Wednesday, November 2, 2011

အစိုးရတပ်မ ၈၈ ကချင်ပြည်နယ် စေလွတ်

သျှမ်းသံတော်ဆင့်

KIA နှင့် အစိုးရတပ်တို့ နှစ်ဘက်စစ်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်အတွင်းသို့ မကွေးမြို့ အခြေစိုက် တပ်မ ၈၈ လက် အောက်ခံတပ်များ ယခုရက်ပိုင်း အတွင်း ရောက်ရှိလာကြောင်း ခိုင်လုံသည့်စစ်ဘက် အသိုင်းအဝိုင်း အဆိုအရ သိရသည်။

တပ်မ ၈၈ လက်အောက်ခံ နည်းဗျူဟာတစ်ခုနှင့် တပ်ရင်း ၂ ရင်းခန့် မိုးညှင်းမြို့သို့ ရောက်ရှိလာခြင်း ဖြစ်ပြီး အခြား တပ်မ ၄ ခုခန့်ကိုလည်း ကချင်ပြည်နယ်သို့ စေလွတ်ရန် ပြင်ဆင်နေ ကြောင်းစစ်ဘက်နှင့်နီးစပ်သူတစ်ဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း ၂ ရင်း မိုးညှင်း ရောက်နေပြီ နောက်ထပ် တပ်မ ၄၄ ၊ ၆၆ ၊ ၇၇ နဲ့ဘူးသီး တောင် ဘက်က စကခ တစ်ခုထပ်တင်ဖို့လည်း ပြင်ထားတယ် ” ဟု နီးစပ်သူက ဆိုသည်။

ယခုစစ်ပွဲများအတွင်း မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် လက်အောက်ခံနယ်မြေခံတပ်များ စိတ်ဓါတ်ကျဆင်းနေပြီး စစ်တပ် အရာရှိများကို အရေးယူထားကြောင်း သိရသည်။

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများတွင် အစိုးရဘက်မှ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ လက်အောက်ခံ တပ်များပါဝင်ကြောင်း ဒေသခံများကပြောသည်။

ထိုသို့ အစိုးရဘက်မှ စစ်တပ်များစေလွတ်နေသော်လည်း လတ်တလော KIA ထံ ငြိမ်းချမ်းရေးကမ်းလှမ်းမှုများ လည်း ရှိနေကြောင်း သိရသည်။

No comments: