပြည်နယ်တခု၏ ပြဿနာအဖြစ်သာ မြင်ပေလိမ့်မည်မှာ မလွဲပင်။

တဖန် မြန်မာနိုင်ငံရှိ လက်ငင်း တိုင်းရင်းသားအကျပ်အတည်း အက်ကြောင်းကိုလည်း ဒုတိယကမ္ဘာစစ်ပြီးကာလ သမိုင်းကို သူက ပြန်၍ထောက်ပြပြောဆိုခဲ့သည်။ ဘေဂျင်းက ၁၉၅ဝ ခုနှစ်များတွင် သူ၏နယ်မြေများကို ပြန်၍ ချုပ်ကိုင်ရယူခဲ့ရာ တိုင်းလူမျိုးများ နေရာဒေသများလည်း အပါအဝင် ဖြစ်ခဲ့သည်။ သို့သော်လည်း မြန်မာအစိုးရနှင့် တပ်မတော်ကမူ ဤသို့ အဆုံးအဖြတ်ပေးနိုင်သည့် ကြိုးပမ်းမှုမျိုး မလုပ်ဆောင်နိုင်ခဲ့သလို၊ အစွန်အဖျားရှိ လူမှုအသိုင်းအဝိုင်းမှာ မသိမ်းသွင်းနိုင်ဘဲ သည်အတိုင်း ကျန်နေခဲ့သည်။

ယခုတိုင် မြန်မာနိုင်ငံရှိ ဗဟိုအစိုးရအနေဖြင့် ကျင့်သုံးနေဆဲ လက်ကျန်နည်းဗျူဟာများမှာ အပန်းဖြေ ဥယျာဉ် သဖွယ် တိုင်းရင်းသား များကို လူပြစားသည့် ချည်းကပ်မှုမျိုးသာ ဖြစ်သည်ဟု ဦးသန့်မြင့်ဦးက ဖော်ပြသည်။ တချိန်တုန်းက ဘေဂျင်း အစိုးရက ကွဲပြား သော်လည်း ညီညွတ်သည့်လူထုများအဖြစ် စုစည်း ဂုဏ်ယူဖော်ပြ ခဲ့ကြ သည့် လုပ်ရပ်နှင့်အလားတူ ဖြစ်သည်ဟုဆိုသည်။ ဥပမာ တခု အနေဖြင့် မြန်မာအစိုးရ၏ အုပ်ချုပ်ရေး မြို့တော်နေပြည်တော်တွင် မြန်မာနိုင်ငံတိုင်းနှင့် ပြည်နယ်များကိုယ်စားပြု ဆောက်လုပ်ထားသည့် ဥယျာဉ်ကျယ်ကြီး တခု လည်း ရှိသေးသည်။ အဝင်ဝတွင် မစ်ကီးမောက်စ် ကာတွန်းဇာတ်ကောင်က ကြိုဆိုနေပြီး၊ မြင်းလှည်းဖြင့် နိုင်ငံ၏ တိုင်းနှင့် ပြည်နယ်များကို လှည့်လည်ကြည့်ရှုနိုင်ရန် စီစဉ် ထားသည်။ တိုင်း/ပြည်နယ်ကိုယ်စားပြု အထိမ်းအမှတ် များ အပန်းဖြေ ဆွဲဆောင်မှုအဖြစ် တည်ဆောက်ထားပြီး၊ အမှန်တကယ် ခက်ခဲနက်နဲသည့် ပြဿနာများ၊ ဒေသ အခြေအနေများကို လုံးဝ ထင်ဟပ် နေခြင်း မရှိပေ။

အိန္ဒိယနိုင်ငံအတွက်မူ ဦးသန့်မြင့်ဦးက ၎င်း၏ အရှေ့မြောက်ဒေသကို "မြန်မာပြည်အငယ်စား" ဟု ဖော်ပြပြီး၊ "မည်သူမျှ သူတို့အိန္ဒိယရှိ အဆင့်အနေကို ပျော်ရွှင်မှုမရှိ၊ ဤသို့ လူအားလုံးက ကိုယ်စီခံစားနေရသော်လည်း ဘုံလှုပ်ရှားမှုအဆင့် တိုးတက်လာခြင်း မရှိ" ဟု ဖော်ပြထားသည်။ သူက နာဂလူမျိုးများအတွင်းရှိ အခြေအနေ ကိုလည်း ထပ်၍လေ့လာတင်ပြ ခဲ့သေးသည်။ ၎င်းတို့အတွင်း နိုင်ငံတကာ ထောက်ခံမှုရစေရန် ဖက်ဒရယ်ပြည်ထောင်စု အဖြစ် ပြောဆိုနေကြသော်လည်း လုံးဝ လွတ်လပ်ရေးကို ဖုံးကွယ်ပြောဆိုနေမှုအဖြစ် သူတင်ပြ သည်။ မြန်မာနိုင်ငံတွင်လည်း အလားတူ ဖက်ဒရယ်ပြည် ထောင်စု တည်ထောင်ရန် တိုင်းရင်းသား အုပ်စုများက
ပြောဆိုနေကြသော်လည်း၊ အမှန်သိနိုင်ရန် ခက်ခဲသည်ဟု ဆိုသည်။ ထို့အပြင် နိုင်ငံတွင်းရှိ တိုင်းရင်းသားနှင့်
နိုင်ငံရေးအင်အားစု အမျိုးမျိုးအကြား မညီညွတ်ကွဲပြားနေကြသည်မှာလည်း ငြင်း ဖွယ်မရှိဟု သူက ဆိုထားသေး သည်။

