
ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံ တန်ဖရဲတွင် အစိုးရ ရွှေလုပ်ကွက် စွန့်ပစ်မြေစာပုံပေါ် ရွှေကျင်သူ ကချင်အမျိုးသား ၆ ဦး ဖမ်းဆီးခံရကာ ကျပ်တစ်သိန်းခွဲ စီ ဒဏ်ငွေချမှတ်ခံရသည့်အတွက် ရွေးထုတ်ရန် ငွေကြေးခက်ခဲနေသည်ဟု ၎င်းတို့၏ ဆွေမျိုးများက ပြောသည်။
မြစ်ကြီးနားမြို့နယ် အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင်ခံထားရသူများမှာ လမိုင်အောင်(Slg. Lamai Awng)၊ အူဂ လခွန်း(Slg. Uga La Hkun)၊ အူဂ အန်တူး (Slg. Uga An Tu)၊ အင်ဘရိုင်ဂမ် (Slg. Nbrai Gam)၊ မိဂန်အောင် (Slg. Mi gang Awng)၊ လဖိုင်တူးဂျာ (Slg. Lahpai Tu Ja) တို့ဖြစ်သည်ဟု သိရသည်။
၎င်းတို့အား မြို့နယ်အုပ်ချုပ်ရေးမှူး ငြိမ်းထွန်းကျော်၊ အမှတ် (၁) ရဲစခန်းမှူး၊ လူဝင်မှုကြီးကြပ်ရေး၊ သတ္တုတွင်းနှင့် သစ်တောရေးရာဝန်ကြီးဌာနများမှ ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။
ယခုကဲ့သို့ မဖမ်းဆီးခင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ “မြစ်ကြီးနားမြို့၊ တန်ဖရဲကျေးရွာအုပ်စုတွင် တရားဝင် ရွှေသတ္တု တူးဖော်ရန် ခွင့်ပြု ထားသည့် ခါကာဘိုကုမ္ပဏီမှလွဲ၍ ကျန်ရှိသော တန်ဖရဲမြစ်ဆုံဒေသတွင် ရွှေသတ္တုတူးဖော်နေသူများ၊ နေထိုင်သူများ၊ လူနေ အဆောက် အဦးများ၊ ဈေးဆိုင်တန်းများသည် သတ်မှတ်လုပ်ငန်းခွင်နယ်နမိတ်အတွင်းမှ (၁၀-၁၀-၂၀၁၁) ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာရန်နှင့် သတ်မှတ်ထားသောရက်အတွင်း ထွက်ခွာမှုမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ကြေငြာအပ်ပါသည်။” ဟု ထုတ်ပြန်ခဲ့သေးသည်။
လတ်တလော ရေကာတာစီမံကိန်းဆိုင်းငံ့ထားသော်လည်း ယခင်က စီမံကိန်းကြောင့် ကျေးရွာပြောင်းရွေ့ခဲ့ရသည့် မြစ်ဆုံ တန်ဖရဲ ဒေသတွင် ယခုအခါ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ခါကာဘို သတ္တုတူးဖော်ရေးကုမ္ပဏီတို့ အကျိုးတူဖက်စပ် ရွှေတူးဖော်နေခြင်းလည်း ဖြစ်သည်။
No comments:
Post a Comment