Khonumthung News
မြန်မာနိုင်ငံသို့ တင်ပို့မည့် ရူပီးငွေ သိန်း ၄၀၀ ကျော်တန်ဖိုးရှိ (Red Sander Wood) သစ်နီများကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ် အာဏာပိုင်များက ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့က ဖမ်းဆီးခဲ့သည်။
မီဇိုရမ် နယ်စပ်မြို့ Champhai ခရိုင်သစ်တောဌာန၀န်ထမ်းများက သစ်နီ Quintal 90 ခန့် တင်ဆောင်လာသော ကုန်ကား MZ-04 2839တစီးကို အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ အဆင်း ကျန်ဖိုင်းမြို့မှ ၁၅ ကီလိုမီတာအကွာ Melbuk နှင့် Mualkawi ကျေးရွာ ကြားတွင် နံနက် ၁၁ နာရီခန့်ကဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယင်းသစ်နီများကို အိန္ဒိယနိုင်ငံ Andra Pradesh မြို့နယ် မှ သယ်ဆောင်လာပြီး မီဇိုရမ်ပြည်နယ်ရှိ Vairengte၊ Kolasib နှင့် အိုင်ဇောလ် စစ်ဆေးရေးဂိတ် များကို ဖြတ်ကျော်လာပြီး အိုင်ဇောလ်မြို့ Rangvamual ရပ်ကွက်တွင် တခြားကားပေါ် ပြန်တင်ပြီး သယ်ဆောင် လာခြင်းဖြစ်ကြောင်း ဒေသထုတ် သတင်းစာတွင်ဖော်ပြထားသည်။
သစ်နီ ပိုင်ရှင်မှာ တဦးတယောက်တည်းမဟုတ်နိုင်ကြောင်း အာဏာပိုင်များက ယူဆထားသော်လည်း အသေးစိပ်ကိုမူ စုံစမ်းဆဲဖြစ်သည်။
Red Sander Wood ဟုခေါ်သော သစ်နီသည် ရှားပါးပြီး အဖိုးတန် ဖြစ်သောကြောင့် သက်ဆိုင်ရာ အိန္ဒိယ နိုင်ငံ အစိုးရများ၏ ခွင့်ပြုချက်မရဘဲ ခုတ်ယူ ရောင်းချပိုင်ခွင့်မရှိကြောင်းသိရသည်။
သစ်နီများကို အိန္ဒိယနိုင်ငံ Kerala, Andra Pradesh, Tamil Nadu, Karnataka စသည့်ပြည်နယ်အသီးသီး တို့တွင် တွေ့နိုင်ပြီး၊ ရေမွှေး၊ ဆေးဝါး နှင့် nuclear reactor များပြုလုပ်ရာတွင် အသုံးဝင်ကြောင်း ပြောကြသည်။
နိုင်ငံတကာပေါက်ဈေးအရ သစ်နီ ၁ ကီလိုဂရမ်လျင် ရူပီး ၅၀၀၀ ခန့်ရှိပြီး ယခုဖမ်းဆီးထားသော သစ်နီများ၏ တန်ဖိုးမှာ ရူပီးသိန်း ၄၅၀ ခန့်ရှိသည်ဟု သိရသည့် အပြင် အိန္ဒိယမှ မြန်မာပြည်သို့ မှောင်ခိုတင်ပို့လေ့ရှိသည့် သစ်နီများကို တရုတ်ပြည်သို့ထပ်မံ ရောင်းချလေ့ရှိကြောင်း ကုန်သည်များက ဆိုကြသည်။
No comments:
Post a Comment