"တရုတ်ပြည်နှင့် အိန္ဒိယတွေ့ဆုံသည့် နေရာ" အမည်ရ စာအုပ်သည် ဖွံ့ဖြိုးမှုဆိုင်ရာ၊ စီးပွားရေး အကျိုးစီးပွား ဆိုင်ရာ၊ နိုင်ငံရေး ပထဝီဖွဲ့စည်းပုံတို့ကြောင့် သက်ရောက်ထိခိုက်မှုရှိရာ ဇာတ်ကြောင်းလည်း ဖြစ်သည်။ နည်းပညာ တိုးတက်လာသည်နှင့်အမျှ ပထဝီအပြောင်းအလဲများ ဖြစ်ပေါ်လာသည်နှင့်အမျှ ဖန်တီးရယူနိုင်သည့် ဖွံ့ဖြိုးရေး ဇာတ်လမ်းဟုလည်း ဖော်ပြထား သည်။ ကျမ်းရိုးနိုင်ငံရေး ကိစ္စများကို ဤဖြစ်စဉ်တွင် သူက တစုံတရာ ထည့်သွင်းဖော်ပြထားသော်လည်း၊ သူ၏နောက်ဆုံး စကားကိုမူ လားရှိုးတွင် သူတွေ့ဆုံခဲ့သည့် တရုတ်စီးပွားရေး လုပ်ငန်းရှင်၏ စကားလုံးများဖြင့်သာ ဖော်ပြရလိမ့်မည် ဖြစ်သည်။ "သူတို့ (မြန်မာ) တွေက ဒီမိုကရေစီ မလိုပါဘူး။ တချက်လေးတောင် မလိုပါဘူး။ သူတို့လိုတာက သူတို့အစိုးရကို ဖွံ့ဖြိုးတိုးတက်စေအောင် လုပ်ဖို့ပါ" ဟု ဆိုသည်။ သူပြောလို သည်ကို အတိအကျ ချုပ်၍ ဖော်ပြထားသလို ဖြစ်နေသည်။ လက်ရှိနေပြည်တော်ရှိ စဉ်းစားချက်ကလည်း ဤအတိုင်းပင် ဖြစ်ဖို့ ရှိနေသည်။

သို့ဆိုလျှင် တရုတ်နှင့် အိန္ဒိယက တဖက်တချက် ဝိုင်းပတ်နေသည့် ၂၁ ရာစု မြန်မာနိုင်ငံကို မည်သို့ တည်ဆောက် ကြမည်နည်း။ ဦးသန့်မြင့်ဦးအတွက်မူ ကွဲပြားနေသည့် ယေဘုယျလမ်းကြောင်း နှစ်ခု ချပြစဉ်းစားခိုင်းဖို့ ရှိနေသည်။

ပထမလမ်းကြောင်းမှာ စီးပွားဒဏ်ခတ် ပိတ်ဆို့မှုကို သက်သေပြုထားသည်။ ဤသို့သော အခြေအနေအောက်တွင်မြန်မာ စီးပွား ရေးက တိုးတက်လာဖို့ ရှိသည်။ သို့သော် ပဋိပက္ခများကို မဖြေမရှင်းနိုင်ဘဲ ကျန်နေပြီး၊ အာရှ၏ လမ်းဆုံ လမ်းခွအသစ်သည် အာရှနိုင်ငံများ၏ ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်ရေးကွန်ရက်တွင် တိုး၍ ဆက်စပ် ချိတ်ဆက်လာမည် ဖြစ်သော်လည်း၊ အန္တရာယ်များ ပြည့်လျှမ်း နေမည့်လမ်းသာ ဖြစ်သည်။ ဒုတိယရွေးလမ်းမှာ အံ့သြဖွယ်မဟုတ်သည့် သူ၏ တောင်းဆိုချက်အဖြစ် ဒဏ်ခတ်ပိတ်ဆို့မှုများကို အမြန်အဆုံးသတ်ရေး ဖြစ်ပြီး၊ သို့မှသာ ညီမျှသည့် ဖွံ့ဖြိုးမှုဖြစ်ပေါ် လာနိုင်မည်ဟု ဆိုသည်။ တပြိုင်တည်းတွင် တိုင်းရင်းသားတို့၏ နစ်နာချက် များကို ဖြေရှင်းပေးသွားပြီး အာရှကမ္ဘာ၏ ဗဟို ချက်မအသစ်အဖြစ်၊ သဟဇာတရှိ ငြိမ်းချမ်းစွာ၊ မတူကွဲပြားသော လူမျိုးများစုစည်း ရပ်တည်နိုင်ရေးပင် ဖြစ်သည်။

မည်သို့သော ရွေးလမ်း အခြေအနေကို ရွေးချယ်သည်ဖြစ်စေ၊ အခြား ထည့်သွင်းတွက်ချက်ရမည့် ကိန်းရှင်များ လည်း အများအပြား ရှိနေသေးသည်။ အခြားထည့်သွင်းစဉ်းစားရမည့် အချက်များတွင် တခုအပါအဝင်ဖြစ်သည့် တရုတ်နိုင်ငံ အနေဖြင့် ပစိဖိတ်သမုဒ္ဒရာတွင် ထူးထူးခြားခြား ခြိမ်းခြောက်မှုများ မကြုံတွေ့ရဘဲ တည်ငြိမ်စွာ စီးပွားဆက်၍ တက်နေဦးမည်ဟု ပွင့်ပွင့်လင်းလင်း မှန်းဆထားခဲ့သည်။ အိန္ဒိယနိုင်ငံအတွက်မူ အထူးသဖြင့် အရှေ့မြောက် ပြည်နယ်များကို စုစည်းရေးအတွက် အဓိကအခက်အခဲများ ရင်ဆိုင်ဖြေရှင်းရန် ကျန်နေသေးပြီး၊ အိန္ဒိယနိုင်ငံ၏ အရှေ့ပိုင်းသည် ကျန်ဒေသများအတွက် စီးပွားဖွံ့ဖြိုးမှုကို ပို၍ခံစားတွေ့ကြုံရသည်ဟု ဆိုသည်။ ထို့အပြင် ဒက္ကာ (ဘင်္ဂလားဒေ့ရှ်) တွင် ရွေးကောက်ပွဲများအပြီး တက်လာသည့် အစိုးရတွင် နိုင်ငံရေးပါတီများ၊ လူပုဂ္ဂိုလ်များက နယူးဒေလီနှင့် ဆက်ဆံရေးတွင် အဆင်မချောသူများ ဖြစ်နေနိုင်သေးသည်။

နောက်ဆုံးအနေဖြင့် ဖော်ပြရလျှင် ဦးသန့်မြင့်ဦး တင်ပြခဲ့သည့် ခရီးလမ်းကြောင်း၊ များစွာသော ယဉ်ကျေးမှုများကို ယခု စာရေးသူ (မိမိ) ကိုယ်တိုင် တွေ့ကြုံခဲ့ရဖူးသူ ဖြစ်သည်။ စာအုပ်ဆုံးသွားသည့်အခါ ကျနော်က တကိုယ်ကောင်း ဆန်ဆန် အမြင်တရပ်ဖြင့် ပြင်းပြင်းထန်ထန် ကျန်ရစ်ခဲ့ရသည်။ ကူမင်းနှင့် ရမ်းဗြဲကျွန်းကို ဆက်သွယ်သည့် ကျည်ဆံရထားကို ကျနော် မြင်လိုပါသလား။ ဒေသတခုလုံးအတွင်း လုံးဝ သိသိသာသာပြောင်းလဲသွားမည့် ဘဝများ၊ ယဉ်ကျေးမှုများကို မြင်တွေ့လိုပါသလား။

မေးခွန်းထုတ်ကြည့်မိသလို မမြင်လိုပါဟု ဖြေမိသည်။ ဤသို့ အနည်းဆုံးသော ခံစားမှုမျှနှင့်ပင် ယနေ့မြန်မာ့ လူမှု အဖွဲ့အစည်းကို ယက်ဖောက်ထားသည့် ဆက်နွယ်မှုများကို ကျော်လွန်လုပ်ဆောင်မည့် အခြေခံ အဆောက်အဦနှင့် ဖွံ့ဖြိုးရေးစီမံချက်များက သက်ရောက်လာမည့် ဆိုးကျိုးများအပေါ် စိုးရိမ်လာမိသလို၊ မြန်မာနိုင်ငံ လုံခြုံရေးကဏ္ဍ အတွက်၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက်၊ များစွာသော တိုင်းရင်းသား အုပ်စုများ အတွက်လည်း စိုးရိမ်ပူပန်နေမိ ပါတော့သည်။

စာအုပ်အမည်– Where China Meets India: Burma and the New Crossroads of Asia (တရုတ်နှင့် အိန္ဒိယတို့ တွေ့ဆုံသည့် နေရာ။ အာရှ လမ်းဆုံလမ်းခွရှိ မြန်မာပြည်)

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,3rd,2011

( 42 )Japan told to gauge human cost of Burma dam

( 41 )EU ပညာရှင်များပါဝင်သည့် ငွေကြေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

( 40 )CPC delegation visits Laos, Nepal, Bangladesh, Myanmar

( 39 )လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှုများ​ စုံစမ်း​ပြီး​မှ ​ရေအား​လျှပ်စစ်စီမံကိန်း​ကို ဂျပန်အစိုး​ရ ကူညီသင့်​ဟုဆို

( 38 )Homemade bomb in Myanmar hits taxi, kills driver

( 37 )ပခုက္ကူ​ရေ​ဘေး​ဒဏ်ခံ ​ကျေး​ရွာအချို့​ အကူအညီမရ​သေး

( 36 )BRIEF-Thai PTTEP keen to bid for Myanmar petroleum fields

( 35 )မဲဆောက်မြို့ CDC အထက်တန်းကျောင်းအနီး လုယက်မှုဖြစ်ပွား

( 34 )Bonita Springs sign ordinance snafu could lead to more billboards

( 33 )ရမ်းဗြဲ ကျောက်နီမော်မီး အိမ်ခြေ ၂၀၀ကို ၀ါးမျို၊ လူပေါင်း ၈၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်

