မြန်မာဟာ အာဆီယံနဲ့အတူ ပိုမိုတက်ကြွတဲ့ ပူးပေါင်းပါဝင်မှုတွေ လုပ်ဖို့လိုကြောင်း ရန်ကုန် စီးပွားရေးဆွေးနွေးပွဲတခုမှာ မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာက ပြောလိုက်ပါတယ်။နိုဝင်ဘာလ ၂ ရက်နေ့က ကုန်သည်ကြီးများ ဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ဒေါက်တာမဟာသီယာက သူ့ရဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အမြင်များကို ဆွေးနွေးခဲ့တာပါ။
အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးအနေနဲ့ ဒေသအကျိုးစီးပွားအတွက် တသံတည်း အတူတကွရှိကြမယ်ဆိုရင် အောင်မြင်မှုတွေ ပိုမို ရရှိ လာနိုင် မယ်လို့ ပြောပါတယ်။ ဒီဆွေး နွေးပွဲကို မြန်မာ နိုင်ငံက နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် တော်တော် များများ တက်ရောက် လာပါတယ်။
ခရီးစဉ်အတွင်း သူနဲ့အတူ မလေးရှားနိုင်ငံက လုပ်ငန်းရှင်တွေလည်း လိုက်ပါလာပါတယ်။ မြန်မာမလေးရှား စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ ၄ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
မြန်မာနိုင်ငံကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဒေါက်တာမဟာသီယာဟာ မြန်မာနိုင်ငံမှာ သုံးရက်ကြာနေမှာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဒီကနေ့ ညနေပိုင်းမှာ တွေ့ဆုံပါတယ်။
နေပြည်တော်ကို သွားရောက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဖို့ ရှိတယ်လို့လည်း မလေးရှား သံအမတ်က သူ့ခရီးစဉ် မစတင်ခင်က ပြောဆိုထားပါတယ်။
No comments:
Post a Comment