( 32 )Disempowering farmers puts a curse on Burma

( 31 )အိဒ် (ကူရ်ဘင်) ပွဲတော်ရက် နီးကပ်လာသဖြင့် နွားဈေးကောင်း၍ ရခိုင်တွင် နွားခိုးမှု တိုးပွားနေ

( 30 )Karen refugees snub farm, try luck in Tokyo

( 29 )အင်းစိန်းထောင်က အစာငတ်ခံဆန္ဒပြသူ အများစု ဆက်ပြီး ဆန္ဒပြနေဆဲ

( 28 )KIO က တန်းတူရေး ဆွေးနွေးလိုချိန် အစိုးရက အပစ်ရပ်လို

( 27 )Burma's Opium Addiction

( 26 )အမေရိကန် ကိုယ်စားလှယ်တွေ NLD ခေါင်းဆောင်တွေနဲ့ တွေ့မည်

( 25 )ENC chairman urges UN’s Nambiar to address ethnic issues in Burma

( 24 )မြန်မာ့ နိုင်ငံခြားငွေလဲနှုန်း စနစ်အတွက် ပူးပေါင်း ဆောင်ရွက်မည်ဟု IMF ပြော

( 23 )The dilemma for Burma's NLD

( 22 )ထုတ်ပယ်ခံရ ဥက္ကဋ္ဌ

( 21 )IMF Concludes Mission to Burma

( 20 )နယ်ခြားစောင့်တပ်ဖွဲ့ လက်ခံတဲ့ ကချင်ခေါင်းဆောင်တချို့ အစိုးရနဲ့ ငြိမ်းချမ်းရေးယူဖို့ KIO ကို စာပို့

( 19 )Myanmar urged to be more active in Asean

( 18 )အမေရိကန်ဝန်ကြီး HIV ဂေဟာသွား

( 17 )Migrant Workers Struggling to Escape Thai Floods

( 16 )ရမ်းဗြဲ မြို့နယ် မီး အိမ်၂၀၀ ပျက်စီး

( 15 )Lawyer claims drugging by police

( 14 )ငြိမ်းချမ်းရေးကိစ္စ KIO ကို တိုက် တွန်းရန်ကချင်စာပေ နှင့် ယဉ်ကျေးမှုအသင်း ငြင်း

( 13 )China disabled art troupe premieres in Myanmar new capital

( 112 )အကျဉ်းသားစာရင်းကိစ္စ ICRC ကို ၀င်ခွင့်ပေးဖို့ ကင်တားနား တိုက်တွန်း

( 11 )Draft land law denies basic rights to farmers

( 10 )ဦးသန့် အခမ်းအနား Vijay Nambia တက်ရောက်မည်

( 9 )Research and Markets: Myanmar (Burma)

( 8 )သံသယရှိဥပဒေမူကြမ်း တရားရုံးက စိစစ်ရေး ဆုံးဖြတ်ချက် ဥပဒေနဲ့မညီ

( 7 )Burma Must End Discrimination:

( 6 )မလေးဝန်ကြီးချုပ်ဟောင်း မဟာသီယာ ရန်ကုန်ရောက်

( 5 )Burma flood relief teams ‘threatened’

( 4 )ကျောင်းသားတပ်မတော် ၂၃ နှစ်ပြည့် အခမ်းအနား ဖို့ဝိန်းမှာ ကျင်းပ

( 3 )As long as there is growth, there's no problem

( 2 )မြန်မာမှတ်တမ်းတင် ရုပ်ရှင်သစ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာပြမည်

( 1 )Burmese soldiers target Christians in recent attacks

Wednesday, November 2, 2011

အစိုးရတပ်မ ၈၈ ကချင်ပြည်နယ် စေလွတ်

သျှမ်းသံတော်ဆင့်

KIA နှင့် အစိုးရတပ်တို့ နှစ်ဘက်စစ်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်အတွင်းသို့ မကွေးမြို့ အခြေစိုက် တပ်မ ၈၈ လက် အောက်ခံတပ်များ ယခုရက်ပိုင်း အတွင်း ရောက်ရှိလာကြောင်း ခိုင်လုံသည့်စစ်ဘက် အသိုင်းအဝိုင်း အဆိုအရ သိရသည်။

တပ်မ ၈၈ လက်အောက်ခံ နည်းဗျူဟာတစ်ခုနှင့် တပ်ရင်း ၂ ရင်းခန့် မိုးညှင်းမြို့သို့ ရောက်ရှိလာခြင်း ဖြစ်ပြီး အခြား တပ်မ ၄ ခုခန့်ကိုလည်း ကချင်ပြည်နယ်သို့ စေလွတ်ရန် ပြင်ဆင်နေ ကြောင်းစစ်ဘက်နှင့်နီးစပ်သူတစ်ဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း ၂ ရင်း မိုးညှင်း ရောက်နေပြီ နောက်ထပ် တပ်မ ၄၄ ၊ ၆၆ ၊ ၇၇ နဲ့ဘူးသီး တောင် ဘက်က စကခ တစ်ခုထပ်တင်ဖို့လည်း ပြင်ထားတယ် ” ဟု နီးစပ်သူက ဆိုသည်။

ယခုစစ်ပွဲများအတွင်း မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် လက်အောက်ခံနယ်မြေခံတပ်များ စိတ်ဓါတ်ကျဆင်းနေပြီး စစ်တပ် အရာရှိများကို အရေးယူထားကြောင်း သိရသည်။

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများတွင် အစိုးရဘက်မှ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ လက်အောက်ခံ တပ်များပါဝင်ကြောင်း ဒေသခံများကပြောသည်။

ထိုသို့ အစိုးရဘက်မှ စစ်တပ်များစေလွတ်နေသော်လည်း လတ်တလော KIA ထံ ငြိမ်းချမ်းရေးကမ်းလှမ်းမှုများ လည်း ရှိနေကြောင်း သိရသည်။

ပြည်ထောင်စု လွှတ်တော် နာယက ဆုံးဖြတ်ချက် အောက်လွှတ်တော် ပယ်ဖျက်

မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၀၂ ရက် ၂၀၁၁


ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်ခြင်း မရှိသည့် ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက် ပေးရန် အောက်လွှတ်တော်မှ အင်္ဂါနေ့တွင် အဆိုတင်သွင်းရာ အဆိုကို ကန့်ကွက်သူ မရှိ အတည်ပြုလိုက်သည်ဟု လွှတ်တော် အမတ် များက ပြောသည်။

အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် “လွှတ်တော် မှ အတည်ပြုပြီးဖြစ်သည့် ဥပဒေကြမ်းများကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ ပေးပို့ စိစစ်ပြီး ပြီးမှသာ သမ္မတက လက်မှတ်ထိုးပြီး ဥပဒေ အဖြစ် ထုတ်ပြန်ရန်” ဟူသည့် ဦးခင်အောင်မြင့်၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ရန် အောက်လွှတ်တော် အခွင့်အရေး ကော်မတီ ဒေါက်တာစိုးရီမှ အဆို တင်သွင်းခြင်း ဖြစ်သည်။

ဒေါက်တာစိုးရီ၏ အဆိုတွင် “ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ လုပ်ပိုင်ခွင့်မှာ ဥပဒေပြဋ္ဌာန်းပြီးနောက် အငြင်းပွားမှုများ ပေါ်ပေါက် လာမှသာ ခုံရုံးသို့တင်သွင်း၍ ဆုံးဖြတ်ချက် ရယူရမည်။" ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၆) တွင် ပြဋ္ဌာန်း ထားခြင်း ကြောင့် ဦးခင်အောင်မြင့်၏ ဆုံးဖြတ်ချက်သည် အခြေခံ ဥပဒေနှင့် ကိုက်ညီမှု မရှိကြောင်း ပါရှိသည်ဟု လွှတ်တော် အမတ် များ က ပြောသည်။

ယင်းအပြင် ဒေါက်တာစိုးရီက “ လွှတ်တော် နာယကသည် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြီး ဖြစ်သည့်ဥပဒေကြမ်း များကို ဥပဒေ အဖြစ် ထုတ်ပြန်နိုင်ရန် သမ္မတထံသို့ ပေးပို့ရမည်။ ” ဟူသည့် ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ နည်းဥပဒေ အပိုဒ် (၁ဝ၆)တွင် ပြဋ္ဌာန်းထားသည်ကိုလည်း ကိုးကား တင်ပြသွားခဲ့သည်။

ဦးခင်အောင်မြင့်၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးရန် အင်္ဂါနေ့ ဆွေးနွေးရာ အောက်လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းမှလည်း “ပြည် ထောင်စု လွှတ်တော်၏ ဆုံးဖြတ် ချက်သည်၊ လွှတ်တော်၏ ဂုဏ်သိက္ခာကို ထိခိုက် စေနိုင်သည်။” ဟု ဆိုလိုက်ပြီး ယင်းဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လွှတ်တော်အတွင်း ပြန်လည်ကာ “အဆိုတင်သွင်း ဆွေးနွေးမှုပြုနိုင်ခြင်းသည် နိုင်ငံတော်နှင့် လွှတ်တော်၏ ဂုဏ်သိက္ခာကို ပြန်လည်ရရှိသည်။” ဟုထည့်သွင်းဆွေးနွေးသွားကြောင်း ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြပါရှိသည်။

အောက်လွှတ်တော်၏ ပယ်ဖျက်ပြီးနောက် အထက်လွှတ်တော်သို့ တနေ့တည်းတွင်ပင် ပေးပို့အကြောင်းကြား လိုက်သည်။ သို့ဖြစ်၍ ပြည်ထောင်စု လွှတ်တော်တွင် ပြန်လည် ဆွေးနွေးမှုပြုရမှာ ဖြစ်သည်။

ဒေါက်တာစိုးရီ၏ အဆိုကို ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်မှ ဦးဘရှိန်၊ ကြံ့ခိုင်ရေး ပါတီ ဝင်များ ဖြစ်သည့် အမ်းမြို့ မဲဆန္ဒနယ်မှ ဦးသိန်းဆွေ၊ ညောင်တုန်းမြို့နယ် မဲဆန္ဒနယ်မှ ဦးအောင်မြသန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ် ပါတီ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု၊ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဒေါ်ဒွဲဘူတို့မှ ထောက်ခံ ဆွေးနွေးခဲ့ကြသည်။

အမေရိကန်ဝန်ကြီး HIV ဂေဟာ လေ့လာ

ဧရာဝတီ on November 2, 2011

မြန်မာနိုင်ငံတွင် ရောက်ရှိနေသော အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Michael Posner သည် ဒဂုံမြို့သစ်တောင်ပိုင်းရှိ မဖြူဖြူသင်း၏ HIV လူနာ စောင့်ရှောက်ရေးဂေဟာသို့ အင်္ဂါနေ့တွင် သွားရောက် လေ့လာခဲ့သည်။

အ၀တ်အစားတွေ လာလှူတယ်။ အဓိကကတော့ လေ့လာသွားတာပေါ့။ လူနာတွေကိုလည်း အားပေးစကား ပြောသွားတယ်” ဟု ဂေဟာကို ဦးစီးဆောင်ရွက်နေသူ မဖြူဖြူသင်းက ဧရာဝတီကို ပြောသည်။

လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ လိုက်ပါသွားသည့် အရာရှိတဦးကလည်း ဂေဟာရှိ ကိုယ်ဝန်သည် အမျိုးသမီးတဦး အပါအ၀င် လူနာများကို လိုက်လံ နှုတ်ဆက်ခဲ့သည်။

“မွေးဖွားစရိတ်အတွက် ဘာမှ စိတ်မပူနဲ့။ ကျမတို့ တဖက်က ကူညီပေးမယ်။ နေကောင်းအောင် နေပါ” ဟု နိုင်ငံခြားရေးဌာန အရာရှိ Ms. Sarah Buckley-Moore က ကိုယ်ဝန်သည် အမျိုးသမီးကို ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သော အမေရိကန်ပြည်ထောင်စုမှ လွှတ်တော်အမတ်၊ နိုင်ငံခြားရေးဌာန အရာရှိကြီးများသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မဖြူဖြူသင်း ဦးစီး ဆောင်ရွက်နေသည့် HIV လူနာ စောင့်ရှောက်ရေးဂေဟာသို့ သွားရောက်လေ့ရှိသည်။

အမေရိကန်ပြည်ထောင်စု ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Michael Posner သည် မြန်မာနိုင်ငံသို့ ရောက်ရှိသည့်နေ့တွင်ပင် ထိုဂေဟာသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

တချိန်တည်းတွင်ပင် မြန်မာနိုင်ငံသို့ အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိ နောက်တဦး ရောက်လာဦးမည်ဟု သိရသည်။

မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Derek Mitchell သည် မြန်မာနိုင်ငံသို့ ယနေ့ ရောက်ရှိမည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာထားသည်။

၎င်းတို့နှစ်ဦးသည် ခရီးစဉ်အတွင်း မြန်မာအစိုးရ ထိပ်တန်း အရာရှိများ၊ နိုင်ငံတကာအဖွဲ့အစည်းကိုယ်စားလှယ်များ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းများကို တွေ့ဆုံပြီး လူ့အခွင့်အရေး၊ ပြုပြင်ပြောင်းလဲရေးတို့နှင့် ပတ်သက်သည့် အကြောင်းအရာများ ဆွေးနွေးကြမည်ဟု တနင်္လာနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး နှင့် အထူးကိုယ်စားလှယ်တို့၏ ခရီးစဉ်များ သောကြာနေ့တွင် အဆုံးသတ်မည်ဟု ဆိုသည်။

ဓာတ်ပုံများက နိုင်ငံရေးကို ပြောနေသည်

ဧရာဝတီ on November 2, 2011

ဓာတ်ပုံ များက သမိုင်းကို ပြောနေ ကြသည်(Every picture tells the story)ဟူသော သိုးဆောင်း စကား တခွန်း ရှိသည်။

မြန်မာပြည် တွင်တော့ အစိုးရ ရုံးများ၌ ချိတ်ဆွဲ ထားသော နိုင်ငံ့ ခေါင်းဆောင် ဓာတ်ပုံ များက အာဏာ နိုင်ငံရေး ကိုပြော နေကြသည်။

အစိုးရ ရုံးဌာန အဆောက် အအုံများနှင့် စာသင် ကျောင်းများတွင် လက်ရှိ နိုင်ငံ့ ခေါင်းဆောင်၏ ဓာတ်ပုံ ကိုသာ ချိတ်ဆွဲရန် သတ်မှတ် ထားသော်လည်း ယခင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဓာတ်ပုံကို ချိတ်ဆွဲလျက် ရှိနေ သေးသည့် အတွက် လူ အများမှာ စိတ်ရှုပ် ထွေးမှုများ ဖြစ်နေ ကြရသည်။

ကျင်းပ နေဆဲ ပြည်သူ့ လွှတ်တော်၌ အောက်တိုဘာ ၂၁ ရက်နေ့က ရှမ်းပြည်နယ် မိုင်းပန် မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးထွန်းမြင့်ဦး က“အစိုးရရုံး ဌာန နှင့် စာသင် ကျောင်းများ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ် ရေးမှူး ရုံးများ၊ အစည်း အဝေး ခန်းများနှင့် အရာ ထမ်းများ ၏ အခန်း နံရံ များတွင် မြန်မာ့ လွတ်လပ်ရေး ဗိသုကာ အာဇာနည် ခေါင်းဆောင်ကြီး တဦး၏ ဓာတ်ပုံအား ပြန်လည် ချိတ်ဆွဲခွင့် ရှိ မရှိ သိရှိလို ကြောင်း” မေးမြန်းခဲ့သည်။

ယင်း မေးမြန်း ချက်ကို သမ္မတ ရုံး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးမောင်က လက်ရှိ နိုင်ငံ့ အကြီးအကဲ ခေါင်းဆောင် ၏ ဓာတ်ပုံ ကိုသာ ချိတ်ဆွဲရန် သတ်မှတ် ထားကြောင်း ပြန်လည် ဖြေကြား ခဲ့သည်ဟု အစိုးရ သတင်းစာ များ၌ ဖော်ပြ ထားသည်။

သို့ရာတွင် မကြာသေးခင်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော နိုင်ငံခြား သတင်းထောက်များနှင့်လူမှု အဖွဲ့အစည်း ၀န်ထမ်းများက လက်ရှိအချိန်အထိ အစိုးရရုံးဌာနများတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဓာတ်ပုံ ချိတ်ဆွဲထားလျက်ရှိသည်ကိုတွေ့မြင်ခဲ့ရကြောင်း ပြောပြကြသည်။

သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန လက်အောက်တွင် ဖွင့်လှစ်ထားသော စာသင်ကျောင်းများတွင်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဓာတ်ပုံ ချိတ်ဆွဲထားသည်ကို တွေ့ရသည်ဟု ပြည်တွင်းအခြေစိုက် Weekly Eleven ဂျာနယ် ၏ အင်တာနက် စာမျက်နှာတွင် အောက်တိုဘာ ၂၅ ရက်က ရေးသားထားသည်။

မန္တလေးမြို့သို့ မကြာသေးခင်က ရောက်ရှိခဲ့သော နိုင်ငံခြား သတင်းထောက် တဦးကလည်း မန္တလေးရှိ အစိုးရရုံးများတွင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ၏ ဓာတ်ပုံကို တွေ့ခဲ့ရသည်ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရချိန်မှစ၍ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကို အစိုးရရုံးများနှင့်စာသင်ကျောင်း များ၌ ချိတ်ဆွဲလာခဲ့ရာ လူထုအုံကြွမှု အရေးအခင်း ဖြစ်ပွားခဲ့သော ၁၉၈၈ ခုနှစ်အထိ ဖြစ်သည်။

၁၉၈၈ ခုနှစ် နောက်ပိုင်း ဦးနေ၀င်း၏ ဓာတ်ပုံသည် အစိုးရရုံးဌာန အဖွဲ့အစည်းများတွင် ချိတ်ဆွဲထားလျက်ရှိရာ အာဏာသိမ်း စစ် ခေါင်းဆောင်များအပေါ် သြဇာဆက်လက်တည် နေကြောင်း ဝေဖန်သူများက ထောက်ပြပြောဆိုလာ၍ ၁၉၉၀ ပြည့်နှစ်တွင် ၎င်း၏ ဓာတ်ပုံများကို ဖြုတ်ပယ်ရန် ဦးနေ၀င်းက ကြေညာ ခဲ့သည်။

ယင်းသို့ ကြေညာပြီးနောက် ရန်ကုန်မြို့မှ တက်ကြွ လှုပ်ရှားသည့် အထက်တန်း ကျောင်းသားများက ကျောင်းအုပ်ကြီး ရုံးခန်းများတွင် ချိတ်ဆွဲထားသည့် ဦးနေ၀င်း ဓာတ်ပုံများကို ဖြုတ်ချပစ်ခဲ့ကြသည်။

ဦးနေ၀င်းက ကြေညာခဲ့ပြီးနောက်ပိုင်း နှစ်အနည်းငယ်ကြာသည်အထိ ၎င်း၏ ဓာတ်ပုံကို အစိုးရရုံးဌာနများတွင် ဆက်လက် ချိတ်ဆွဲ ထားခဲ့သေးသည်။

ယင်းဖြစ်ရပ်အပြီး တစတစ အာဏာကြီးထွားလာသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဓာတ်ပုံမှာ ၁၉၉၇ ခုနှစ်က စတင်၍ အစိုးရဌာန အဆောက်အအုံများတွင် ချိတ်ဆွဲလာခဲ့သည်မှာ ယနေ့ အထိ ဖြစ်သည်။

သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး သြဇာ တရှိန်ထိုးကြီးမားလာမှုကို မနာလိုမရှုစိမ့်ဖြစ်ရာမှ တိုင်းပြည် လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း၏ ဓာတ်ပုံများကို အာဏာသိမ်း စစ်ဗိုလ်ချုပ်များက နိုင်ငံတော် အဆောက်အအုံများနှင့် အစိုးရ ရုံးခန်းများမှ ဖြုတ်သိမ်းပစ်ခဲ့ကြသည်။

သို့ရာတွင် ပြည်သူများက အထင်ကရနေရာများတွင် တွေ့မြင်လိုသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကို လွန်ခဲ့သည့် ၂ လက သမ္မတ ဦးသိန်းစိန် ၏ နေပြည်တော် ရုံးခန်းတွင် ရုတ်တရက် အံ့သြဖွယ်ရာ တွေ့မြင်လိုက်ရသည်။

သြဂုတ်လ ၁၉ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ စကားပြောသည့် နေပြည်တော်ရှိ သမ္မတရုံးခန်း ၏ နံရံတွင် ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံ ချိတ်ဆွဲထားသည်ကို အစိုးရ ရုပ်မြင်သံကြား သတင်း၌ ဖော်ပြလာသည်ကို တွေ့ရှိရခြင်းဖြစ်သည်။

နီးစပ်သူများ၏ အဆိုအရ ဗိုလ်ချုပ် အောင်ဆန်း တဦးတည်းမဟုတ်၊ ၂၀၀၄ ခုနှစ် အောက်တိုဘာလအတွင်းက ရာထူးမှဖယ်ရှားလိုက်ပြီး အကျယ် ချုပ်ချခံနေသည့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ဓာတ်ပုံ အပါအ၀င် မြန်မာနိုင်ငံ၏ သမိုင်းဝင် ခေါင်း ဆောင်များ၊ အထင်ကရ ပုဂ္ဂိုလ်များ၏ ဓာတ်ပုံများကိုလည်း ဦးသိန်းစိန်၏ ရုံးခန်း၌ ချိတ်ထားကြောင်း သိရသည်။

နောက်ဆုံးကြားသိရသော သတင်းများအရ နိုင်ငံတော် အဆောက်အအုံများနှင့် အစိုးရရုံးခန်းများတွင် ဆက်လက် မချိတ်ဆွဲတော့ သော်လည်း ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံကို လူအများက အမြတ်တနိုး ၀ယ်ယူ သိမ်းဆည်းမှုများ ရှိနေသည်။

အောက်တိုဘာ ၂၉ ရက်နေ့က ရန်ကုန်မြို့ မျှော်စင်ကျွန်း၌ ကပြ ဖျော်ဖြေသော အငြိမ့်ပွဲတွင် မကွေးတိုင်း ပခုက္ကူရှိ ရေဘေး ဒုက္ခသည် များ ရန်ပုံငွေအတွက် ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံများကို ကူညီကယ်ဆယ်ရေးလုပ်နေသူများက ရောင်းချရာ လာရောက် သည့် ပရိသတ်များက ကျပ်၂ သိန်း ဖိုးခန့် ၀ယ်ယူ အားပေးခဲ့ကြကြောင်း သိရသည်။

ခ၀န်ဘန်တိုက်ပွဲမှာ မြန်မာ အစိုးရစစ်သား ၁၀ ဦးကျ

KNG


မန်မော် (ဗန်းမော်)ခရိုင်၊ မိုးမောက်မြို့နယ်၊ ခ၀န်ဘန် (Hka Wan Bang) တိုက်ပွဲတွင် မြန်မာအစိုးရစစ်သား အနည်းဆုံး ၁၀ ဦး ကျဆုံးပြီး အများအပြား ဒဏ်ရာရရှိသည်ဟု မျက်မြင်သက်သေများပြောသည်။

နိုဝင်ဘာလ ၁ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီမှ ၁၁ နာရီအထိ ခ၀န်ဘန် (Hka Wan Bang)နှင့် လော့ဒန် (Law Dan) ကြား မြန်မာအစိုးရတပ်နှင့် KIA တိုက်ခိုက်ကြသည်ဟု ဒေသခံများပြောသည်။

မြန်မာအစိုးရ၏ အမြောက်ဆံကြောင့် KIA ဘက်မှလည်း တပ်သားတစ်ဦးကျဆုံးသည်ဟု မျက်မြင်နှင့် KIA အရာရှိများ ပြောသည်။

၃ ကြိမ်တိုင်တိုင် မြန်မာအစိုးရတပ်က ထိုးစစ်ဆင်လာသော်လည်း KIA ဘက်မှ ကြံ့ကြံ့ခံ ခုခံသဖြင့် KIA ထိန်းချုပ်ရာ လော့ဒန်သို့ မြန်မာစစ်တပ် ၀င်ရောက်လာနိုင်ခြင်းမရှိသေးခြင်းဖြစ်သည်ဟု လော့ဒန် ဒေသခံတစ်ဦးပြောသည်။

တရုတ်နယ်စပ်ကိုဆက်သွယ်ထားသည့် မန်မော်-လွယ်ဂျေကားလမ်းကို မရ ရအောင် သိမ်းပိုက်နိုင်ရန် မြန်မာအစိုးရတပ်မှ ယခုလို ခ၀န်ဘက်မှ မကြာမကြာ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံများနှင့် KIA အရာရှိများပြောသည်။

ဇွန် ၉ ရက် မြန်မာအစိုးရက KIA ကိုထိုးစစ်ဆင်လာပြီးနောက် ယခု ၎င်း တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းအား KIA က ထိန်းချုပ်ထားလိုက်သည်။